အခန်း(၆)

237 6 0
                                        

💕ချစ်သောကိုကို💕
💖အခန်း(၆)💖

"မိဆွေးရေ... မိဆွေး..."
ဆွေး ကျက်လက်စစာအုပ်ကို စားပွဲပေါ်မှောက်တင်လိုက်ကာ မြန်မြန်ထလိုက်လေသည်။
"ဟုတ်ကဲ့ အန်တီခင်... ဆွေး လာပါပြီ..."
အန်တီခင်က အဲ့လိုပါပဲ ဆွေးကို မိဆွေးလို့သာ အခေါ်များသည်။ တစ်ခါတစ်လေ စိတ်ကြည်တဲ့အချိန်မှသာ ဆွေးလို့ခေါ်တတ်သလို ကိုလေးလိုမျိုး အရိပ်လို့ခေါ်ရင်လည်း ခေါ်တတ်လေသည်။ အန်တီခင် ဆွေးကို ဘယ်လိုပဲခေါ်ခေါ် ဆွေး ကျေနပ်ပါသည်။
ဆွေးရဲ့စိတ်ထဲမှာတော့ အန်တီခင်က ဆွေးရဲ့ကျေးဇူးရှင်ပါပဲ။ ဆွေး အန်တီခင့်အပေါ် တစ်ခါမှ မငြူစူခဲ့ပါ။ အန်တီခင် ပြုစုစောင့်ရှောက်ထားလို့သာ ဆွေး အခုလိုမျိုး ကျောင်းတက်နေနိုင်တာပေါ့။ စားစရာ နေစရာလည်း ပူစရာမှမလိုခဲ့တာ။ ဒါတွေအားလုံးဟာ အန်တီခင့်ကျေးဇူးတွေကြောင့်ပဲလေ။
"မြန်မြန်လာစမ်းပါအေ..."
ဆွေး အန်တီခင့်အနားသို့ ကပ်လိုက်ကာ
"ဟုတ်ကဲ့ အန်တီခင်... ဆွေးကို ဘာခိုင်းစရာရှိလို့လဲ..."
အန်တီခင်က ဆွေးကိုတစ်ချက်မှလှည့်မကြည့်ဘဲ ကြည့်လက်စတီဗီကို အဆက်မပြတ်ကြည့်နေလေသည်။ ရုတ်တရက် ဆွေးရဲ့အကြည့်တွေက တီဗီဆီသို့ ရောက်သွားလေသည်။ ရုပ်ရှင်ကားတစ်ကားပြနေတာ ဖြစ်သည်။ ဟင်... ဒီမျက်လုံးတွေကို ဆွေး ရင်းရင်းနှီးနှီးသိနေပါတယ်။
"မိပုနဲ့ စျေးလိုက်သွားလိုက်ဦး..."
"ဟုတ်ကဲ့ အန်တီခင်..."
"ရှိန်းအတွက် ငါးခေါင်းဟင်းချိုလည်း ချက်ပေးလိုက်ဦး..."
"ဟုတ်ကဲ့..."
ဆွေးအကြည့်တွေက တီဗွီဆီသို့ရောက်သွားမိပြန်လေသည်။ ဒီအသံက ဟိုတစ်နေ့က ကျောင်း ကားပါကင်မှာ တွေ့ခဲ့တဲ့လူရဲ့ အသံပဲ။ ဒါဆို ဒီတီဗွီထဲကလူက အဲ့ဒီ့လူများလား...
"အန်တီခင်... ဆွေး တစ်ခုလောက်မေးလို့ရမလားဟင်..."
အန်တီခင်က ဆွေးကိုလုံးဝလှည့်မကြည့်ပေ။ ရုပ်ရှင်ကိုပဲ သဲကြီးမဲကြီးကြည့်နေ၏။
"ဘာလဲ မေး..."
"အခု အန်တီခင်ကြည့်နေတဲ့ တီဗွီထဲက ရုပ်ရှင်သရုပ်ဆောင်က ဘယ်သူလဲ..."
"ဟင်..."
ဆွေး အဲ့လိုမေးလိုက်တော့မှသာ အန်တီခင့်အကြည့်တွေက ဆွေးဆီသို့ ရောက်လာလေတော့သည်။
"ညည်း... သူ့ကိုမသိဘူးလား ဆွေးအရိပ်..."
"ဟုတ်ကဲ့..."
ဒေါ်ခင်ခင် သူမရှေ့မှာ မတ်တပ်ရပ်နေတဲ့ ဆွေးအရိပ်ကိုသေချာကြည့်လိုက်မိ၏။ ရုပ်ရှင်လောကမှာ ဟော့ဖြစ်နေတဲ့ ဒီရုပ်ရှင်မင်းသားကို မသိဘူးဆိုတော့ ဆွေးအရိပ်အပေါ် သား ဘယ်လောက်နိုင်စား တယ်ဆိုတာ သူမအနေနဲ့ ခန့်မှန်းစရာတောင်မလိုတော့ပေ။ ဆွေးအရိပ်မှာ သူငယ်ချင်းတောင် ရှိမယ့်ပုံ မပေါ်။ အဲ့ဒါလည်း ကောင်းပါတယ်။ တော်ကြာ တခြားလူတွေနဲ့အပေါင်းအသင်းဖြစ်သွားခဲ့ရင် မျက်စိ မျက်နှာပွင့်ပြီး အာခံနေဦးမယ်။ ဟိုးငယ်ငယ်ကတည်းက နာခံတတ်အောင်သင်ပေးထားတော့ ဘယ်တော့မှ အာခံလာမှာမဟုတ်ဘူး။
"အန်တီခင်..."
"ဪ... အေး... အန်တီခင်ပြောပြမယ်... သူ့နာမည်က အက္ခရာမောင် လို့ခေါ်တယ်... အခုခေတ်မှာ နာမည်အကြီးဆုံး ရုပ်ရှင်မင်းသားတစ်ယောက်ပဲ..."
အန်တီခင့်စကားကြောင့် ဆွေး စိတ်ထဲကနေ မသိမသာ ခေါင်းရမ်းလိုက်မိလေသည်။ ဒါဆို ဆွေးကျောင်းမှာ တွေ့ခဲ့တဲ့သူက သူတော့မဖြစ်နိုင်လောက်ဘူး။
"ဘာဖြစ်လို့လဲ..."
"ရှင်... ဘာမှမဖြစ်ပါဘူး အန်တီခင်..."
ဒေါ်ခင်ခင် ဆွေးကိုကြည့်ကာ သင်္ကာမကင်းဖြစ်မိသွား၏။ ဒါပေမယ့် ဘာမှတော့ မပြောတော့ပေ။
"ဒါဆိုလည်း သွားတော့လေ... ဘာလုပ်နေတာလဲ..."
"ဟုတ်... ဟုတ်ကဲ့ အန်တီခင်..."
ဒေါ်ခင်ခင် သူမရှေ့ကနေ ထွက်သွားတဲ့ ဆွေးကိုကြည့်ကာ နားမလည်နိုင်အောင်ဖြစ်သွားမိတာအမှန်ပင်။ ဒီကောင်မလေး တစ်ခါမှ အခုလိုမမေးပေးခဲ့ဘူးပါ။ ဘယ်တုန်းကများ အခုလိုမျိုး မေးတတ်လာတာလဲ။ သေချာတာတစ်ခုကတော့ ကျောင်းမှာ ဆွေးအရိပ် တစ်ယောက်ယောက်နဲ့ပတ်သက်နေတာပဲ။
"မေမေ... ဘာတွေတွေးနေတာလဲ..."
"ဟင်... သား..."
ရှိန်း အိမ်ပေါ်ကနေဆင်းလာတော့ မေမေက တီဗွီကိုဖွင့်ထားပြီး မကြည့်ဘဲနဲ့ အိမ်အပေါက်ကိုသာ လှမ်းကြည့်ပြီး ငြိမ်နေလေသည်။
"မေမေ ဘာတွေတွေးနေတာလဲ... "
ရှိန်း လှေကားပေါ်ကနေဆင်းလာကာ မေမေ့ဘေးကခုံမှာ ထိုင်လိုက်၏။
"ဘာမှမဟုတ်ပါဘူး သားရယ်... မေမေ အလုပ်နဲ့ပတ်သက်ပြီး နည်းနည်းစဉ်းစားနေလို့ပါ..."
ရှိန်း ဒူးတစ်ဖက်ကိုထောင်ပြီး ဆိုဖာပေါ်တင်လိုက်ကာ ဆွေးရဲ့အခန်းကိုလှမ်းကြည့်လိုက်ကာ
"အရိပ်... ဘယ်သွားတာလဲ မေမေ..."
"စျေးသွားခိုင်းထားတယ်..."
"ဟင် တစ်ယောက်ထဲလား..."
သားဖြစ်သူက စိုးရိမ်သည့်ပုံဖြင့်မေးလိုက်တော့ ဒေါ်ခင်ခင် မျက်မှောင်ကြုတ်သွားကာ ရှိန်းကို သေချာကြည့်လိုက်လေသည်။
"ဘာဖြစ်လို့လဲ သား..."
ရှိန်း မေမေ့ဆီကနေ အကြည့်တွေလွှဲလိုက်မိ၏။ မေမေက လူကဲခတ်သိပ်တော်တာ။ အခုချိန်မှာ မေမေ တစ်မျိုးထင်သွားမှာကို သူအကြောက်ဆုံးပါ။
"ဘာမှမဖြစ်ပါဘူး... သူတစ်ယောက်ထဲဆိုရင်..."
"မေမေ သူ့ကို ဘယ်တုန်းကများ တစ်ယောက်ထဲ အပြင်လွှတ်ဖူးလို့လဲ... မင်း ဘာတွေစိုးရိမ်နေတာလဲ ရှိန်း..."
"မဟုတ်ပါဘူး မေမေရယ်... သူတစ်ခုခုဖြစ်သွားခဲ့ရင်..."
"အဲ့ဒါကိုက မင်း စိုးရိမ်နေတာ ရှိန်းအာကာ..."
ရှိန်း သက်ပြင်းကို အသာလေးချလိုက်မိ၏။
"မဟုတ်ပါဘူးဆို မေမေရာ..."
မေမေက သူ့ဆီကနေ အကြည့်တွေကိုခွာလိုက်ကာ တီဗွီဆီသို့ အကြည့်တွေပြန်ရောက်သွားကာ
"ထားပါတော့... သားကို အရိပ်နဲ့ပတ်သက်ပြီး မေမေ မေးစရာရှိတယ်..."
အရိပ်နဲ့ပတ်သက်တယ်ဆိုသဖြင့် ရှိန်း စိတ်ဝင်စားသွားမိလေသည်။ အရိပ်နဲ့ပတ်သက်ပြီး မေမေ သိချင်ခဲ့တာမရှိပေ။
"ဘာများလဲ မေမေ..."
"ကျောင်းမှာ ဆွေးအရိပ် ဘယ်သူတွေနဲ့ပတ်သက်နေတာလဲ..."
"ဟင့်အင်း... ဘယ်သူနဲ့မှမပတ်သက်ဘူး မေမေ... "
မေမေက တစ်ချက်စဉ်းစားသွားကာ ငြိမ်သွားလေ၏။ မေမေငြိမ်သွားတော့ ရှိန်းလည်း စဉ်းစားလိုက်မိ၏။ မေမေ ဘာကိုများသိထားလို့ အခုလိုမေးရတာလဲ။
"ဒါဆို အဲ့ဒီကျောင်းမှာ အက္ခရာမောင်နဲ့ပတ်သက်တဲ့သူတစ်ယောက်ယောက်ရှိလား သား..."
"ဗျာ..."
မဆီမဆိုင် မေမေ့အမေးကြောင့် ရှိန်း ကြောင်တောင်တောင်ဖြစ်သွားလေသည်။
"မေမေ့မေးခွန်းက အရိပ်နဲ့ဘယ်လိုပတ်သက်နေလို့လဲ မေမေ..."
မေမေ့မျက်စောင်းတွေက ရှိန်းဆီသို့ သိသိသာသာရောက်လာလေတော့သည်။
"ဒါဆို ရှိနေတာလား..."
"ဟုတ်ကဲ့... အက္ခရာမောင်ရဲ့ညီ မင်းတိမ်လွှာက သားနဲ့တစ်ခန်းထဲမေမေ..."
ဒေါ်ခင်ခင် ခေါင်းကိုအသာငြိမ့်ကာ ပြံုးနေလေသည်။
"အဲ့ဒါနဲ့ အရိပ်နဲ့က ဘယ်လိုများ..."
"သူ ခုနက မေမေ့ကို ဘာမေးတယ်ထင်လဲ..."
"ဘာမေးလို့လဲ..."
"အက္ခရာမောင်ကိုကြည့်ပြီး သူက ဘယ်သူလဲလို့မေးတယ်..."
"ဟင်..."
ရှိန်း အ့ံသြစွာ မျက်မှောင်ကြုတ်မိသွား၏။
"မေမေပြောတဲ့အဓိပ္ပါယ်က..."
"ဟုတ်တယ် သား... မေမေလည်း အ့ံသြနေတာ... ကျောင်းမှာ အက္ခရာမောင်နဲ့တွေ့ရအောင်လည်း အက္ခရာမောင်က ကျောင်းသားတစ်ယောက်မှမဟုတ်တာ... ဒါဆို မိဆွေး မင်းတိမ်လွှာနဲ့တွေ့လာလို့ပေါ့..."
ရှိန်း ဘာပြောရမှန်းမသိတော့။ မေမေထင်နေတာတွေက အားလုံးအမှန်တရားတွေဖြစ်နေခဲ့တော့ သူ့ ဘက်က ဘာမှပြောစရာမရှိတော့ပေ။ ဒါပေမယ့် အရိပ်နဲ့မင်းတိမ်လွှာ နှစ်ခါထက်ပိုမဆုံဖူးဘူးဆိုတာတော့ သူသိသည်။ နှစ်ခါစလုံးမှာလည်း သူ သိနေခဲ့တာပဲ။ ပထမတစ်ခါဆုံပြီးကတည်းက သူ မင်းတိမ်လွှာကို အနီးကပ်စောင့်ကြည့်နေသလို အရိပ်ကိုစောင့်ကြည့်ဖို့ သူငယ်ချင်းတစ်ယောက်ကိုလည်း အကူအညီ တောင်းထားပြီးသားပဲ။
"သား ဆွေးအရိပ်ကို သေချာစောင့်ကြည့်နေပါ... သူ တခြားတစ်ယောက်နဲ့ ရင်းနှီးသွားလို့မဖြစ်ဘူး... သူတစ်ခြားတစ်ယောက်ယောက်နဲ့ ရင်းနှီးသွားပြီး သူ့မိဘတွေနဲ့ဘယ််လိုနည်းနဲ့မှ ပြန်တွေ့သွားလို့မဖြစ်ဘူး သား..."
ဘာဖြစ်လို့လဲလို့ ရှိန်း မေးမထွက်ခဲ့ပါ။
"ဘာဖြစ်လို့လဲလို့ သားမေးချင်နေတာလား..."
ရှိန်း ခေါင်းကို အသာငုံ့ထားလိုက်မိသည်။ မေမေ အကြားအမြင်ရထားတဲ့သူတစ်ယောက်မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့စိတ်ကို အကဲခတ်နိုင်တာ တော်လွန်းတယ်လို့ ရှိန်း ထင်မိသည်။
"ဒါတွေအားလုံးကို ဟိုးငယ်ငယ်ကတည်းက သားနားလည်အောင် မေမေ ရှင်းပြခဲ့ပြီးသား..."
"သား... နားလည်ပါတယ်..."
"သားလည်း မေမေ့ကို အဲ့လိုမဖြစ်စေချင်ဘူးမို့လား... "
ရှိန်း မေမေ့ကို ဘာမှပြန်မပြောမိပါ။ အရိပ်တို့မိသားစုအပေါ် မေမေလုပ်ခဲ့တာတွေအားလုံးက မှန်သည် ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မေမေဟာ သူ့ရဲ့အမေ။ မေမေ့ဘက်မှာ သူက အမြဲတမ်းရှိနေမယ့်လူတစ်ယောက်လို့ မေမေကိုယ်တိုင် ယုံကြည်ထားခဲ့သလို... သူလည်း မေမေ့လိုပဲ နားလည်ထားသည်။
"သား... သားစိတ်ကို မေမေလောက် ဘယ်သူမှနားမလည်ပါဘူး သားရယ်... မေမေ သားကိုချစ်သလို... သားလည်း မေမေ့ကိုချစ်တယ်... မေမေတို့သားအမိကြားက အဲ့ဒီ့မေတ္တာကြိုးတစ်ကြိုးကြောင့်ပဲ မေမေ အခုချိန်ထိ အမှားတွေကျူးလွန်ရင် ကျူးလွန်လိမ့်မယ် သား... ဒါပေမယ့် ဒါတွေအားလုံး သားအတွက်ပဲဆိုတာ သားနားလည်ထားပါ..."
"ဟုတ်ကဲ့... သားနာလည်ပါတယ် မေမေ..."
မေမေက သူ့မျက်နှာကို ကြည်နူးစွာကြည့်နေလေသည်။
"ကဲပါ... ဒါဆိုလည်း သားလုပ်စရာရှိတာလုပ်လေ... ဒီနေ့ မေမေပြောတာတွေအားလုံးကို သား အလေး ထားပါ... အထူးသဖြင့် ဆွေးအရိပ်ကို နည်းနည်းလေးမှ အလွတ်မပေးပါနဲ့... သူ့ကို အချိန်ပြည့် စောင့်ကြည့်နိုင်ရင် ပိုကောင်းတယ်သား..."
"ဟုတ်ကဲ့ မေမေ... သား အရိပ်ကို သေချာဂရုစိုက်မှာပါ..."
"သား... သားပြောတာ ဘာအဓိပ္ပါယ်လဲ..."
သူကလည်း စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြော... မေမေက ချက်ချင်းနားလည်သွား၏။
"မေမေပြောသလိုပဲ သား သေချာလုပ်ပါ့မယ်လို့ပြောတာပါ မေမေရယ်..."
သူ အရွှန်းဖောက်ပြီး ရယ်မောကာပြောလိုက်ပေမယ့် မေမေ့ရဲ့မျက်စောင်းခဲခဲကြီးတွေက သူ့ဆီသို့ ရောက်လာတော့၏။
"ဒါဆို သား အပြင်သွားလိုက်ဦးမယ် မေမေ..."
"အင်း... အင်း..."
သူ မေမေ့အကြည့်တွေကို ရင်မဆိုင်ရဲဘဲ မေမေ့ရှေ့ကနေ မြန်မြန်ထွက်လာလိုက်မိ၏။ မေမေရဲ့ ပြောပုံ အရဆိုရင် အရိပ်နဲ့ပတ်သက်ပြီး သူ စိတ်ပူရမှာက မင်းတိမ်လွှာပဲ။ မဖြစ်တော့ဘူး... မင်းတိမ်လွှာကို အရင်ထက်ပိုပြီး စောင့်ကြည့်ရမယ်။ အက္ခရာမောင်နဲ့တော့ပတ်သက်စရာ ဘာအကြောင်းမှမရှိ... စိုးရိမ်ရမှာက မင်းတိမ်လွှာ။
💕💕💕💕💕 💕💕
"ကျွတ်... အရေးထဲ ဒီကားတွေကပြည့်နေပြန်ပြီ.."
တိမ်လွှာ ကားပါကင်ကိုအနှံ့လိုက်ကြည့်ကာ စိတ်ညစ်သွားမိလေသည်။ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုပါ ကုတ်လိုက်မိ၏။ ဒီနေ့မှ ဘာလို့ ဒီလောက်တောင် ကားတွေပြည့်နေမှန်းမသိ။
ရုတ်တရက် တိမ်လွှာ့နားထဲမှာ တကျွတ်ကျွတ်နဲ့ ပလတ်စတစ်အသံကိုကြားလိုက်ရသည်။ အသံက ကားနောက်ခန်းထဲကအသံ။ တိမ်လွှာ အ့ံသြသွားကာ ကားကိုရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်ရာ
"ဟင်... ကိုကို..."
ကိုကိုက သူ့ကိုပြံုးပြနေလေသည်။
"ကိုကို ဘယ်လိုလုပ်ပြီး..."
ခရာ Mask ကိုတပ်လိုက်ပြီး မျက်မှန်တပ်လိုက်ကာ
"ဆွေးနဲ့တွေ့ချင်လို့..."
"အဲ့ဒါကြောင့် ကိုကို... ညီ့ကားပေါ်ကနေ ခိုးလိုက်လာတာပေါ့..."
ခါတိုင်းဆိုရင် ပီကေမဝါးတတ်တဲ့ ကိုကို့ပါးစပ်ထဲမှာ ပီကေတစ်ခု။ ဒါ ကိုကိုရုပ်ဖျက်ထားတာပဲ။
"ညီက... ကိုကို့ကိုစုံစမ်းပေးမယ် စုံစမ်းပေးမယ်နဲ့ အခုချိန်ထိ ဘာမှမသိရသေးဘူးလေ... အဲ့ဒါကြောင့် ကိုကိုလည်း မနေနိုင်တော့လို့ ညီ့ကားပေါ်ကနေ ခိုးလိုက်လာတာ..."
ဒါ ကိုကိုသတ္တိရှိလာတယ်လို့ပဲ သူပြောရမလား။ ကိုကို ဒါမျိုးတစ်ခါမှမလုပ်ဖူးတာတော့ အမှန်ပါ။
"ကိုကိုရယ်... မေမေသိသွားရင် ဘယ်လိုလုပ်မလဲ..."
"ညီကလည်း ကိုကိုတောင်မစိုးရိမ်တာ... ညီက ဘာကိုစိုးရိမ်နေတာလဲ..."
တိမ်လွှာ မသိမသာပြံုးလိုက်မိတော့သည်။ ဟုတ်ပါတယ် ကိုကို တကယ်သတ္တိရှိလာခဲ့တာ။
"ကိုကိုအတွက် မလွယ်ကူဘူးနော်... လူကြားသူကြားထဲမှာ တစ်ယောက်ယောက်က ကိုကို့ကို မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ..."
"အခု ကိုကိုတစ်ယောက်ထဲ သရုပ်ဆောင်ဖြစ်ရုံတင်မကဘူး... ညီပါသရုပ်ဆောင်တစ်ယောက်ဖြစ်သွားပြီ..."
"Why?..."
ခရာ မျက်မှန်ကိုအပေါ်သို့ပင့်တင်လိုက်ကာ
"ကိုကို့ကို ညီ့သူငယ်ချင်းလို ဟန်ဆောင်ပြီးဆက်ဆံပေးရမှာလေ..."
တိမ်လွှာ သဘောကျစွာရယ်လိုက်မိတော့၏။
"ကိုကိုက ဒီလောက်တောင် အရဲစွန့်ထားမှတော့ ညီ့ဘက်က လုပ်မပေးနိုင်စရာမရှိပါဘူးဗျာ..."
"Ok... အခု ကားပါကင်ထိုးလို့မရဖြစ်နေတာလား...."
တိမ်လွှာ ခေါင်းငြိမ့်လိုက်ပြီး နေရာအလွတ်ကိုလိုက်ရှာလိုက်လေသည်။
"ဟော.. တွေ့ပြီ..."
တိမ်လွှာ ကားပါကင်ထိုးရန် ကားနောက်ကိုတစ်ချက်ကြည့်လိုက်လေသည်။ တခြားကားတွေနဲ့လွတ်ပြီဆိုမှ စက်နှိုးကာ ဖြည်းဖြည်းချင်းနောက်သို့ဆုတ်လိုက်၏။
"ညီ... ဆွေးကို ဘယ်နေရာမှာတွေ့လို့ရနိုင်လဲ..."
တိမ်လွှာ နောက်ကို သတိထားပြီးကြည့်ရင်းကနေ
"သူက ကန်တင်းကိုတစ်ခါမှမသွားဖူးဘူး... အဲ့တော့ ကိုကို ကန်တင်းမှာတွေ့လို့ရမှာမဟုတ်ဘူး..."
"ဟင်... ဒါဆို ကိုကိုက ကျောင်းခန်းထဲထိဝင်သွားရမှာလား..."
ကားပါကင်ထိုးတာနေရာကျသွားပြီဆိုမှ တိမ်လွှာ စက်သပ်ပြီးရပ်လိုက်ကာ
"ဘယ်ဖြစ်မလဲကိုကိုရဲ့... ကိုကို ရုပ်ဘယ်လောက်ပဲဖျက်ထားဖျက်ထား... ကိုကို့အသံကြားတာနဲ့ မှတ်မိမယ့်လူတွေမှ တပုံကြီး..."
ခရာ စဉ်းစားရကြပ်သွားတော့သည်။ ဆွေးအရိပ်ဆိုတဲ့မိန်းကလေးက ဘယ်လိုလူမျိုးလဲဆိုတာ သူဘာမှ မသိဘဲနဲ့ သဘောကျခဲ့မိတာ။ သူမနဲ့ပတ်သက်ပြီး ဘာဆိုဘာမှသိခဲ့တာမဟုတ်။ ဒီနေ့လည်း အရဲစွန့်ပြီးသာထွက်ခဲ့ရတာ ခပ်လန့်လန့်ပင်။ ဒီနေ့ ဘာရှူတင်မှတော့မရှိ။
တိမ်လွှာ ကားသော့ကိုဖြုတ်လိုက်ကာ ကိုကို့ကိုလှည့်ကြည့်လိုက်ပြီး
"ပူမနေပါနဲ့ ကိုကိုရာ... ဆွေးအရိပ် ဘယ်နားမှာရှိတတ်တယ်ဆိုတာ ညီသိပါတယ်..."
"ညီ တကယ်နော်..."
"အင်း... ဒါပေမယ့် နတ်ဆိုးကို ဘယ်လိုလှည့်ကွက်နဲ့ ပ ထုတ်ရမလဲဆိုတာတော့ စဉ်းစားရမယ်..."
"နတ်ဆိုးက အရှုပ်ထုပ်ပဲနော်... ဒါနဲ့ နတ်ဆိုးနဲ့ဆွေးက ဘယ်လိုပတ်သက်တာလဲ ညီ..."
"ဘာမှတော့ မတော်ဘူး... ဒါပေမယ့် ပတ်သက်မှုတော့ရှိကြတယ်... ညီ စုံစမ်းနေတာ ဘယ်လိုမှမရဘူး... အနှောက်အယှက်တွေပဲတွေ့နေရတယ်..."
ခရာ ညီပြောနေတာတွေကို စိတ်ဝင်တစား နားထောင်နေမိလေသည်။ ညီက ကားသော့ကို လွယ်အိတ်ထဲသို့ထည့်ပြီး စကားတွေဆက်ပြောနေလေသည်။
"ဆွေးအရိပ်နဲ့ညီ နှစ်ခါပဲဆုံဖူးသေးတယ်လို့ သူက ထင်ထားတယ်... အဲ့ဒါကြောင့်လည်း သူ့ဘက်က ဆွေးအရိပ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေလုပ်ထားတာဖြစ်မယ်... ဒါပေမယ့် ညီ ဆွေးအရိပ်နဲ့တွေ့တာ နှစ်ခါမကဘူးဆိုတာ နတ်ဆိုးမသိဘူးကိုကို..."
"ဟင်... ဟုတ်လား..."
"အင်း... ညီလုပ်နေတာတွေအားလုံးက ကိုကို့အတွက်ဆိုတာတော့ မမေ့ထားနဲ့နော် ကိုကို... ကိုကို ဆွေးကိုတကယ်ချစ်တယ်ဆိုရင် ညီ အဆုံးထိကိုကို့ကို ကူညီမယ်... ဒါပေမယ့် ကိုကို့အနေနဲ့ ဘယ်လို ကိစ္စကြောင့်ပဲဖြစ်ဖြစ် စိတ်မခုစေချင်ဘူး..."
"ဆွေးနဲ့ပတ်သက်ပြီးတော့လား... ညီ့စိတ်ကို ကိုကိုနားလည်နေတာပဲညီရယ်... ကိုကိုကသဝန်တိုတတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင် ကိုယ့်ညီနဲ့တော့ စိတ်မခုပါဘူး..."
"ညီသိပါတယ်... ကိုကို့ဆီက ကတိတစ်ခုတောင်းထားတာပါ..."
"အင်းပါ... ကိုကိုကတိပေးတယ် ညီ..."
"Ok... ဒါဆို သွားရအောင်..."
သူတို့ညီအကိုနှစ်ယောက် ကားပါကင်ကနေ ထွက်လာလိုက်လေသည်။ တိမ်လွှာ လမ်းလျှောက်နေရင်းနဲ့ ဘေးကနေ ကိုကို့မျက်နှာကိုအကဲခတ်နေမိ၏။ တိမ်လွှာ ကိုကို့အတွက် စိုးရိမ်နေပေမယ့် ကိုကိုကတော့ သူ့ဟာသူ သာသာယာယာပင်။ ကိုကို အဲ့ကောင်မလေးကို တကယ်ချစ်သွားတာပါလား။
ခရာ ညီ့ပခုံးကိုဖက်လိုက်ကာ ပေါ့ပေါ့ပါးပါးနဲ့ သူတက်ခဲ့ဖူးသော ကျောင်းတော်ကြီးဆီသို့ ပျော်ပျော်ပါးပါး ဝင်လိုက်၏။
"ကိုကို့စိတ်ထဲမှာ ငှက်ကလေးတစ်ကောင်လို ပေါ့ပါးနေတယ် ညီ..."
ကိုကို့ဆံပင်တချို့က လေကြောင့် ထောင်သွားလိုက် လဲကျသွားလိုက်နဲ့ မြက်ပင်လေးတွေလိုဖြစ်နေကြ လေသည်။ မေမေက ကိုကို့ကို ငယ်ငယ်ကတည်းက ပိုမွေးသလိုမွေးလာခဲ့တာ အခုလိုဖြစ်စေချင်ခဲ့လို့ပဲ ဖြစ်မယ်။ သူကတော့ ကိုကို့လိုမဟုတ်ခဲ့။ ကိုကိုကြမ်းတယ်ဆိုတာ သူစိတ်ဆိုးနေသလောက်ပဲရှိတာ။ ကိုကိုက သိမ်သိမ်မွေ့မွေ့ နေတတ်သူတစ်ယောက်။ ဒါပေမယ့် ပျော့တိပျော့ဖတ်တော့မဟုတ်။  သူနဲ့တော့ တစ်ခြားစီပါ။ သူကတော့ ငယ်ငယ်ကတည်းက ဘယ်သူနဲ့ရန်ဖြစ်ရန်ဖြစ် ထိပ်ဆုံးကပဲ။ အဲ့ဒါကြောင့်လည်း မိဘခနခနအခေါ်ခံရတယ်။ မေမေကတော့ တစ်ခါမှမလိုက်ခဲ့ဖူးပါ။ အရှက်ခွဲတယ်ဆိုပြီး သူ အရိုက်တောင် ခံခဲ့ရတာ။
"ဟင်..."
တိမ်လွှာ ခြေလှမ်းတွေတန့်သွားကာ ကိုကို့လက်ကိုဆွဲထားလိုက်၏။
"ညီ ဘာဖြစ်လို့လဲ..."
"ဘာလို့ နတ်ဆိုးက ရှိနေရတာလဲ..."
တိမ်လွှာ ကြည့်နေတဲ့နေရာသို့ ခရာလှမ်းကြည့်လိုက်တော့ ခုံတန်းပေါ်မှာထိုင်နေတဲ့ လူတစ်ယောက်။ သိပ်မဝေးတဲ့အနေအထားဆိုတော့ သေချာစွာမြင်နေရလေသည်။  ဘေးတစောင်းအနေအထားဆိုတော့ သူ့မျက်နှာက ပြံုးနေတယ်လို့ထင်ရ၏။
"ကျွတ်..."
တိမ်လွှာ ကိုကို့လက်ကိုဆွဲကာ သစ်ပင်အကွယ်နောက်မှာ မတ်တပ်ရပ်လိုက်၏။
ဘယ်လိုလုပ်ပြီး နတ်ဆိုးကဒီနေရာမှာ ရှိနေရတာလဲ။ ဆွေးအရိပ်က ဘယ်ရောက်နေလို့လဲ။
"ညီ... သူက နတ်ဆိုးလား... "
"ဟုတ်တယ် ကိုကို ဘယ်လိုလုပ်မလဲ... ဆွေးအရိပ်က ဘယ်မှာလဲမသိဘူး..."
ခရာ စိတ်ညစ်စွာ ခေါင်းကုပ်လိုက်မိ၏။
"ညီ... ကိုကိုကတော့ ဆွေးကိုမတွေ့ရဘဲ မပြန်နိုင်ဘူးနော်..."
"ကျွတ်..."
တိမ်လွှာလည်း အကြပ်ရိုက်သွားလေသည်။ ဘယ်လိုလုပ်ရမလဲ။
"ကောင်းပြီ ကိုကိုရာ... ဒါဆို ညီပြောတဲ့အတိုင်လုပ်..."
"အင်း... ပြော..."
တိမ်လွှာ ကိုကို့နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်၏။ မတတ်နိုင်ဘူး နတ်ဆိုးနဲ့ ရန်ပွဲတစ်ပွဲလောက် နွှဲရင်လည်း နွှဲရတာပေါ့။
"Ok..."
"ဒါဆို ညီ သူ့ဆီသွားလိုက်မယ်... ကိုကိုလည်း သတိထားနေနော်... ကိုကို့ပရိသတ်တွေနဲ့ တွေ့နေဦးမယ်..."
"အင်း..."
တိမ်လွှာ ကိုကို့နားကနေ နတ်ဆိုးထိုင်နေတဲ့ ခုံတန်းနားသို့ ဖြည်းဖြည်းချင်းကပ်သွားလိုက်လေသည်။
အရိပ် ဘာလို့ပြန်မလာသေးတာလဲ။ အဆင်မပြေလို့များလား။ လိုက်သွားရင်ကောင်းမလား...။
"ရှိန်းအာကာ..."
အသံကြောင့် ရှိန်းနောက်ကိုလှည့်ကြည့်လိုက်တော့ တိမ်လွှာ့ကိုတွေ့သဖြင့် အ့ံသြသွားမိ၏။ ဒါပေမယ့် ထိုင်နေရာကနေ လက်ပိုက်လိုက်ကာ တိမ်လွှာ့ဆီကနေ အကြည့်တွေကိုလွှဲလိုက်ပြီး
"ဒီနေ့ ဘာနေ့ပါလဲနော်..."
တိမ်လွှာ တစ်ချက်ပြံုးလိုက်ပြီး ရှိန်းရဲ့ဘေးမှာ ဝင်ထိုင်လိုက်လေသည်။
"မင်းကို တစ်ခုလောက်မေးလို့ရမလား..."
"မေးလေ..."
"မင်းနဲ့ အဆွေးရိပ်က ဘယ်လိုပတ်သက်တာလဲ..."
သူမျှော်လင့်ထားတဲ့မေးခွန်းဖြစ်နေသဖြင့် ရှိန်း မအ့ံသြဘဲ ပြံုးလိုက်ကာ
"မင်းက ဘာလို့သိချင်တာလဲ..."
"ဒီလိုပါပဲ... သူ့ပုံစံက မင်းအပေါ်အသေအလဲကြောက်နေတဲ့ပုံဆိုတော့..."
"မင်းက ကိုယ်နဲ့မဆိုင်တာကို ဝင်ပါနေတာပဲ... ဘာလဲ မင်း အရိပ်ကို သဘောကျနေတာလား..."
နှစ်ယောက်လုံးရဲ့မျက်နှာမှာ တစ်ယောက်နဲ့တစ်ယောက် မထေမဲ့မြင်အပြံုးများဖြင့်။
"ငါက သူ့လိုမိန်းကလေးမျိုးကို စိတ်ဝင်စားစရာလား... ဒါပေမယ့်..."
တိမ်လွှာ့ဆီသို့ ရှိန်းရဲ့အကြည့် စူးစူးရဲရဲတွေရောက်သွားလေသည်။
"မင်းတိမ်လွှာ... မင်း ဘာကိုပြောချင်တာလဲ..."
"ငါပဲအကြည့်မှားတာလားတော့မသိဘူး... ကန်တင်းမှာ ဆွေးအရိပ်နဲ့ မင်းသူငယ်ချင်းတစ်ယောက် တွေ့နေတယ်... ဆွေးအရိပ်ကတော့ ခေါင်းငုံ့နေတာပဲ... ဟိုကောင်ကတော့ ဆွေးအရိပ်ရဲ့လက်ကို အတင်းဆွဲနေတာ..."
"ဘာ... တောက်..."
ရှိန်း ဟန်မဆောင်နိုင်စွာ ဒေါသထွက်သွား၏။ အဲ့ဒါကြောင့် အရိပ် ဘာလို့ကြာနေတာလဲစဉ်းစားနေတာ။ ဒါ ဟိုကောင်ပဲနေမှာ။ သူပဲ အရိပ်ကိုသနားနေတာ။ တောက်... တွေ့တာပေါ့ကွာ။
"မင်း စိတ်တိုသွားတယ်ထင်တယ်... ဒါပေမယ့် မင်းဘာလို့လိုက်မသွားသေးတာလဲ... အခုချိန်လောက်ဆို..."
တိမ်လွှာစကားမဆုံးသေးခင် ရှိန်း တိမ်လွှာ့ရှေ့ကနေ စိတ်တိုကာ ထထွက်သွားတော့၏။ တိမ်လွှာ ရှိန်းကိုကြည့်ကာ သဘောကျစွာရယ်လိုက်မိလေသည်။ သူ့စကားကို နတ်ဆိုး တကယ်ယုံသွားတာပဲ။ သူ ကြာကြာမရယ်လိုက်ရပါ... စာကြည့်တိုက်ဘက်ကနေထွက်လာတဲ့ ဆွေးကို လှမ်းတွေ့လိုက်ရသဖြင့် အဲ့ဒီ့နေရာကနေ ကိုကိုရှိတဲ့နေရာကို မြန်မြန်ထပြေးလာရတော့သည်။
"ကိုကို... ညီ နတ်ဆိုးကို ပ ထုတ်လိုက်ပြီ... ဟိုမှာ ဆွေးအရိပ်လည်းလာနေပြီ ကိုကိုသွားတော့ မြန်မြန်..."
"အင်း... ကျေးဇူးပဲ ညီ..."
"ညီ ဒီနေရာကနေပဲ စောင့်နေမယ်... ပြောစရာရှိတာ မြန်မြန်ပြောနော်... နတ်ဆိုးပြန်လာရင် တွေ့သွားဦးမယ်..."
"အင်း..."
ခရာ ညီ့ကိုခေါင်းရိပ်ပြကာ သစ်ပင်နောက်ကနေ ထွက်လာလိုက်၏။ အဝေးက သူမအရိပ်ကလေးကို လှမ်းမြင်နေရတာတောင် သူ့ရင်ခုန်သံတွေဟာ အဆက်မပြတ်လှုပ်ရှားလာလေသည်။
ဟုတ်ပါတယ်... သူ သူမကိုမြတ်နိုးစွာချစ်မိသွားခဲ့ပါပြီ။
💜💜💜💜💜💜💜
###
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora