💕ချစ်သောကိုကို💕
💖အခန်း(၇)💖"ခွပ်..."
"အ..."
"ဟင်... ရှိန်း..."
ရုတ်တရက်ရောက်လာကာ ဝဏ္ဏကို လက်သီးဖြင့်ထိုးလိုက်တဲ့ရှိန်းကြောင့် သူတို့တွေအားလုံး အ့ံသြသွား လေသည်။
ဝဏ္ဏရဲ့နှုတ်ခမ်းကနေ သွေးတွေစို့လာလေတော့သည်။ ဝဏ္ဏ နှုတ်ခမ်းကိုလက်နဲ့အသာထိလိုက်မိတော့ စပ်ကနဲဖြစ်သွားကာ ရှိန်းကိုကြည့်လိုက်ပြီး
"ရှိန်း မင်း... ဒါဘာလုပ်တာလဲ..."
ရှိန်းရဲ့မျက်နှာက ဒေါသထွက်နေသဖြင့် နီရဲနေလေသည်။
"အရိပ် ဘယ်မှာလဲ..."
သူငယ်ချင်းတွေအားလုံးရဲ့အကြည့်တွေကလည်း ရှိန်းဆီမှာသာ တအ့ံတသြဖြင့် နားမလည်စွာ ရောက်ရှိနေကြသည်။
"ဘာ... ဘယ်သူ..."
ရှိန်း ပိုပြီးဒေါသထွက်သွားကာ ဝဏ္ဏရဲ့အကျႌလည်ပင်းကို ဆောင့်ဆွဲလိုက်ပြီး
"မင်း ခုနက အရိပ်ရဲ့လက်ကိုဆွဲပြီး ဘာစကားတွေပြောတာလဲ..."
ကန်တင်းမှာ လူများနေတဲ့အချိန်ဆိုတော့ အကြည့်တော်တော်များများက သူတို့ဆီမှာသာရောက်နေကြ လေသည်။
"ဘာ... မင်း ဘာတွေပြောနေတာလဲ ရှိန်း... မင်းပြောနေတာတွေ ငါ ဘာမှနားမလည်ဘူး..."
သူငယ်ချင်းတစ်ယောက်က ရှိန်းရဲ့လက်ကိုဆွဲလိုက်ကာ
"ဟုတ်တယ် ရှိန်း... ငါတို့လည်း နားမလည်ဘူး..."
"ဝဏ္ဏ ကျောင်းကိုအခုမှရောက်တာ... သူနဲ့ငါတို့တောင် ကျောင်းပေါက်ဝမှာတွေ့လို့... ဆွေးအရိပ်က မင်းနဲ့အတူတူရှိနေတာမဟုတ်ဘူးလား..."
"ဟင်..."
ရှိန်း ဘယ်သူ့စကားကိုယုံရမှန်းတောင်မသိဘူး။ ဒါဆို သူ့ကို မင်းတိမ်လွှာ တစ်ပတ်ရိုက်သွားတာလား...။
ဝဏ္ဏ သူ့အကျႌလည်ပင်းကို ဆုပ်ကိုင်ထားတဲ့ ရှိန်းရဲ့လက်တွေကို ဆွဲဖယ်လိုက်ကာ
"မင်း တစ်ခုခုတော့မှားလာပြီ ရှိန်း... ဘာလဲ... ငါက အရိပ်ရဲ့လက်ကိုဆွဲပြီး ရည်းစားစကားပြောနေတယ်လို့ မင်းကို တစ်ယောက်ယောက်က ပြောလိုက်လို့လား..."
"ဟင်... မင်းသိနေတာလား..."
ရှိန်း ဝဏ္ဏကိုအ့ံသြသလိုကြည့်ကာမေးလိုက်တော့ ဝဏ္ဏ အသာလေးပြံုးလိုက်ကာ
"အဲ့ဒါနဲ့ပဲ မင်းက တကယ်ထင်ပြီး ငါ့ဆီရောက်လာပြီး အခုလိုမျိုးထိုးတာပေါ့ ဟုတ်လား ရှိန်း... ငါ အရိပ်ကိုချစ်နေတယ်ဆိုတာကို မင်းယုံနေတယ်..."
တိမ်လွှာ့မျက်နှာမှာ ရှက်သလိုလိုဖြစ်သွားလေသည်။ လူတစ်ယောက်ရဲ့စကားကို သူအယုံလွယ်ခဲ့မိသည်။ အဲ့ဒီ့လူက မင်းတိမ်လွှာဖြစ်နေတော့ သူ ပိုပြီးစိတ်တိုမိသွားလေသည်။
"တောက်..."
"ဆောရီး ရှိန်း... မင်း ငါ့ကိုအဲ့လိုအထင်လွဲပြီး ထိုးခဲ့တဲ့အတွက် ငါ မင်းကိုစိတ်မဆိုးပါဘူး... ဘာလို့လဲဆိုတော့ မင်းထင်နေသလိုပဲ ငါ အရိပ်ကို သဘောကျနေခဲ့တာ..."
"ဘာ..."
"ဝဏ္ဏ မင်း ရှိန်းကို ဘာတွေလျှောက်ပြောနေတာလဲ..."
သူငယ်ချင်းတစ်ယောက်က စိုးရိမ်စွာဖြင့် သူ့ပခုံးကိုတို့ကာ ပြောနေပေမယ့် ဝဏ္ဏ စိတ်မဝင်စားနိုင်တော့။ ထင်နေမယ့်အတူတူတော့ အဲ့ဒါဟာအမှန်တရားပါဆိုတာကိုတော့ ရှိန်းသိအောင် ပြောပြရတော့မှာပဲ။
"ဟုတ်တယ် ရှိန်း... ငါ အရိပ်ကို သဘောကျနေခဲ့တာ ဟိုးအရင်ကတည်းက..."
"ဝဏ္ဏ မင်းပါးစပ်ပိတ်ထားစမ်း..."
"အစကတည်းက မင်းနဲ့သူငယ်ချင်းဖြစ်ချင်ပါတယ်ဆိုပြီး တောင်းဆိုခဲ့တာတွေ... မင်းရဲ့ဗိုလ်ကျမှုကို အမြဲတမ်း သည်းခံခဲ့တာတွေ... အဲ့ဒါတွေက ဘာအတွက်လို့များ မင်းထင်နေခဲ့တာလဲ..."
ရှိန်း ဝဏ္ဏ ပြောနေတာတွေကို နားမလည်နိုင်သလို ယုံလည်းမယုံနိုင်ခဲ့။ ဒါဆို တိမ်လွှာပြောသလိုမျိုးပဲ ဝဏ္ဏက အရိပ်ကို...
"မင်း အရိပ်ကို ငါတို့နဲ့ စပြီးမိတ်ဆက်ပေးတဲ့အချိန်ကတည်းက ငါ အရိပ်ကို သဘောကျခဲ့တာ... အဲ့ဒါကြောင့်လည်း မင်းရဲ့ဘေးမှာ ငါ သည်းခံပြီးနေခဲ့တာ ရှိန်း... အခုတော့ ငါထင်တာတွေ ဖြစ်လာခဲ့ပြီ..."
ဝဏ္ဏက မငြင်းတော့ဘဲ အမှန်အတိုင်းပြောလာတော့လည်း သူ ဘာလုပ်လို့ဘာလုပ်ရမှန်းမသိတော့ပေ။
"အခု မင်းကို ဘယ်သူက အဲ့လိုပြောလိုက်လဲတော့မသိဘူး... ဒါပေမယ့် ငါပြောချင်တာတစ်ခုက အဲ့ဒီ့လူလည်း အရိပ်ကို..."
"တော်တော့ ဝဏ္ဏ..."
ရှိန်း အော်လိုက်သဖြင့် ဝဏ္ဏဆက်မပြောတော့ဘဲ ပြံုးပဲပြံုးနေလေတော့သည်။
"မင်း ဒီလောက်ပြာယာခတ်တာကို ငါ မတွေ့ဖူးသေးဘူး ရှိန်း... အရိပ်အတွက်မပြောနဲ့ မင်းကြိုက်နေတဲ့ ကောင်မလေးတွေအတွက်တောင်မှ မင်းအခုလို ပြာယာခတ်ခဲ့တာမဟုတ်ဘူး... အခု မင်းပုံစံက ဘာနဲ့တူနေလဲသိလား... အရိပ်က မင်းကောင်မလေးမို့လို့ ငါ့ကိုရန်လာရှာနေတဲ့ပုံစံနဲ့တူနေတယ်..."
ဝဏ္ဏ ရှိန်းကို စကားတွေ တရစပ်ပြောနေတော့သည်။ ဝဏ္ဏ သူ့ကို ဘယ်တုန်းကမှ ဒီလောက်အထိ စကားအကြာကြီးမပြောခဲ့။
"ဝဏ္ဏ မင်းကို အခုလိုပြောလို့ မင်း စိတ်မဆိုးနဲ့ ရှိန်း... ဝဏ္ဏထင်နေတာတွေက အမှားတွေဆိုတာ မင်းသက်သေပြလိုက်ပါ... မင်း အရိပ်အပေါ်မှာ ဘာစိတ်မှမရှိခဲ့ဘူး... သူက မင်းအတွက် ကော်ရုပ်မလေး တစ်ရုပ်သာသာပဲဆိုတာ မင်းပြောပြလိုက်ပါ ရှိန်း..."
ရှိန်း နှုတ်ဆိတ်သွားမိလေသည်။ သူတို့ပြောသလိုပဲ အရိပ်က သူ့အတွက် ကော်ရုပ်လေးတစ်ရုပ်လား...? ဟင့်အင်း... အဲ့ဒီ့မေးခွန်းအတွက် သူ့မှာအဖြေမရှိဘူး။ သူ သိလည်းမသိချင်ဘူး။ သူသိထားတာက အရိပ်က သူ့အတွက်မရှိမဖြစ်ဘဲ။ သူ ရည်းစားတွေအများကြီးထားခဲ့တယ်... ဒါပေမယ့် ဘယ်သူ့ကိုမှ အရိပ်လောက် သံယောဇဉ်မရှိဘူး။ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်သာ ပြောင်းသွားခဲ့တာ... သူ့နားမှာ အရိပ်ကတော့ အမြဲတမ်းရှိခဲ့တယ်... အရိပ်က သူ့နားမှာ တစ်သက်လုံးရှိနေမယ်ဆိုတာလည်း သူ ယုံတယ်။
"ရှိန်း..."
ရှိန်း သူတို့ကိုကြည့်ကာ ခေါင်းရမ်းလိုက်ပြီး
"မဖြစ်ဘူး... အခုချိန်လောက်ဆို အဲ့ဒီ့နေရာမှာ အရိပ်နဲ့မင်းတိမ်လွှာတို့ တွေ့နေလောက်ပြီ..."
"ဟင်... ဘယ်သူ..."
"မင်းတိမ်လွှာ..."
ရှိန်း သူတို့ရှေ့ကနေထွက်သွားပေမယ့် သူတို့တွေကတော့ ခေါင်းချင်းဆိုင်ကာ အ့ံသြနေဆဲ...။
"မင်းတိမ်လွှာနဲ့ဆိုရင် ငါတို့လိုက်သွားမှဖြစ်မယ်..."
"ဟုတ်တယ်..."
ဝဏ္ဏရဲ့စကားကို အားလုံးကထောက်ခံလိုက်ကြလေသည်။
💕💕💕💕💕💕💕
"အား... ကျွတ်... ကျွတ်... ဗိုက်က အခုထိနာတာမပျောက်သေးဘူး... ငါကြာနေလို့ ကိုလေးက ငါ့ကိုပြောတော့မှာပဲ..."
ဆွေး ဗိုက်ကိုအသာလေးပွတ်ကာ ပြောလိုက်မိလေသည်။ ဒီနေ့မှဘယ်လိုဖြစ်တယ်မသိဘူး မိုးလင်း ကတည်းက ဗိုက်ကနာနေခဲ့တာ။ ဗိုက်က ရစ်ပြီးနာနေတာဆိုတော့ ဘာတွေအစားမှားမှန်း ဆွေးမသိပါ။
ဖြစ်ချင်တော့ ဒီနေ့မှ ကိုလေးက ဆွေးကိုအလုပ်တစ်ခုခိုင်းခဲ့သည်။ အဲ့ဒါကတော့ စာကြည့်တိုက်ထဲက မမကိုစာသွားပေးခိုင်းခဲ့တာပဲဖြစ်သည်။ ဘာစာလဲတော့ ဆွေးလည်းမသိ။ ရည်းစားစာပဲနေမှာပေါ့။ မိန်းကလေးတွေကို စာတွေပေးရလွန်းလို့ မိန်းကလေးတော်တော်များများရဲ့နာမည်တွေကိုတောင်မှ အလွတ်နီးပါးရနေခဲ့ပြီ။ ဒီမမက ဘယ်သူလဲတော့ ဆွေးမသိပါ။ ဒါပေမယ့် တော်တော်တော့ချောတာပဲ။
ဒီမမကဘယ်သူမို့လို့ ကိုလေး ဆွေးကို အဲ့ဒီ့မမရဲ့နာမည် ဘာလို့မပြောတာလဲတော့ ဆွေးလည်းမသိပါ။ ကြည့်ရတာ ဒီစာကို ဒီမမကနေတဆင့် တခြားတစ်ယောက်ကိုပေးခိုင်းတာထင်တယ်။ အဲ့ဒီ့မမက တခြားမိန်းကလေးတွေလိုမဟုတ်ဘဲ ဒီစာကိုမငြင်းဘဲယူခဲ့တာ။ ကိုလေးနဲ့ ဒီမမကြားထဲမှာ အကြောင်း တစ်ခုခုတော့ရှိရမယ်။
"အား..."
ဗိုက်ကနာလာသဖြင့် ဆွေး လမ်းလျှောက်နေရင်းနဲ့ ခနရပ်လိုက်မိလေသည်။ ကိုလေး ထိုင်စောင့်နေတဲ့ နေရာနဲ့လည်း သိပ်မဝေးတော့သဖြင့် ဆွေးလှမ်းကြည့်လိုက်ရာ ဆွေးလာနေတဲ့လမ်းကို ကျောခိုင်းပြီး ထိုင်နေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရ၏။ စတိုင်ဘောင်းဘီကော်ဖီရောင်ကိုမှ အထဲကအကျႌက ဘာအရောင်မှန်းတော့ ဆွေးမသိပါ။ အပေါ်ကထပ်ဝတ်ထားတဲ့ ငှက်ခါးရောင် ကုတ်အကျႌရှည်နဲ့တော့ နောက်ကနေကြည့်ရတာ အတော်လေးလိုက်ဖက်လွန်းပါတယ်။ နောက်ကနေကြည့်ရတာတော့ ကိုလေး မဟုတ်ဘူး။ ကိုလေးက အဲ့လောက်ရှည်တဲ့ ကုတ်အကျႌကိုဝတ်လေ့ရှိတာမဟုတ်။
ရှိန်း မဟုတ်မှန်းလည်းသိလိုက်ရော ဆွေး ကြောက်သွားလေသည်။ ဗိုက်နာနေတဲ့ ဝေဒနာတောင်မှ ပျောက်သွားသလိုလို။ ခုံတန်းနားကိုရောက်ခါနီးမှ ခြေလှမ်းတွေက တန့်နေမိသည်။
"ကိုလေးကဘယ်ရောက်သွားတာလဲ..."
လူစိမ်းဆိုတဲ့အသိကြောင့် ဆွေး ကြောက်မိသွားတာတော့အမှန်ပါ။ ဒါပေမယ့် ကိုလေးက တခြားအရေးကြီး ကိစ္စရှိလို့ သူ့သူငယ်ချင်းတစ်ယောက်ယောက်ကို ထားခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ။
ဆွေး ရှေ့ဆက်သွားရင် ကောင်းမလား၊ မကောင်းဘူးလား စဉ်းစားနေမိလေသည်။
တိမ်လွှာ သူမရဲ့အရိပ်လေးကို လှမ်းမြင်နေရတာတောင်မှ ဘာလို့မှန်းမသိ စိတ်တွေလှုပ်ရှားကာ ရင်တွေ ခုန်နေမိလေသည်။ ကိုကိုကတော့ ဘယ်လိုနေမလဲမသိ။ သူမက ကိုကို့ကိုကြည့်ကာ ဆက်လျှောက် မလာဘဲ ရပ်နေ၏။ ကိုကို့ကို နတ်ဆိုးမဟုတ်မှန်းတော့ ဆွေးအရိပ်က သိနေသည်။ ဒါပေမယ့် ဘယ်သူမှန်း မသိသဖြင့် အနားမကပ်ရဲတာလည်းဖြစ်နိုင်တယ်။ ဟော... သွားပြီ။ သူကြည့်နေရင်းကနေ သူမက ကိုကိုထိုင်နေတဲ့ ခုံတန်းအနားသို့ ဖြည်းဖြည်းချင်း ကပ်သွားလေသည်။
ဆွေးရဲ့ခြေသံကိုလည်း သူကြားပုံမပေါ်ပေ။ ခြေထောက်တစ်ဖက်အပေါ်ကို ခြေထောက်တစ်ဖက်ကို တင်ကာ ထိုင်နေ၏။ သူ့မျက်နှာက နှာခေါင်းစည်းကိုလည်းစည်းထားပြီး ခေါင်းပေါ်မှာလည်း အနက်ရောင် ဦးထုပ်တစ်လုံးကို ဆောင်းထားသေးသည်။
"ဒီမှာရှင့်..."
သစ်ရွက်ခြောက်တွေပေါ် နင်းလျှောက်လာတဲ့ သူမခြေသံကိုကြားလိုက်ကတည်းက ခရာ့ရင်ခုန်သံတွေဟာ ပိုပိုပြီးမြန်ဆန်လာခဲ့လေသည်။
"ရှင်က ကိုလေးရဲ့သူငယ်ချင်းလား..."
သူမပြောတဲ့ ကိုလေးဆိုတာ ညီပြောတဲ့ နတ်ဆိုးကိုပြောတာဖြစ်မည်။ ဒါပေမယ့် သူ့အနေနဲ့တော့ စိတ်ဝင်စားမှုမရှိပါ။
"ဆွေး..."
ဆွေး အ့ံသြသွားကာ မျက်ခုံးလေးတွေ ပင့်သွားတော့သည်။ ဒီအသံကို ဆွေး ရင်းနှီးနေတယ်။ နောက်ပြီး သူက ဆွေးကိုလည်း ဆွေးလို့ တရင်းတနှီးခေါ်နေတာဆိုတော့။ သူ ဆွေးကိုသိနေတာလား။
"ရှင်ဘယ်သူလဲ..."
"ကိုယ်ဘယ်သူလဲဆိုတာထက် မင်းက ကိုယ့်နှလုံးသားရဲ့သီးသန့်ပိုင်ရှင်လေးဆိုတာကို အရင် ပြောပြပါရစေ..."
ဘာလို့မှန်းမသိ ဆွေး စိတ်တွေလှုပ်ရှားလာတော့၏။ သူပြောတဲ့အဓိပ္ပါယ်ကို ဆွေးနားမလည်ပါ။ သူ့နှလုံးသားရဲ့ သီးသန့်ပိုင်ရှင်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နောက်ပြီး သူက ဘယ်သူလဲ။
"ရှင်က ကိုလေးရဲ့သူငယ်ချင်းမဟုတ်ဘူးလား..."
"ဟင့်အင်း..."
"ကျေးဇူးပြုပြီး ခနလောက်ထိုင်ပေးလို့ရမလား ဆွေး..."
အသံနဲ့အတူ သူမဘက်သို့လှည့်လာတဲ့မျက်နှာတစ်ခု။ သူမျက်မှန်ကိုချွတ်လိုက်တော့ ဆွေး မျက်လုံးပြူးသွား တော့သည်။ ဒီမျက်ဝန်း... ဒီအကြည့်တွေ...
"မင်း ကိုယ့်ကိုသိလား..."
သူမေးတာကို ဖြေတာမဟုတ်ဘဲ... ဆွေး ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းကို အသာရမ်းလိုက်လေသည်။ ဟင့်အင်း... မဖြစ်နိုင်ဘူး။
ခရာ မျက်မှန်ကိုချွတ်ပြီးတော့ မဆိုင်းမတွပင် Mask ကိုပါ ချွတ်လိုက်လေသည်။ ဝိုင်းစက်နေတဲ့ သူမမျက်ဝန်းတွေဟာ ပိုပြီးပြူးကျယ်လာသလို ပါးစပ်ကလည်း အ့ံအားသင့်စွာ ပွင့်ဟလာတော့သည်။
"ရှင်... ရှင်က..."
"ဟုတ်ပါတယ် ဆွေး... ကိုယ်က ရုပ်ရှင်သရုပ်ဆောင် အက္ခရာမောင် ပါ..."
"ဟင်..."
ဆွေး ကိုယ့်မျက်လုံးကိုယ်လည်း မယုံနိုင်သေး။
"ကိုယ်တို့ ကားပါကင်မှာ တစ်ခါဆုံဖူးပါသေးတယ်... ကိုယ့်ကားနဲ့ ဆွေးကို တိုက်မိမလိုဖြစ်သွား ခဲ့တာလေ..."
ဆွေး သူပြောနေတာတွေကို တကယ်ပဲမယုံနိုင်ခဲ့ပေ။ အဲ့ဒါကြောင့် သူမစိတ်ထဲမှာ ဒီအကြည့်... ဒီအသံတွေကို ရင်းနှီးတယ်လို့ ထင်နေခဲ့တာလား။
"အဲ့ဒီ့နေ့ကတည်းက ကိုယ့်ရင်ထဲမှာ ဆွေးကို စွဲလမ်းသွားခဲ့မိတယ်..."
"အို..."
ရှင်းသန့်ကြည်လင်နေတဲ့ သူ့မျက်နှာကိုကြည့်ကာ ဆွေး ဘာပြန်ပြောရမှန်းမသိခဲ့။
"ကိုယ် ပွင့်ပွင့်လင်းလင်းပဲပြောပါရစေတော့ ဆွေးရယ်... ကိုယ် ဆွေးကိုချစ်တယ်..."
"ရှင်..."
ဆွေး အလန့်တကြား နောက်သို့ဆုတ်လိုက်မိလေသည်။
ခရာ ချက်ချင်းမတ်တပ်ရပ်လိုက်ကာ ဆွေးကိုတားသလို လက်ကိုကာထားလိုက်ကာ
"ဆွေး... မသွားပါနဲ့နော် ကိုယ်တောင်းပန်ပါတယ်... ကိုယ် ဆွေးကိုရင်ဖွင့်ပါရစေ... ကိုယ့်ဘဝမှာ ဘယ်မိန်းကလေးကိုမှ ချစ်ဖူးခဲ့တာမဟုတ်ပါဘူး..."
ဆွေး ရင်တွေပါတုန်လာတော့လေသည်။ သူ ဆွေးကို ရည်းစားစကားပြောနေတာပဲ။ သူ့လိုလူမျိုးက ဆွေးကိုချစ်တယ်တဲ့လား... အို မဖြစ်နိုင်တာ...
"ဆွေး မယုံဘူးလား... ကိုယ် ကျိန်ပြောပြပါရစေ..."
ခရာ သူ့ကိုကျောခိုင်းထားတဲ့သူမကိုကြည့်ကာ ဒူးထောက်ချလိုက်လေသည်။
တိမ်လွှာ ကိုကို့ကိုကြည့်ကာ မျက်လုံးပြူးသွားတော့၏။ ကိုကို ဘာလုပ်တာလဲ။ လူရှင်းနေတဲ့နေရာမိုလိ့ု့သာ တော်သေးသည်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိ။ နတ်ဆိုးလည်း ကန်တင်းမှာ ဘာဖြစ်နေပြီလဲမသိ။
ခရာ မြေကြီးအနည်းငယ်ကို လက်နဲ့ဆုပ်လိုက်ကာ
"ကိုယ် မိုးမြေကိုတိုင်တည်ပြီး ကျိန်ဝ့ံပါတယ် ဆွေးရယ်... ကိုယ် ဆွေးကိုမြင်မြင်ချင်း ချစ်ခဲ့မိတာပါ..."
ဆွေး သူ့ကိုကျောခိုင်းထားသဖြင့် သူ ဆွေးရဲ့ကျောအနောက်မှာ ဘယ်လိုပုံစံနဲ့ရှိနေပြီလဲဆိုတာ ဆွေးမသိပါ။
"ဟင့်အင်း... ဆွေး... ဆွေး..."
အလိုလိုနေရင်း အ အ တစ်ယောက်လို စကားတွေထစ်နေတဲ့ ကိုယ့်ကိုကိုယ် ဆွေးအ့ံသြနေမိလေသည်။
"ဆွေးမယုံဘူးဆိုတာ ကိုယ်သိပါတယ်... ဆွေး ယုံလာမယ့်တစ်နေ့အထိ ကိုယ်ကြိုးစားသွားမှာမို့လို့ ဆွေး ကိုယ့်ကို အချိန်ပေးပါနော်..."
သူပြောနေတာတွေအားလုံးဟာ အမှန်တရားတွေလား။ ဆွေးအပေါ်ထားတဲ့ သူ့ရဲ့စိတ်ရင်းတွေလား ဆိုတာကို ဆွေး ဘယ်လိုမှနားမလည်နိုင်ခဲ့။ သူ ဘယ်လိုလုပ်ပြီး ဆွေးကို သဘောကျသွားတာလဲ။ နောက်ပြီး ဆွေး ဒီမှာရှိနေတာကို သူ ဘယ်လိုလုပ်ပြီး သိနေရတာလဲ။ ဒီကျောင်းမှာ သူနဲ့ပတ်သက်တဲ့လူ တစ်ယောက်ယောက်တော့ ရှိရမယ်။ အဲ့ဒါကြောင့် သူ ဆွေးကိုသိနေတာပေါ့။
"နောက်ပြီး ဆွေး အကြောင်းကိုလည်း ကိုယ် သိထားပြီးပြီမို့လို့ ဆွေးကို နတ်ဆိုးရဲ့လောင်းရိပ်အောက်ကနေ ကိုယ် ဆွဲထုတ်ပေးပါရစေ..."
ဒါဆို... သူ ကိုလေးကိုလည်းသိနေတာပေါ့။ သူ့လို နိုင်ငံကျော်ရုပ်ရှင်မင်းသားတစ်ယောက်က ဆွေးလို ဘာမဟုတ်တဲ့မိန်းကလေးကိုကြိုက်ပြီး ဆွေးရဲ့အကြောင်းတွေကိုသိနေတယ်တဲ့လား။ ဆွေး ဘယ်လို ယုံကြည်ရမလဲ ရှင်ရယ်...။
"အခုဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို ဆွေးမယုံကြည်နိုင်ဘူးဆိုတာ ကိုယ်နားလည်လက်ခံပါတယ်... ဒါပေမယ့် ဆွေး ယုံကြည်လာတဲ့အချိန်အထိ ကိုယ် အခုလိုမျိုး ကြိုးစားသွားမှာပါ..."
လူရိပ်တစ်ချို့ကိုတွေ့လိုက်ရသဖြင့် တိမ်လွှာ ကိုကို့အတွက် စိုးရိမ်သွားမိတော့သည်။ ကိုကိုကတော့ ဒူးထောက်ကာ ထိုင်နေတုန်းပင်။
"ကိုယ် ဆွေးကို ချစ်တယ်ဆိုတာ ဆွေး ယုံလာအောင်... ကိုယ် နည်းအမျိုးမျိုးနဲ့သက်သေပြသွားမှာ ဆွေး..."
"ကိုကို..."
နောက်ထပ် အသံတစ်သံကိုကြားလိုက်ရသဖြင့် ဆွေး လှည့်ကြည့်လိုက်ရာ
"အို..."
သူမတို့ဆီလာနေတဲ့လူတစ်ယောက်ကို တွေ့လို့အ့ံသြတာမဟုတ်ဘဲ... ဒူးထောက်ကာထိုင်နေတဲ့ သူ့ကို ကြည့်ကာ ဆွေး အ့ံသြသွားမိခြင်းဖြစ်သည်။ သူ ဆွေးနောက်မှာ အဲ့လိုမျိုး ဒူးထောက်ပြီးထိုင်နေတာလား...။
"ကိုကို... ဒီဘက်ကိုလာနေတဲ့လူရိပ်တွေတွေ့တယ် သွားရအောင်... ကိုကို့အတွက် ထိခိုက်လိမ့်မယ်..."
"ဆွေး တောင်းပန်ပါတယ် ပြန်ပါတော့နော်... ကိုလေးရောက်လာရင် ရှင်တို့ကို တစ်ခုခုလုပ်မှာ ဆွေးကြောက်လို့ပါ..."
တိမ်လွှာ ဆွေးရှေ့မှာ ဒူးထောက်နေတဲ့ ကိုကို့ကိုတွဲထူလိုက်ကာ
"ကိုကို... သွားရအောင်..."
"ကောင်းပြီ ဆွေး... ဒါဆို ကိုယ်ပြန်ပါတော့မယ်... ဒါပေမယ့် ကိုယ် နတ်ဆိုးကိုကြောက်လို့တော့ မဟုတ်ဘူးနော်...ကိုယ် ဆွေးစကားကိုနားထောင်တာပါ..."
"ဆွေးအရိပ်... မင်းကို ကိုကို ဘယ်လောက်ချစ်တယ်ဆိုတာ ကျွန်တော်အသိဆုံးပါ... အဲ့ဒါကြောင့်လည်း မင်းရှိတတ်တဲ့ဒီနေရာကို ကျွန်တော်ခေါ်လာတာ... အဲ့ဒါကြောင့် ဥပေက္ခာမပြုဖို့ ကျွန်တော် တောင်းဆို ပါရစေ..."
သူတို့က ညီအကိုတွေလား... တစ်ခါက ကိုလေးပြောတာကို ဆွေးကြားဖူးပေမယ့်... အဲ့ဒီ့လူက ကိုမင်းတိမ်လွှာ လို့ ဆွေးမသိခဲ့ပါ။
ခရာ အလာတုန်းကလိုပင် Mask ကိုတပ်ကာ မျက်မှန်ကိုတပ်ပြီး ဦးထုပ်ကိုပါဆောင်းလိုက်လေသည်။
"ကိုယ် မင်းဆီကအဖြေကို စောင့်မျှော်နေပါ့မယ် ဆွေး..."
"ကိုကို လာပါ မြန်မြန်သွားရအောင်..."
"အရိပ်..."
"ဟင်..."
ကိုလေးအသံကြောင့် ဆွေး လန့်သွားတော့သည်။
သူမ ခန္ဓာကိုယ်လေး ဆတ်ကနဲတုန်သွားတာကို ခရာ မြင်လိုက်ပေမယ့် ဆိုင်သူပိုင်သူမဟုတ်သေးသဖြင့် အံကြိတ်ကာ ထိုနေရာကနေ ထွက်လာလိုက်ရတော့လေသည်။ နတ်ဆိုး... မင်းနဲ့ငါ တွေ့ရတာပေါ့။
ရှိန်း ဆွေးအနားသို့အမြန်ပြေးသွားလိုက်လေသည်။ ဆွေးအနားရောက်တော့ လျှင်လျှင်မြန်မြန်ထွက်သွားတဲ့ အရိပ်နှစ်ခုကိုသာ တွေ့လိုက်ရတော့၏။ တစ်ယောက်က မင်းတိမ်လွှာဆိုတာ သူသိပေမယ့် တစ်ယောက်က ဘယ်သူလဲဆိုတာတော့ သူမသိ။
"အရိပ်... ခုနကဘယ်သူတွေလဲ..."
ဆွေး ကိုလေးကို ကြောက်လန့်တကြား ငေးကြည့်နေမိတော့သည်။ ကိုလေး သူတို့ညီအကိုနှစ်ယောက်ကို တွေ့သွားတာလား။ ဆွေး အမှန်အတိုင်းမပြောရဲဘူး။ ကိုလေးကသိသွားလို့ အန်တီခင့်ကိုပြောလိုက်ရင် ဆွေးကို ကျောင်းတက်ခိုင်းမှာမဟုတ်တော့ဘူး။
ရှိန်း သူ့ကိုငေးကြည့်နေတဲ့ အရိပ်ရဲ့ပခုံးကိုဆွဲလှုပ်လိုက်ကာ
"ဆွေး.. ကိုယ်မေးနေတယ်လေ... သူတို့က ဘယ်သူတွေလဲ... တစ်ယောက်က မင်းတိမ်လွှာဆိုတာ ကိုယ်သိတယ်... တစ်ယောက်ကဘယ်သူလဲ..."
"ဟင့်အင်း... ဆွေး... ဆွေး မသိဘူး ကိုလေး..."
ကတုန်ကယင်ဖြစ်နေတဲ့ ဆွေးကိုကြည့်ကာ ရှိန်းနားမလည်နိုင်ခဲ့။ အဲ့ဒီ့လူကဘယ်သူလဲ... ဘာလို့ မင်းတိမ်လွှာနဲ့ အတူတူထွက်သွားရတာလဲ။ ကျောကိုပဲလှမ်းမြင်လိုက်ရတာဆိုတော့ ဘယ်သူဆိုတာကိုလဲ ခန့်မှန်းလို့မရခဲ့။
"အရိပ်... အရိပ်ကို သူတို့တွေ ဘာတွေပြောသေးလဲ..."
ဆွေး ပါးစပ်ကနေ ဘာအသံမှထွက်မလာတော့။ ခေါင်းကိုသာ တွင်တွင်ခါရမ်းနေမိတော့သည်။
"အရိပ်..."
သူ စိတ်မရှည်စွာအရိပ်ကို အော်လိုက်မိတော့ အရိပ်က သူ့ကို မျက်လုံးပြူးပြူးလေးဖြင့် ပြန်ကြည့် နေလေတော့သည်။
"ကျွတ်..."
သူ့ရင်ထဲမှာ တကယ်ပဲ ဗလောင်ဆူလာတော့၏။
"ရှိန်း..."
သူငယ်ချင်းတွေရောက်လာသဖြင့် သူ အရိပ်ရဲ့လက်ကိုဆွဲလိုက်ကာ
"လာ... သွားမယ်..."
သူ ဘယ်သူ့ကိုမှဂရုမစိုက်နိုင်တော့ဘဲ အရိပ်ရဲ့လက်ကိုဆွဲပြီး သူတို့ရှေ့ကနေ အမြန်ထွက်လာလိုက်တော့ သည်။ လမ်းမှာတွေ့တဲ့ ဆရာတွေကိုတောင်မှ သူ ဂရုမစိုက်နိုင်ခဲ့ပါ။ ဟုတ်တယ်... သူ အရိပ်ကြောင့် ရင်တွေပူလာခဲ့တာ။ ဘယ်လိုအကြောင်းနဲ့မှ သူ့ဘဝထဲကနေ အရိပ်ကို ထွက်သွားခွင့်မပြုနိုင်ဘူး။ ဘယ်သူနဲ့မှလည်း သူ သဘောမတူနိုင်ဘူး...။
💕💕💕💕💕💕💕###
အိမ်မက်ကြယ်
ŞİMDİ OKUDUĞUN
ချစ်သောကိုကို (Completed)
Romantizmနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...