💕ချစ်သောကိုကို💕
💕ဒုတိယတွဲ💕
💖အခန်း(၄)💖
"ခရာ... သား နေကောင်းသွားပြီလား..."
သူ ရတုရဲ့အမေ ဒေါ်နွယ်နီကို ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ ကျွန်တော် နေကောင်းသွားပါပြီ အန်တီ..."
"အေးကွယ်... မင်းရဲ့အရှိန်အဝါက အခုချိန်ထိ ပရိသတ်ရဲ့ရင်ထဲမှာ စိုးမိုးနေတုန်းမို့လို့ မင်းကို အခုလိုမျိုး တွန်းအားပေးနေရတာပါ..."
"အို နွယ် ကလည်း... သားလေးက ရုပ်ရှင်တွေပြန်ရိုက်တော့မှာပဲလေ..."
မေမေကပါ သူ့ဘက်ကနေဝင်ပြောပေးနေလေသည်။ ရတုအမေကတော့ သူ့ကို သိပ်ပြီးကြည်ပုံမရပေ။ အင်းပေါ့လေ... သူကြောင့် အရှက်ကွဲထားရတာဆိုတော့ ဘယ်ကြည်နိုင်ပါ့မလဲ။ ဒါပေမယ့် သူ နားမလည်တာတစ်ခုက ဘာလို့ သူရုပ်ရှင်ရိုက်နိုင်အောင် ကူညီပေးနေတာလဲ ဆိုတာပဲဖြစ်သည်။ ဆောင်းရတုကပဲ အတင်း တိုက်တွန်းနေခဲ့လို့လား။
"နွယ် နားလည်ပါတယ် နှင်းရယ်... အဲ့ဒါကြောင့်လည်း အခုလိုရောက်လာရတာပေါ့..."
စကားဝိုင်းမှာ လေးယောက်ထိုင်နေတာဆိုပေမယ့် ဆောင်းရတုနဲ့သူကတော့ ငြိမ်သက်နေခဲ့လေသည်။
"အဲ့ဒီ့အတွက် နှင်းက နွယ့်ကို ကျေးဇူးတင်ရတာပါ နွယ်ရယ်..."
"ရပါတယ် နှင်းရယ်... ခရာ နေပြန်ကောင်းတာနဲ့ ရုပ်ရှင်ရိုက်ဖို့ စီစဉ်လိုက်ရအောင်လေ..."
မေမေ့အကြည့်တွေက သူ့ဆီသို့ရောက်လာကာ
"သား ဘယ်လိုသဘောရလဲ..."
သူ မေမေ့ကို ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ်ကဲ့ မေမေ... ဖြစ်နိုင်ရင် သား မနက်ဖြန်ပဲရိုက်ချင်တယ်..."
"အို...ကောင်းတာပေါ့ မင်းသားရယ်... အန်တီက အဲ့လိုပဲဖြစ်စေချင်တာ..."
"ဖြစ်ပါ့မလား ခရာရယ်... အလုပ်တွေပင်ပန်းတဲ့အခါ ခရာပြန်ပြီး နေမကောင်းဖြစ်နေပါဦးမယ်..."
ဆောင်းရတုက သူ့အတွက် စိုးရိမ်စွာပြောနေပေမယ့် သူ ခေါင်းရမ်းလိုက်ကာ
"ရပါတယ် ကျွန်တော် လုံးဝကောင်းသွားပါပြီ..."
သူမမျက်နှာက တကယ်ပဲ စိုးရိမ်နေသည့်ပုံပင်။ ဒါပေမယ့် သူကတော့ စိတ်မဝင်စားပါ။ အခုချိန်မှာ သူ စိတ်ဝင်စားနေတာက ဆွေးကို ပြန်ရှာနိုင်မယ့်နည်းလမ်းပင်ဖြစ်သည်။
"စိတ်မပူပါနဲ့ သမီးလေးရယ်... သားလေးက လုံးဝသက်သာနေပါပြီ..."
"သမီးကစိုးရိမ်လို့ပါ အန်တီနှင်းရယ်..."
"အင်း... ဒါဆိုရင်လည်း မနက်ဖြန် စရိုက်မယ်လေ မင်းသား..."
"ဟုတ်ကဲ့ အန်တီ..."
"ခနနေ လိုအပ်တဲ့စာရွက်နဲ့စာချုပ်တစ်စောင် အန်တီလာပေးမယ်... မင်းသား ရုပ်ရှင်ပြန်ရိုက်မယ်ဆိုရင် သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ထင်တယ် ဖြစ်ပါ့မလား..."
"အဲ့ဒါတော့ မပူပါနဲ့ နွယ် ရယ်... နှင်း စီစဉ်လိုက်ပါ့မယ်..."
မေမေက ဝင်ပြောလိုက်တော့ ဆောင်းရတုရဲ့အမေက ခေါင်းငြိမ့်လိုက်ကာ
"အင်း... ဒါဆို နှင်းပဲ ကြည့်စီစဉ်လိုက်ပါ..."
"အင်း..."
"ဒါဆို နွယ်တို့သားအမိ ပြန်တော့မယ်လေ နှင်း..."
"ပြန်တော့မလို့လား နွယ်ရဲ့... နေ့လယ်စာလေးစားသွားဦးလေ..."
ဆောင်းရတုရဲ့အမေက မေမေ့ရဲ့ကိုကိုင်လိုက်ကာ
"ဒီနေ့တော့ နားလည်ပေးပါ နှင်းရယ်... ခရာ့အတွက် စီစဉ်စရာလေးတွေစီစဉ်ရဦးမှာမို့လို့ပါ..."
မေမေ့မျက်နှာက အလိုမကျသလိုဖြစ်သွားပေမယ့် သူ့အတွက်မို့လို့လားမသိ ချက်ချင်းပဲပြံုးသွားကာ
"ဒါဆိုလည်း ဒီနေ့တော့ နှင်း နားလည်ပေးလိုက်မယ်နော်... နောက်တစ်ခါဆို လုံးဝမငြင်းရဘူး..."
"ဟုတ်ပါပြီ နှင်းရယ်... ဒါဆို နွယ်တို့ ပြန်တော့မယ်လေ...."
"အင်း... အင်း..."
"သမီး ပြန်ရအောင်လေ..."
မေမေက ပြန်ရအောင်လေဆိုတော့မှ ရတုအကြည့်တွေက သူ့ဆီသို့ ရောက်သွားတော့၏။ ရှင့်မှာ ဘာအကြံအစည်တွေရှိလို့ အခုလိုမျိုး ရုပ်ရှင်ရိုက်ဖို့ လက်ခံလိုက်ရတာလဲ ခရာရယ်။ ဒါပေမယ့် ရတုပျော်ပါတယ်။ ရှင့်ကို အရင်လိုပုံစံမျိုးနဲ့ ရတုပြန်တွေ့ရမှာပဲ၊ နောက်ပြီး ရတု ရှင့်ကို အရင်လိုမျိုး ဆက်ပြီး ချစ်ခွင့်လေးရှိနေဦးမယ်ဆိုတဲ့မျှော်လင့်ချက်လေးလည်း ပြန်ပြီးရှင်သန်လာခဲ့ရပြီလေ။
"သမီး လာလေကွယ်..."
"ရှင်... ဟုတ်... ဟုတ်ကဲ့ မေမေ..."
မေမေက သူမလက်ကိုဆွဲကိုင်လိုက်တော့မှ သူမ သတိဝင်လာကာ မတ်တပ်ရပ်လိုက်မိတော့၏။ သူမရှေ့မှာ ခရာကရှိမနေတော့။ သူမ ဧည့်ခန်းထဲကို လိုက်ကြည့်လိုက်တော့ အိမ်ပေါ်ထပ်ကိုတက်သွားတဲ့ သူ့ရဲ့ကျောပြင်ကိုပဲ မြင်ရလေတော့သည်။
"နှင်း... သွားတော့မယ်နော်..."
"အင်း..."
မေမေနဲ့ရတု ခရာ့အိမ်ထဲကနေ ထွက်လာကြလေသည်။ ခရာ့မေမေ ဒေါ်နှင်းဆီက ခြံပေါက်ဝအထိ လိုက်ပို့ပေးနေသဖြင့် အားနာနာနဲ့ ကားကိုဖြည်းဖြည်းချင်း မောင်းနေရသည်။ ခြံအပြင်ရောက်တော့မှပဲ ကားကို ပုံမှန်ပြန်မောင်းလိုက်ကာ မေမေ့မျက်နှာကို အကဲခတ်လိုက်တော့ မေမေ့မျက်နှာက အန်တီနှင်းဆီရှေ့မှာလိုမဟုတ်ဘဲ တည်တ့ံနေလေသည်။
"မေမေ..."
"တော်တော့ သမီး... မေမေ့ဆီက ဘာတွေများ ထပ်ပြီးတောင်းဆိုဦးမလို့လဲ..."
"ဟိုလေ..."
"အက္ခရာမောင်အတွက်ဆိုရင်တော့ တော်တော့သမီး... အခုလိုရုပ်ရှင်ရိုက်ဖို့ ပြန်ပြီးခေါ်ရတာတောင် မေမေတို့ဘက်က တော်တော်လေး အောက်ကျနေပြီဆိုတာ သမီးသိရဲ့လား..."
"သမီး သိပါတယ် မေမေရယ်... အခုက... "
"ကားကိုသာ ဂရုစိုက်မောင်း ဆောင်းရတု... အက္ခရာမောင်အတွက်ဆိုရင်တော့ မေမေ့ကို ဘာမှထပ်မပြောနဲ့တော့... မေမေ ထပ်ပြီး ဘာကိုမှ လိုက်လျောမပေးနိုင်တော့ဘူး... အခုဟာကလည်း သမီးကိုမေမေချစ်လွန်းလို့သာ လိုက်လျောပေးတာ..."
ရတု ကားကိုဂရုစိုက်မောင်းရင်းကနေ မေမေ့မျက်နှာကို မဝဲ့မရဲ လှမ်းကြည့်လိုက်လေသည်။
"မေမေရယ် ခရာက..."
"တော်တော့ သမီး... မေမေ့ကို ဘာမှထပ်မပြောနဲ့တော့... မေမေ သူနဲ့အလုပ်အတူတွဲလုပ်ပေးမယ်လို့ သမီးကို ကတိပေးပြီးပြီးပဲ... မေမေ့ဆီက ဘာကိုမှ ထပ်မတောင်းဆိုနဲ့တော့လေ..."
"ဟင်း..."
ရတု သက်ငြ်းအသာချလိုက်ကာ မေမေ့ဆီက အကြည့်တွေကို လွှဲလိုက်ရတော့သည်။ ဟုတ်ပါတယ် မေမေပြောသလိုပဲ ခရာ ရုပ်ရှင်ပြန်ရိုက်နိုင်အောင် သူမ မေမေ့ကိုအပူကပ်ခဲ့တာဖြစ်သည်။ မင်္ဂလာဆောင်ခါနီးမှ သတို့သားပျောက်သွားရတဲ့အဖြစ်ကို မေမေက နာကြည်းပေမယ့် သူမကိုချစ်သဖြင့် သူမဆန္ဒကိုလိုက်လျောပေးခဲ့သည်။
သူမသာ အမှတ်မရှိဘဲ ခရာ့ကို အခုချိန်ထိ ချစ်နေဆဲ။ အချစ်ဆိုတာ အချိန်တွေလို ပြောင်းလဲသွားမယ့်အရာမှမဟုတ်တာ မေမေရယ်။ မုန်းဖို့... စိတ်နာဖို့ ရတု ခရာ့ကိုချစ်ခဲ့တာမဟုတ်တော့ နာကျင်စွာခံစားနေရလည်း ရတု ကျေနပ်ပါတယ် မေမေရယ်...။
💕💕💕💕💕💕💕
"ဒါ အကြွေးစာရင်းတွေပဲ ကိုရှိန်း..."
သူ ခေါင်းတစ်ချက်ငြိမ့်လိုက်ကာ အကြွေးစာရင်းစာအုပ်ကို တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်နေလေသည်။
"ဦးသာလှရဲ့အကြွေးက ဘယ်တော့လာပေးမှာတဲ့လဲ သာဂိ..."
"ဒီနေ့ မတ်ပဲအကြွေးတွေ လာပေးမယ်လို့ပြောတယ် ကိုရှိန်း..."
စာရွက်တွေကိုကြည့်နေတဲ့ သူ့မျက်ခုံးတွေက ကျံု့တက်သွားကြကာ အကြည့်တွေကလည်း သာဂိဆီသို့ရောက်သွားကာ
"စပါးဖိုးကရော..."
ဆံပင်ရှည်တွေကို နောက်မှစုစည်းထားတဲ့ ကိုရှိန်းရဲ့မျက်နှာက ရှင်းသန့်နေလေသည်။
"စပါးဖိုးက လကုန်ခါနီးမှပေးမယ်လို့ ပြောပါတယ် ကိုရှိန်း..."
"ကိုကို..."
"ဟင် အရိပ်..."
သူ စာအုပ်ကိုပြန်ပိတ်လိုက်ကာ သူရှိနေရာ ဂိုဒေါင်ထဲကိုဝင်လာတဲ့ အရိပ်ရှိရာသို့ ပြေးသွားလိုက်လေသည်။
"အရိပ် ဖြည်းဖြည်း... ဖြည်းဖြည်းလာ အရိပ်... ဪ... ပစ်လဲမှဖြင့် အရိပ်ရယ်..."
သူကသာ စိုးရိမ်တကြီးပြောနေတာ ပန်းနုရောင်ဗိုက်ဖုံးအကျႌနဲ့ အရိပ်ရဲ့မျက်နှာကတော့ ပြံုးနေလေတော့သည်။ သူ အရိပ်ရဲ့လက်ကိုသေချာဆုပ်ကိုင်လိုက်ကာ
"လာ အရိပ်... ကိုယ့်နားမှာထိုင်..."
"ဟုတ်..."
သာဂိ ရှိန်းနဲ့အရိပ်တို့ကိုကြည့်ကာ သဘောကျစွာ ပြံုးလိုက်မိတော့၏။ ကိုရှိန်းက မမအရိပ်ကို သိပ်ချစ်တာပဲ။
"ကိုယ့်ဆီလာမယ်ဆိုရင် ကိုယ့်ကိုလှမ်းခေါ်လိုက်ပါလား အရိပ်ရယ်... လမ်းလျှောက်ရင်းနဲ့ ခလုတ်တိုက်တာတွေ ဘာတွေဖြစ်ရင် ကိုယ် ရင်ကျိုးရမှာ..."
သူမအတွက်စိုးရိမ်တကြီးအပြစ်ပြောဆိုနေတဲ့ ကိုကို့ကိုကြည့်ကာ သူမ ပြံုးလိုက်မိပြန်၏။ ကိုကိုက သူမကို သိပ်ဂရုစိုက်တာပဲ။
"အရိပ် ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့... စိတ်မပူပါနဲ့..."
"စိတ်မပူပါနဲ့လို့တော့ မပြောပါနဲ့ အရိပ်ရယ်... ဒီကမ္ဘာမှာ ကိုယ် တန်ဖိုးထားရမယ့်လူဆိုလို့ အရိပ်တစ်ယောက်ပဲရှိတာ... အရိပ်က ကိုယ့်ဘဝဖြစ်သလို ကိုယ့်ရဲ့ကမ္ဘာလည်းဖြစ်တယ်... အဲ့ဒီ့လိုပဲ အရိပ်ဗိုက်ထဲက ရင်သွေးလေးကလည်း ကိုယ့်ရဲ့ကမ္ဘာပဲအရိပ်... အဲ့ဒါတော့ အရိပ်အမြဲတမ်းမှတ်ထားပေးပါနော်..."
သူ သူမလက်လေးကိုဆုပ်ကိုင်ပြီး ယုယစွာ နမ်းလိုက်မိလေသည်။ သူမမျက်နှာမှာ အပြံုးတစ်ပွင့်က ပွင့်လန်းသွားတော့၏။
"ဟုတ်... အရိပ်မှတ်ထားပါ့မယ် ကိုကို..."
"အင်းပါ... အခု ကိုယ့်ဆီလာတာ အရိပ် ဘာပြောစရာရှိလို့လဲ... ဘာတွေလိုအပ်လို့လဲအရိပ်... "
သူမ ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်း မရှိပါဘူး ကိုကို.... အရိပ် ကိုကို့ဆီလာတာ ကိုကို့ကိုတွေ့ချင်လို့..."
"ဘယ်လို ကိုကို့ကိုတွေ့ချင်လို့ ဟုတ်လား အရိပ်..."
အရိပ်ကခေါင်းငြိမ့်ပြသဖြင့် သူ ပိုပြီးကြည်နူးသွားမိလေတော့သည်။ သူ ဒီဘဝလေးမှာပျော်တယ်။ တဖြည်းဖြည်းနဲ့ သူ ဒီဘဝလေးကို ပိုပြီးမြတ်နိုးလာတယ်။ ဒီဘဝလေးကို မစွန့်လွှတ်ချင်တော့ဘူး အရိပ်ရယ်။
"အင်း... ကိုကို့ကို တနေကုန် တစ်ခါမှ မတွေ့ရသေးဘူးလေ ကိုကိုရဲ့..."
"ကိုယ်က အလုပ်တွေရှုပ်နေလို်ပါ အရိပ်ရယ်... "
"ဟုတ်လား အရိပ် လုပ်ကူမယ်လေ ကိုကိုရဲ့..."
သူမစကားကြောင့် သူ သဘောကျစွာပြံုးလိုက်တော့ သာဂိကလည်း သူတို့ကိုကြည့်ကာ ပြံုးနေလေသည်။
"ရပါတယ် အရိပ်ရယ်... ကိုယ့်ကြောင့် အရိပ် ပင်ပန်းမှာစိုးလို့ပါကွာ... ဒါနဲ့ အရိပ် ဒီကိုလာတာ စံပယ်မသိဘူးလား..."
"ဟင့်အင်း သူမသိအောင် ထွက်လာတာ..."
"ဘယ်လို..."
"မမအရိပ်ရေ... မမအရိပ်..."
"ဟင် စံပယ်က အရိပ်ကိုလိုက်ရှာနေတယ်..."
"ကိုရှိန်း... မမအရိပ်ကိုမတွေ့... ဟင် မမအရိပ်..."
စံပယ်က သူ့ဘေးမှာအရိပ်ကိုတွေ့သဖြင့် အ့ံသြနေလေသည်။
"မမအရိပ်ရယ်... မမကိုမတွေ့တော့လို့ စံပယ်လန့်သွားတာပဲ..."
"အရိပ် ဘယ်မှမသွားပါဘူး စံပယ်ရဲ့ ကိုကို့ဆီလာတာ..."
"မမအရိပ် ဆေးသောက်ရမယ့်အချိန်ရောက်ပြီလေ မမရဲ့ သွားရအောင်...i
အရိပ်ရဲ့အကြည့်တွေက သူ့ဆီသို့ရောက်လာကာ
"ကိုကို အရိပ်သွားတော့မယ်နော်... ညကျရင် အရိပ် ကိုကိုနဲ့စကားတွေပြောချင်သေးတယ် အရိပ် မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာစောင့်နေမယ်နော် ကိုကို..."
"အင်း... ကိုယ် အရိပ်ကို လာခေါ်မယ်နော် အရိပ်..."
"ဟုတ် ကိုကို..."
"လာ မမအရိပ် စံပယ့်လက်ကိုတွဲလိုက်..."
"အင်း..."
အရိပ်တို့ထွက်သွားတာကိုကြည့်ကာ သူ့ရင်ထဲက ပီတိတွေဟာဖြာဝေလာလေတော့သည်။
"ငါ ဒီဘဝလေးကို ထာဝရပိုင်ဆိုင်ချင်တယ် သာဂိရာ..."
"ကျွန်တော်လည်း အဲ့လိုဖြစ်စေချင်တယ် ကိုရှိန်းရယ်... ကိုရှိန်းက မမအရိပ်ကို အရမ်းချစ်တာပဲ..."
"ချစ်တာပေါ့ကွာ... အရိပ်က ငါ့ရဲ့ကမ္ဘာ... ငါ့ရဲ့ဘဝ... ငါ့ရဲ့အရာရာပဲ..."
"မမအရိပ်ကလည်း ကိုရှိန်းကိုချစ်ပါတယ် ကိုရှိန်းရဲ့..."
သူပြောလိုက်တဲ့စကားကြောင့် ကိုရှိန်းရဲ့မျက်နှာက တည်သွားကာ ခေါင်းကိုအသာရမ်းနေလေသည်။
"အဲ့ဒါက အရိပ် အတိတ်မေ့နေတဲ့အချိန်မှာပဲဖြစ်လိမ့်မယ် သာဂိ... အရိပ်သာ သတိပြန်ရလာရင် ငါ့ကို..."
"ကိုရှိန်းရယ်..."
ကိုရှိန်း ဆက်ပြောမယ့်စကားကို သူသိသဖြင့် ကိုရှိန်းကို သနားသွားမိလေသည်။
"အရိပ်က မကြာခင်မီးဖွားတော့မယ် သာဂိ... လက်သည်အဒေါ်ကြီးပြောတာတော့ ရက်ပိုင်းလောက်ပဲလိုတော့တယ်တဲ့... အဲ့ဒါကြောင့် မင်း လိုအပ်တာလေးတွေ ပြင်ဆင်ပေးထားလိုက်ပါ..."
"ဟုတ်ကဲ့ပါ ကိုရှိန်း... ကျွန်တော် အားလုံးလုပ်ပေးထားပါ့မယ်..."
"အင်း... ဒါဆို ငါ ဟိုဘက်ရွာကိုသွားလိုက်ဦးမယ်..."
"ဟုတ်ကဲ့ ကိုရှိန်း..."
"ကိုရှိန်းအာကာက မမကိုသိပ်ချစ်တာပဲနော် မမ..."
သူမ ဆေးသောက်ပြီးရေဖလားကို စံပယ့်လက်ထဲထည့်ပေးရင်းကနေ ပြံုးပြီးခေါင်းငြိမ့်ပြလိုက်လေသည်။
"အင်း... ကိုကိုက မမကိုသိပ်ချစ်တာ စံပယ်ရဲ့..."
"ဒါပေမယ့်..."
ဒါပေမယ့်လို့ပြောကာ ရပ်သွားတဲ့စံပယ့်ကို သူမ နားမလည်စွာကြည့်လိုက်မိကာ
"ဒါပေမယ့် ဘာဖြစ်လဲစံပယ် ဆက်ပြောလေကွယ်.."
စံပယ်က ခေါင်းကုတ်လိုက်ကာ
"ကိုရှိန်းအာကာနဲ့မမက လင်မယားတွေဖြစ်ပြီး ဘာလို့အတူတူမနေကြတာလဲဆိုတာ စံပယ် စဉ်းစားလို့မရဘူး မမ..."
"ဟင်..."
"ဟုတ်တယ်လေ မမရဲ့... စံပယ်တွေးမိတာက ကိုရှိန်းအာကာက မမရဲ့ခင်ပွန်းဟုတ်ရဲ့လားဆိုတာ..."
"ဟင်... မဟုတ်ပါဘူး စံပယ်ရယ်... ကိုကိုက အလုပ်ကြောင့် မမနဲ့အတူမနေနိုင်တာပါ... စံပယ်ပြောမှပဲ မမစိတ်ထဲမှာ..."
တကယ်ပဲ မမအရိပ်က သူမစကားကြောင့် စဉ်းစားသလို ငြိမ်သက်သွားလေတော့သည်။
"စံပယ် ရေဖလားသွားထားလိုက်ဦးမယ် မမ..."
စံပယ်ထွက်သွားတာတောင် သူမခေါင်းထဲမှာ စံပယ်ပြောခဲ့တဲ့စကားတွေက စွဲကျန်ခဲ့လေတော့သည်။ ကိုကိုက အရိပ်ကိုချစ်တယ်ဆိုတာ အရိပ်သိသည်။ ဒါပေမယ့် စံပယ်ပြောတာကလည်း စဉ်းစားစရာဖြစ်သွားသဖြင့် သူမ နားမလည်နိုင်ခဲ့။
ကိုကိုက အရိပ်ရဲ့ခင်ပွန်းဆိုတာ ယုံမှားစရာလား... ဟုတ်တယ် ကိုကိုက အရိပ်ကို ဒီလောက်ထိချစ်တာကို... ဒါပေမယ့် ကိုကို ဘာလို့ အရိပ်နဲ့အတူမနေတာလဲ... စံပယ်ပြောသလိုပဲ ကိုကိုက အရိပ်ရဲ့ခင်ပွန်းမဟုတ်လို့လား...။ အို... မဟုတ်ပါဘူး... ငါ ဘာတွေလျှောက်တွေးနေရတာလဲ...
💕💕💕💕💕💕💕
#######
အိပ်မက်ကြယ်
ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...
