အခန်း(၁၇)

130 2 0
                                        

💕ချစ်သောကိုကို💕
💖အခန်း(၁၇)💖

...စေ့စပ်ပွဲ...
စေ့စပ်ပွဲဆိုပေမယ့် နှစ်ဦးသဘောတူ စေ့စပ်ပွဲမဟုတ်ခဲ့ပါ။ ခရာမှလွဲ၍ အားလုံးသောမျက်နှာတွေမှာ အပြံုးတွေဖြင့်လှပနေကြ၏။
"အခုလို မင်္ဂလာရှိတဲ့ စေ့စပ်ပွဲလေးမှာ မင်းသားအက္ခရာမောင်နဲ့..."
စေ့စပ်ပွဲကိုလာရောက်ပြောဆိုပေးနေတဲ့ လူကြီးဆီသို့ ခရာ့အကြည့်တွေက အလိုမကျစွာ ရောက်သွား လေသည်။
"ဦးလေး... ကျေးဇူးပြုပြီး အဲ့ဒီ့မင်းသားဆိုတဲ့ဂုဏ်ပုဒ်ကြီးကို ထည့်ထည့်မပြောပါနဲ့... ကျွန်တော် မကြိုက်ဘူး..."
ဒေါ်နှင်းဆီ လူကြီးကိုအားနာစွာကြည့်လိုက်ပြီးမှ သားဖြစ်သူကိုကြည့်လိုက်ကာ
"သား... ဘယ်လိုတွေပြောနေတာလဲ..."
မေမေ ဘယ်လိုပဲပြောပြော ခရာကတော့ ဘာမှပြန်မပြောသလို ငြိမ်ပဲငြိမ်နေမိ၏။ ကျွတ်... ဒီအချိန်တွေ မြန်မြန်ကုန်ပါစေလို့ဆုတောင်းမိတာ မနက်ကတည်းကပါ။ ဖြစ်နိုင်ရင် မနက်ဆိုတဲ့အချိန်ကြီးကိုကျော်ပြီး ညနေဆိုတဲ့အချိန်ကိုရောက်ချင်ခဲ့တာ။ ဆွေးနဲ့တွေ့ချင်လှပြီ။ သူ ရင်ခုန်စွာစောင့်မျှော်နေရတဲ့ ဆွေးဆီက အဖြေကို ကြားချင်လှပြီ ဆွေးရယ်။
"ရပါတယ် မနှင်းဆီရယ်... မင်းသားက ဂုဏ်ပကာသနတွေကို မကြိုက်လို့နေမှာပါ..."
ဒေါ်နှင်းဆီ အလိုက်မသိတဲ့သားဖြစ်သူဆီကနေ အကြည့်လွှဲလိုက်ကာ လူကြီးကိုအားနာစွာ ပြံုးပြလိုက်မိ လေသည်။ သတင်းထောက်တွေမခေါ်တာကိုပဲ သားဖြစ်သူကို ကျေးဇူးတင်ရမလိုလို။ ပရိသတ်တွေသာ သိသွားခဲ့ရင် ဒီမင်းသား မာနကြီးလိုက်တာလို့ပြောနေမှဖြင့် ဒုက္ခကရောက်ဦးမယ်။
တိမ်လွှာ ကိုကို့ကို ဂရုဏာသက်စွာကြည့်လိုက်မိလေသည်။ ကိုကို့မျက်နှာက သိသိသာသာကြီးပျက်ယွင်း နေ၏။ တောင့်ခံထားပါ ကိုကိုရယ်... အခုချိန်ခနလေးပါပဲ။ ညနေဆိုရင် ကိုကိုချစ်တဲ့သူနဲ့ တွေ့ရတော့ မှာပဲလေ။
"ဒီစေ့စပ်ပွဲလေးဖြစ်မြောက်သွားတဲ့အတွက်ပဲ ကျွန်မတို့က ဝမ်းသာရတာပါ နှင်းရယ်..."
မေမေက ဆောင်းရတုရဲ့အမေကိုကြည့်ကာ ပြံုးလိုက်ပြီး
"နှင်းလည်းအတူတူပါပဲ... အခုမှပဲ စိတ်ချမ်းသာရတော့တယ်..."
"သားနဲ့သမီးက တကယ်လိုက်ဖက်ကြတာပဲနော် နှင်း... နေနဲ့လ ရွှေနဲ့မြလို့ပဲ နှင်းရယ်..."
"ဟုတ်ပရှင်..."
ရတု ခရာ့မျက်နှာကို လှမ်းကြည့်လိုက်မိတော့ ခရာ့မျက်နှာက မကောင်းပေ။ ကိုယ့်ကိုမချစ်တဲ့ လူတစ်ယောက်ကို လိုချင်ခဲ့တာ။ ဒါပေမယ့် သူ ကိုယ့်ကိုပြန်ချစ်လာမယ်ဆိုတာကို ရတုယုံပါတယ်။ သူ ချစ်လာအောင်လည်း ရတု ကြိုးစားသွားမှာ။
ဆောင်းရတုရဲ့ ကိုကို့ကိုကြည့်နေတဲ့အကြည့်တွေကို တိမ်လွှာ အကဲခတ်နေမိသည်။ ဒီအချိန်မှာ လူကြီးတွေ ပြောနေတဲ့စကားကို သူတို့ကတော့ ကြားဟန်မတူသလို စိတ်ဝင်စားပုံလည်းမရ။ ကိုကိုကလည်း သူ့အပူနဲ့သူဖြစ်သလို ဆောင်းရတုကလည်း သူ့အတွေးနဲ့သူပင်ဖြစ်နေကြသည်။
"ကဲပါ... ဒါဆိုလည်း ဒီစေ့စပ်ပွဲအောင်မြင်သွားပြီပေါ့နော်..."
"ဟုတ်ပါတယ်... အောက်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါပြီ..."
ကောင်းလိုက်တာ ဒီပွဲမြန်မြန်ပြီးစေချင်ခဲ့တာ။ ခရာ မေမေ့ကိုကြည့်လိုက်ကာ
"မေမေ... ဒါဆို ကျွန်တော််သွားနားတော့မယ်..."
"ဟင်... ဘာလို့လဲသားရဲ့... မေမေတို့လူကြီးတွေက အခုပဲ အပြင်သွားကြမလို့ သားတို့လည်း လိုက်ခဲ့လေ..."
ခရာ ခေါင်းကိုလက်နဲ့အသာထောက်လိုက်ကာ
"သား ခေါင်းကိုက်နေလို့... ဘယ်မှမသွားချင်ဘူး... သား နားရင်သက်သာသွားမှာ..."
မေမေ့မျက်နှာက စိုးရိမ်နေသည်။
"ဒါဆို မေမေ မိသားစုဆရာဝန် ခေါ်လိုက်မယ် သား..."
"ရတယ် မေမေ... သား နားလိုက်ရင် သက်သာပါတယ်..."
ရတုလည်း သူ့ကိုကြည့်ကာ စိုးရိမ်သွားမိတော့သည်။ ဘယ်လိုလုပြ်ပီး ချက်ချင်းကြီး အခုလိုဖြစ်သွား ရတာလဲ။ အဲ့ဒါကြောင့် သူ မျက်နှာပျက်နေခဲ့တာလား။
"သားက နေမကောင်းဘူးဆိုလည်း နားခိုင်းလိုက်ပါ နှင်းရယ်... အခုတလော ရုပ်ရှင်တွေကလည်း ဆက်တိုက်ဖြစ်နေတော့ ပင်ပန်းနေမှာပေါ့..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ..."
ခရာ ချက်ချင်းထလိုက်တော့ ခန္ဓာကိုယ်က ယိုင်သွားလေသည်။
"ဟင်... ကိုကို..."
ကိုကို့ကိုကြည့်ကာ တိမ်လွှာစိုးရိမ်သွားပြီ ဘေးကနေ ဝင်ထိန်းလိုက်၏။
"သား ရရဲ့လားသားရယ်..."
ခရာ မေမေ့ကိုခေါင်းရမ်းပြလိုက်ကာ
"ရတယ် မေမေ... သား သက်သာပါတယ်..."
"လာ ကိုကိုလာ... ညီ ကိုကို့အခန်းထဲ လိုက်ပို့ပေးမယ်..."
"အင်း..."
တိမ်လွှာ ကိုကို့ကိုတွဲကာ ကိုကို့အခန်းကို အတူတူတက်လာကြလေသည်။ အခန်းထဲရောက်တော့ ကိုကို့ကို ကုတင်ပေါ်ရောက်အောင် သေချာထိုင်ခိုင်းပြီးမှ တံခါးကိုပြန်လှည့်ပြီး ပိတ်လိုက်လေသည်။ ထို့နောက် ကိုကို့ကိုလှည့်ကြည့်လိုက်တော့ တိမ်လွှာ မျက်လုံးပြူးသွားတော့သည်။
"ဟင် ကိုကို..."
ကိုကို့မျက်နှာက သူ့ကိုကြည့်ကာ ပြံုးနေလေတော့သည်။
"ဘယ်လိုလဲ ညီ... ကိုကို သရုပ်ဆောင်တာ ကောင်းတယ်မို့လား..."
"ဟာ ကိုကိုရာ..."
သူ ကိုကို့နားကိုပြေးသွားလိုက်ကာ ကိုကို့ပခုံးကို လက်သီးနဲ့အသာထိုးလိုက်လေတော့သည်။
"ကိုကိုရယ် ညီက ကိုကိုတကယ်ဖြစ်တာများလားလို့ တကယ်စိုးရိမ်သွားတာ..."
ခရာ ပြံုးလိုက်၏။ ဒါပေမယ့် ခဏပါပဲ ချက်ချင်းပဲထိုင်ရာကနေ ထလိုက်ပြီး
"ကိုကို စိတ်မပါဘဲလုပ်ရတဲ့ပွဲမို့လို့ စိတ်ပင်ပန်းတာ တကယ်ပဲညီ... အခု ဆွေးနဲ့သွားတွေ့ဖို့ ကိုကိုပြင်တော့ မယ်..."
သူမမျက်နှာကိုမြင်ယောင်မိတော့လည်း မျက်နှာက အလိုလိုပြံုးသွားတော့သည်။ ရင်ထဲမှာ ပန်းတွေ ပွင့်လာတာထက်ကို ပိုပြီး ကြည်နူးသွားခဲ့တာ။
တိမ်လွှာ ကိုကို့ကိုကြည့်ကာ နားလည်စွာ ခေါင်းငြိမ့်လိုက်မိလေသည်။ ကိုကိုက ဆွေးအရိပ်ကို အရမ်း ချစ်တာပဲ။ စေ့စပ်ပွဲကတော့ အောင်မြင်စွာပြီးဆုံးသွားပြီ လက်ထပ်ပွဲဖြစ်မလာဖို့တော့ သူ လုပ်ရတော့တယ်။
💕💕💕💕💕💕💕
ကျောင်းဆင်းချိန်ရောက်ပြီဖြစ်သလို ချိန်းထားတဲ့နေရာမှာစောင့်ကာ ရင်တွေခုန်နေမိပြန်လေသည်။ သူမလာမယ့်လမ်းလေးကို လှမ်းကြည့်ကာ မျှော်မိနေတော့၏။
"ညီ... ဆွေးက ဘာလို့မလာသေးတာလဲ..."
တိမ်လွှာလည်း စိတ်ပူလာမိ၏။ ကျောင်းထဲမှာ လူတော်တော်လေးရှင်းနေပြီဖြစ်ပေမယ့် ဆွေးအရိပ်ရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရသေးပေ။  ဘာလို့လဲ... ဘာအဆင်မပြေလို့လဲ။
အဆင်မပြေစရာအကြောင်းလည်းမရှိပါဘူး။ နတ်ဆိုးနဲ့သူက ကျောင်းကိုအတူတူလာ အတူတူသွားတာမှ မဟုတ်တာ။ နတ်ဆိုးက သူ့ကားနဲ့သူပြန်တာ။ ဆွေးအရိပ်ကလည်း လိုင်းကားနဲ့ပြန်တာကို ဘာလို့...? ဟင်... မဟုတ်မှလွဲရော... တွေးမိကာ တိမ်လွှာ မျက်လုံးပြူးသွားလေတော့သည်။
"ညီ... ဘာတွေတွေးနေတာလဲ ကိုကိုမေးတာကြားရဲ့လား..."
သူစိတ်ပူနေတဲ့အကြောင်း ကိုကို့ကိုမပြောချင်ပါ။ ကိုကို့ရဲ့ရခဲလှတဲ့အပျော်တွေကို သူ မဖျက်ဆီးလိုပေ။
"ကိုကိုရယ်... သူ လာနေတာနေမှာပါ... နတ်ဆိုးရဲ့အရိပ်အခြည်ကိုကြည့်နေရလို့ အခုလိုကြာနေတာ နေမှာပါ... စိတ်မပူပါနဲ့..."
ကိုကိုကထိုင်နေရင်းကနေ ကျီးကန်းတောင်းမှောက်သလို ဟိုကြည့်ဒီကြည့်ဖြင့် စိတ်ပူနေလေတော့သည်။ တိမ်လွှာလည်း အငြိမ်မနေရတော့ပါ။ အခုချိန်ထိဘာလို့ရောက်မလာသေးတဲ့အကြောင်း အပြေးအလွှား စဉ်းစားနေမိတော့သည်။
လာမယ့်လမ်းမှာ နတ်ဆိုးနဲ့ဆွေးအရိပ်တို့ တွေ့ကြလို့လား။ ဒါမှမဟုတ် ဆွေးအရိပ်ကိုယ်တိုင်က မလာချင် ခဲ့တာလား။ ဒါမှမဟုတ် ဒီစာက ဆွေးအရိပ်လက်ထဲ မရောက်ခဲ့တာလား။ ဘယ်သူဆီမှာလဲ...? ဘုရား... ဘုရား... နတ်ဆိုးလက်ထဲတော့ မရောက်ပါစေနဲ့...
"ဟင်... နတ်ဆိုး..."
ကိုကို့အသံကြောင့် တိမ်လွှာအလန့်တကြားလှည့်ကြည့်လိုက်မိတော့ သူ့ဆုတောင်းတွေမပြည့်ခဲ့ဘဲ နတ်ဆိုးက ပြံုးကာ သူတို့ရှေ့ကိုရောက်လာလေသည်။
"ဘာလို့လဲ... ဆွေးအရိပ်မဟုတ်လို့ အ့ံသြနေကြတာလား..."
တိမ်လွှာ ကိုကို့ရှေ့ကနေ ကွယ်ရပ်လိုက်ကာ
"နတ်ဆိုး... အဲ့ဒီ့စာကို မင်းရသွားတာလား..."
ရှိန်း သူတို့ထိုင်နေတဲ့စားပွဲရဲ့ လွတ်နေတဲ့ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ကာ
"ဟုတ်တယ် မင်းတိမ်လွှာ... ဒီဇာတ်လမ်းကို မင်းရေးမှန်းငါသိတယ်... မင်ပဲရေး မင်းပဲဒါရိုက်တာလုပ်... ပြီးရင် မင်းအကိုရုပ်ရှင်မင်းသားကိုပဲ မင်းသားလုပ်ခိုင်း... မင်း သိပ်တော်တယ် မင်းတိမ်လွှာ..."
"ရှိန်းအာကာ... ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောပါစေ... ကျွန်တော် ဆွေးအရိပ်ကို တကယ်နှစ်နှစ်ကာကာ ချစ်တာပါ... အဲ့ဒါကြောင့် မနှောင့်ယှက်ပါနဲ့ဗျာ..."
တိမ်လွှာ ကိုကို့ကိုကွယ်ထားရာကနေ ကိုကို့ဘေးမှာဝင်ထိုင်လိုက်လေသည်။
"ဒီမှာ မင်းသားဆိုတဲ့လူကြီး... ခင်ဗျားကိုလည်း ကျုပ်က အပွင့်လင်းဆုံးပြောပြမယ်... အရိပ်ကို ဘယ်သူနဲ့မှ သဘောမတူဘူး..."
ဘယ်ကရလာမှန်းမသိတဲ့ အချစ်ရဲ့အင်အားတွေက လှုပ်ရှားလာကြလေသည်။
"ဆွေးက မင်းရဲ့ညီမမဟုတ်သလို မင်းနဲ့ဘာမှမပတ်သက်ဘူးလို့လည်း ကျွန်တော်သိထားတယ်..."
"ဘာမှမပတ်သက်ဘူးလို့ ဘယ်သူပြောလဲ..."
"မင်းတို့နှစ်ယောက် မိဘချင်းသဘောတူထားတယ်ဆိုတာလည်း မင်းရဲ့လှည့်ကွက်ဆိုတာ ငါသိတယ် နတ်ဆိုး..."
ညီအကိုနှစ်ယောက် တစ်ယောက်တစ်လှည့်စီပြောနေကြလေသည်။ ရှိန်း ပြံုးလိုက်ကာ ခရာ့ကို ကြည့်လိုက်ပြီး
"ဒီမှာ ကိုအက္ခရာမောင်... ခင်ဗျား အရိပ်နဲ့မပတ်သက်တာကောင်းမယ်နော်..."
"ဘာလို့လဲ... ဆွေးက အရုပ်တစ်ရုပ်မဟုတ်ဘူး ရှိန်းအာကာ... မင်း တစ်သက်လုံး အပိုင်သိမ်းထားချင်လို့ မရဘူး... "
"အဲ့ဒါ ခင်ဗျားနဲ့ဘာဆိုင်လဲ... ခင်ဗျားအလုပ်မို့လို့လား..."
ထေ့ထေ့ငေါ့ငေါ့ပြောနေတဲ့ ရှိန်းကိုကြည့်ကာ ခရာ ဒေါသထွက်လာမိလေသည်။ ဒါပေမယ့် အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်ပြီး
"မင်းက ငါ့ညီအရွယ်ပါ ရှိန်းအာကာ... မင်းဆီကနေ အခုကိစ္စကလည်း တောင်းဆိုနေတာမဟုတ်ဘူး... အသိပေးနေတာပါ..."
"ခင်ဗျားတော်စမ်းပါဗျာ... အရိပ်ကို ကျွန်တော်ပိုင်တယ်... အဲ့ဒါ ဟိုးငယ်ငယ်ကတည်းကပဲ..."
"ဆွေးကို အကို မေတ္တာစစ်နဲ့ချစ်တာပါ ရှိန်းရာ... အကိုတို့ကို သဘောတူပေးပါ..."
"ကိုကို... သူ့ကို ဒီလိုမျိုးပြောပြနေစရာမလိုဘူး... သူက ဘာမို့လို့လဲ... ဆွေးအရိပ်ကို သူပိုင်တာမို့လို့လား... သူပိုင်တယ်ဆိုလည်း သူသိမ်းထားလေ..."
"မင်းဘာစကားပြောတာလဲ မင်းတိမ်လွှာ... "
"မဟုတ်လို့လား... မင်း ဆွေးအရိပ်ကို ပိုင်တယ်ပိုင်တယ်သာ ပြောနေတာ... မင်းပိုင်တာ ဘာလဲ... သူ အမြဲတမ်း မင်းကိုကြောက်ရွံ့နေတာတွေက မင်းပိုင်တဲ့အရာတွေလား..."
ရှိန်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိလေသည်။
"နတ်ဆိုးဆိုတဲ့ မင်းနာမည်ကိုကြားတာနဲ့ ထိပ်ဆုံးကနေကြောက်မယ့်လူက ဆွေးအရိပ်ဖြစ်နေတာ မင်းပိုင်တဲ့အရာပဲလား... သူက မင်းကို ဘယ်လောက်ပဲ သေလောက်အောင် ကြောက်နေပါစေ မင်းပိုင်တာ ဆိုတော့ သူ့ဆီက အကြောက်တရားတစ်ခုပဲရှိတယ်..."
"ဘာ... တောက်..."
"ဘာလဲ... ငါပြောနေတာတွေက မဟုတ်လို့လား..."
အမှန်တရားဆိုတာခါးမှန်းသိပေမယ့် သူ သိပ်မုန်းသည်။ ဟုတ်တယ်... အရိပ်က သူ့ကိုဟိုးငယ်ငယ် ကတည်းက သိပ်ကြောက်တာ။ အဲ့ဒါကပဲ သူတို့ဘက်က အားသာချက်ဖြစ်သွားခဲ့သည်။ သူရဲ့ချစ်ခြင်းတွေနဲ့ အရိပ်ရဲ့အကြောက်တရား ယှဉ် ပြိုင်တဲ့အခါတိုင်း သူ့ရဲ့ချစ်ခြင်းကသာ ကျဆုံးသွားခဲ့သည်။ အဲ့ဒါလည်း သူသိတယ်။ အဲ့ဒါတွေကြောင့်လည်း သူ အရိပ်ကို ဆုံးရှုံးရမှာကြောက်တာ။
"ရှိန်းအာကာ... အကို ဆွေးကို တကယ်ချစ်တာပါကွာ..."
"ခင်ဗျား နာမည်ကြီးမင်းသားဖြစ်တာ မထူးဆန်းပါဘူး... ခင်ဗျားက တကယ် သရုပ်ဆောင်တော်တာပါ..."
"အခုဟာ အကို သရုပ်ဆောင်နေတာမဟုတ်ဘူး... ဆွေးကို တကယ်ချစ်လို့ တကယ်ချစ်တယ်..."
"ခင်ဗျား အရိပ်ကို ဘယ်လောက်ချစ်လဲ..."
သူ့စကားမဆုံးသေးခင် ရှိန်းဝင်မေးလိုက်တော့ သူ အ့ံသြသွားမိလေသည်။ ဒါပေမယ့် သူ ဖြေဖို့ တွေဝေ နေတာတော့မဟုတ်ပါ။
"အကို ဆွေးကိုသိပ်ချစ်တယ်... ဆွေးနဲ့ စတွေ့တဲ့အချိန်ကတည်းက အချစ်ဆိုတဲ့အရာကိုသိသွားခဲ့တာ... တဖြည်းဖြည်းနဲ့ ဆွေးက အကို့ရဲ့အရာရာဖြစ်လာခဲ့တာပါ..."
သူ့ရင်ထဲက ခံစားချက်အစစ်အမှန်တွေ ဟုတ် မဟုတ် ရှိန်းစိတ်မဝင်စားပေ။ သူ့ခေါင်းထဲမှာ သိတာဆိုလို့ အရိပ်ကို မစွန့်လွှတ်နိုင်ဘူးဆိုသည့်အရာတစ်ခုသာ။
"မင်း မယုံဘူးလား... အကို ဘယ်လိုသက်သေပြရမလဲ..."
စကားပြောညက်ညောတဲ့သူ့ကို ရှိန်း စိုက်ကြည့်နေမိလေသည်။ သူက တကယ်ပဲ မင်းတိမ်လွှာရဲ့ အကိုလား...။
"မလိုပါဘူး... ဒါပေမယ့် ကျွန်တော်သဘောမတူဘူး..."
ရှိန်း မတ်တပ်ရပ်ပြီး သူတို့ကို ကျောခိုင်းလိုက်ရာ
"ဘာလို့လဲ မင်းလည်း ဆွေးကိုချစ်နေတာလား ရှိန်းအာကာ..."
ရင်ထဲကနှလုံးသားလေးက မသိမသာလှုပ်ခတ်သွားလေတော့သည်။
"ဟုတ်တယ်... ကျွန်တော် အရိပ်ကိုချစ်တယ်..."
"ဟင်..."
အနောက်မှာ သူတို့ဘယ်လိုဘယ်ပုံကျန်ခဲ့မယ်ဆိုတာ သူ မသိချင်တော့ပေ။ ကမ္ဘာဦးအစကတည်းက လူသားတွေဟာ အချစ်အတွက် စစ်ပွဲတွေဖြစ်ခဲ့ကြတယ်။ သူနဲ့ အက္ခရာမောင်လည်း အဲ့လိုပဲဆိုရင် ဒီစစ်ပွဲကို သူကိုယ်တိုင် စိန်ခေါ်မယ်။ ဒါဟာ စီးချင်းတိုက်ပွဲတခုဖြစ်ခဲ့မယ်ဆိုရင်လည်း အချစ်အတွက် သူဒီတိုက်ပွဲမှာ အက္ခရာမောင်နဲ့ စီးချင်းထိုးမယ်။
💕💕💕💕💕💕💕

#####
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Hikayelerin yaşadığı yer. Şimdi keşfedin