💕ချစ်သောကိုကို💕
💖အခန်း(၁၃)💖“ကျွတ်… အရေးနဲ့အကြောင်းနဲ့ဆို ဖုန်းဆက်လို့မရတော့ဘူး…”
တိမ်လွှာ စိတ်ညစ်သွားမိကာ ဖုန်းကိုထပ်ပြီးခေါ်လိုက်လေသည်။
“တီ…တီ….တီ”
ဖုန်းကဝင်နေပေမယ့် မကိုင်ပေ။ မင်းသူ ဘယ်တွေလုပ်နေလို့ သူ့ဖုန်းကိုမကိုင်နိုင်ရတာလဲ။ အရေးကြီးပါတယ်ဆိုမှပဲ။ နတ်ဆိုးသာ ဆွေးအရိပ်ကိုတွေ့သွားရင် ပြဿနာတွေတက်ကုန်မှာ။
“တီ…တီ…တီ”
“ဟယ်လို တိမ်လွှာ…”
“မင်းသူ… မင်းကွာ ငါဖုန်းခေါ်နေတာကြာလှပြီ… မင်းဘာလုပ်နေတာလဲ…”
“ဆောရီးပါတိမ်လွှာရာ… ငါအခု Toilet သွားနေလို့ပါကွာ… ဘာကိစ္စရှိလို့လဲ ပြောလေ…”
“ငါ့ကို တစ်ခုလောက်ကူညီပါဦး မင်းသူ…”
“အင်း.. ဘာလဲ…”
“မင်း အခု ကိုကိုရှိနေတဲ့ရိုက်ကွင်းကိုသွားပြီး ဆွေးအရိပ်ကိုရှာပေးပါကွာ…”
“ဟင်… ဘာလို့လဲ….”
“ငါ မင်းကို နောက်မှအေးအေးဆေးဆေးရှင်းပြမယ် မင်းသူ… အခုက အရမ်းအရေးကြီးနေတော့.. မင်းအခု ချက်ချင်းသွားမှ ဖြစ်မယ်… ဆွေးအရိပ်ကိုခေါ်ပြီး အဲ့ဒီ့နေရာနဲ့ဝေးဝေးကိုသာ ခနခေါ်သွားလိုက်ပါ… ငါ နောက်ကလိုက်ခဲ့မယ်… တကယ်လို့ ဆွေးအရိပ်ကမေးလာခဲ့ရင် နတ်ဆိုး အဲ့ဒီ့နေရာကိုလာနေလို့ ခေါ်ရတာလို့သာ ရှင်းပြလိုက်ပါကွာ…”
“သြော်… အေး… အေး တိမ်လွှာ ငါအခုသွားလိုက်မယ်…”
တိမ်လွှာ ဘာတွေလုပ်ထားမှန်းတော့ မင်းသူမသိ။ ဒါပေမယ့် အခုလောလောဆယ် တိမ်လွှာပြောသလို တော့ လုပ်ပေးရမှာပဲ။ တိမ်လွှာ့အသံကိုနားထောင်ရတာ ဘယ်လောက်အရေးကြီးလဲဆိုတာကို မင်းသူ ရိပ်မိပါသည်။ ဘာတွေများဖြစ်လို့ပါလဲ။ သူတွေးကာ သူရောက်နေတဲ့ Toilet ထဲကနေ မြန်မြန် ထွက်လာလိုက်ရတော့သည်။
အခုချိန်ဆို ကိုအက္ခရာမောင်ရဲ့ရိုက်ကွင်းက ကန်တင်းမှာလို့သူကြားထားသည်။ Toilet နဲ့ကလည်း သိပ်မဝေးတော့ သူ ခနလေးနဲ့ရောက်သွား၏။ တိမ်လွှာပြောသလို ဆွေးအရိပ်ဆိုတဲ့ကောင်မလေးကို အမြန် လိုက်ရှာလိုက်၏။ ဒီနားမှာမိန်းကလေးတွေအများကြီးကို တွေ့ရပေမယ့် အဲ့ဒီ့ကောင်မလေးနဲ့တူတဲ့လူဆိုလို့ တစ်ယောက်မှကိုမတွေ့ပေ။ ဒီနေရာမှာ ရှိရောရှိလို့လား။ ဒါပေမယ့် တိမ်လွှာပြောတဲ့ပုံက ရှိနေတဲ့ပုံ ဆိုတော့…
“ဟင်… ဟိုတစ်ယောက်လား…”
ကန်တင်းဆီသို့ တရွေ့ရွေ့နဲ့လျှောက်လာတဲ့အရိပ်လေးတစ်ခု။ ဒီနေရာသို့မဝ့ံမရဲလာနေပုံမှာ ထိတ်လန့်စရာ နေရာတစ်ခုကို လာနေရသလိုခံစားနေရပုံပင်။
ဆွေး ရင်တွေအရမ်းပဲတုန်နေခဲ့သည်။ ကန်တင်းမှာ သူရောက်နေတယ်တဲ့။ ဆွေးကိုတွေ့ချင်လို့ ခဏပဲ ဖြစ်ဖြစ်လာပေးပါဆိုပြီး ဆွေးဆီကို စာရွက်လေးတစ်ရွက်ရောက်လာသည်။ ဆွေးမသိတဲ့လူတစ်ယောက်က လာပေးတဲ့စာတစ်စောင်ဆိုတော့ ဘယ်သူပေးမှန်းလည်း ဆွေးမသိခဲ့။ ဒါပေမယ့် ဆွေး ဖောက်ဖတ်မိတော့မှ အဲ့ဒီ့လူဟာ သူမှန်းဆွေးသိခဲ့ရသည်။
ဆွေး ကိုယ့်ကိုကိုယ် တကယ်ပဲအ့ံသြနေခဲ့မိသည်။ ဆွေး ဘာဖြစ်လို့ သူချိန်းတဲ့နေရာဆီကို သွားနေရ တာလဲ။ ဆွေး… သူ့ကို ချစ်မိသွားလို့များလား။ အို… မဖြစ်နိုင်ပါဘူး။ ဆွေးနဲ့သူက ဘယ်လိုမှမဖြစ်နိုင်တဲ့ လူတွေ။ ဒါပေမယ့် ဆွေး သူ့ဆီကိုဘာလို့သွားနေရတာလဲဆိုတာ နားမလည်ခဲ့။ ဆွေးကိုယ်တိုင်က သွားချင်နေခဲ့လို့လား… သူပို့ပေးတဲ့စာကို ဖတ်ပြီးကတည်းက ဆွေးရဲ့ခြေထောက်တွေ အလိုလိုနေရင်း ရွေ့လျားကုန်ကြတာတော့အမှန်ပါ။
“ဆွေးအရိပ်…”
“ဟင်…”
တစ်ခါမှမကြားဖူးခဲ့တဲ့အသံဖြစ်သလို ဆွေးရဲ့ရှေ့တည့်တည့်ကိုရောက်နေတဲ့လူရိပ်တစ်ခုကြောင့် ဆွေး လန့်သွားကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိလေသည်။ အသံရှင်ကိုမော့ကြည့်လိုက်တော့ ဆွေးသိတဲ့သူ မဟုတ်သဖြင့် ဆွေး အံ့သြသွားမိကာ
“ရှင်က…”
“မင်း ကိုယ်နဲ့ခဏလိုက်ခဲ့ပေး… တိမ်လွှာခေါ်ခိုင်းလိုက်တာ… နောက်ပြီး ဒီနေရာကို နတ်ဆိုးလာနေတယ် လို့လည်း ပြောခိုင်းလိုက်တယ်…”
“ဟင်.. ကိုလေး…”
ဆွေး မျက်နှာလေးဖြူဖပ်ဖြူလျော်လေးဖြစ်သွားတော့၏။ ဆွေး ကိုလေးကိုမေ့ကာ ဒီနေရာအထိ သတ္တိရှိရှိ ရောက်လာခဲ့သည်။ ကိုလေးသာသိရင်တော့ ဆွေးကို ကျောင်းတက်ခိုင်းတော့မှာမဟုတ်တော့ဘူး။ ဆွေး ချက်ချင်းပဲ ငိုချင်သွားမိတော့သည်။
“လာ… လိုက်ခဲ့…”
သူက ပြောလည်းပြော ရှေ့ကနေလည်းထွက်သွားတော့ ဆွေး ကြောက်လန့်တကြား နောက်ကနေ အမြန် လိုက်ရတော့သည်။ ကိုမင်းတိမ်လွှာက ဆွေး ဒီမှာရှိနေတာကိုသိနေခဲ့လို့ သူ့သူငယ်ချင်းကို ခေါ်ခိုင်း လိုက်တာလား။ ဆွေး တကယ်ပဲ ကိုလေးကိုမေ့နေခဲ့သည်။ ကိုလေးကို မေ့လောက်တဲ့အထိတောင် သူ ဆွေးပေါ်ချစ်တဲ့အချစ်က စစ်မှန်ခဲ့တာလား။ ဆွေး ဘာကိုယုံကြည်ရမှန်းမသိပေမယ့် အခုချိန်မှာတော့ ဆွေး ကြောက်လန့်နေမိလေသည်။
“ကျွတ်…”
ရှိန်း စိတ်တိုလာသဖြင့် မျက်နှာတစ်ခုလုံး ချွေးတွေပျံလာတော့၏။ မင်းတိမ်လွှာ မင်းမှာ ဘာအကြံတွေ ရှိနေလို့လဲ။ သူ့ခြေလှမ်းတွေဟာ ကန်တင်းဆီသို့သာလှမ်းနေတာ စိတ်တွေကတော့ အရိပ်ဆီသို့သာ ရောက်နေလေတော့သည်။ အရိပ်ရယ် ကျေးဇူးပြုပြီး အဲ့ဒီ့နေရာမှာ မရှိပါနဲ့နော်။ ကိုယ် မင်းတိမ်လွှာ ပြောတဲ့စကားတွေကို မယုံဘူး။ အဲ့ဒါကြောင့် မင်းတိမ်လွှာပြောသလို အရိပ် အဲ့ဒီ့နေရာမှာ မရှိပါနဲ့ အရိပ်ရယ်။ သူပြောသလိုသာအမှန်ဆိုရင် ကိုယ် ရင်တွေကွဲရလိမ့်မယ်။ ကိုယ်လေ… အရိပ်ကို ရူးသွပ်စွာ ချစ်မိနေပြီဆိုတာ အရိပ်သိရဲ့လား…။
“ရှိန်း… ငါတို့ကို စောင့်ပါဦးကွာ…”
သူငယ်ချင်းတွေက သူ့နောက်သို့ ပြေးလိုက်လာကြလေသည်။ သူ ဒီကန်တင်းထဲမှာ တကယ်ပဲ အရူး တစ်ယောက်လို ပတ်ပြေးနေခဲ့မိတာလား။ ကန်တင်းတစ်ခုလုံးသာနှံ့တာ အရိပ်ကိုမတွေ့ရသေး။ သူ စိန်ပန်းပင်ကြီးနားရောက်တော့ မောပန်းစွာနဲ့ ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်လေသည်။ ရှိန်း သစ်ပင်ကြီးကို လက်နဲ့ထောက်ထားလိုက်ကာ အသက်ကို မောဟိုက်စွာရှူရှိုက်လိုက်မိလေသည်။
တင်းမာနေတဲ့မျက်နှာမှာ ချွေးတစ်ချို့က စီးကျလာခဲ့၏။ သူငယ်ချင်းတွေအကုန်လုံး သူ့နောက်ကို လိုက်လာတာကိုတောင်မှ သူ ဂရုမပြုနိုင်လောက်အောင် ကန်တင်းအနှံ့ပတ်ပြေးနေခဲ့မိသည်။
“ရှိန်း… ငါတို့တော့ မင်းကို နားမလည်နိုင်တော့ဘူးကွာ…”
“ဟုတ်တယ် ရှိန်း… ငါတို့လည်း ကန်တင်းကိုနေရာလပ်မရှိအောင် ရှာတာပဲ… ဆွေးအရိပ်ကို လုံးဝမတွေ့ ခဲ့ဘူး… မင်းဘာတွေစိတ်ပူနေတာလဲ ရှိန်း…”
“မင်းတိမ်လွှာ မင်းကို လိမ်ပြောနေတာပဲနေမှာ ရှိန်း… မင်းကြည့်ရတာ တော်တော်မောနေပုံပဲ… ငါ ရေသွား ၀ယ်လိုက်မယ် ရှိန်း…”
၀ဏ္ဏက ပြောကာ ကန်တင်းထဲသို့ ပြေးဝင်သွားလေသည်။ ရှိန်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ
“မင်းတို့လည်း သူပြောတာကို မယုံဘူးမို့လား…”
သီဟနဲ့ ကိုဖြိုး ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်တယ် ရှိန်း… မင်းလည်း ယုံမနေနဲ့… သူပြောတဲ့အတိုင်းဆို ကိုအက္ခရာမောင်ကပဲ ဆွေးအရိပ်ကို ကြိတ် crush နေတဲ့ပုံကွ…”
“ဟုတ်တယ် ငါလည်းမယုံဘူး… ဒါပေမယ့် ငါစိုးရိမ်နေတယ်…”
သူတို့တွေ ရှိန်းကို နားမလည်စွာ ကြည့်လိုက်ကြလေသည်။ ရှိန်းရဲ့ပုံစံ မောပန်းနေသဖြင့် အသက်ကို ပြင်းပြင်းရှူနေ၏။ သူတို့လည်း ရှိန်းနည်းတူ အသက်ကိုပြင်းပြင်းရှူနေရသည်။ ရှိန်းရဲ့အနောက်ကို ပြေးပြီး လိုက်ရသဖြင့် သူတို့လည်း မောပန်းနေပြီဖြစ်သည်။ ရှိန်းကတော့ ပြေးရင်းနဲ့ဘာမှမဖြစ်သလို ဟိုကြည့် ဒီကြည့်နဲ့ ဆွေးအရိပ်ကိုလိုက်ရှာနေတာ့ မောလို့မောမှန်းလည်းမသိပေ။
“ရှိန်း ရော့…”
၀ဏ္ဏ လက်ထဲကရေဗူးကို ရှိန်းရဲ့လက်ထဲသို့ လှမ်းပေးလိုက်လေသည်။ ရှိန်း သူ့လက်ထဲက ရေဗူးကို ယူလိုက်ကာ အဖုံးဖွင့်ပြီး မော့သောက်လိုက်၏။ ထို့နောက် ၀ဏ္ဏကိုကြည့်လိုက်ကာ
“ကျေးဇူးပဲ သူငယ်ချင်း…”
၀ဏ္ဏက သူ့ကိုနားလည်စွာနဲ့ခေါင်းငြိမ့်လိုက်ပြီး
“မင်း ဆွေးကို…”
၀ဏ္ဏက ဆက်မပြောဘဲ ငြိမ်သွားတော့ ရှိန်းရဲ့အကြည့်တွေက ၀ဏ္ဏဆီသို့ရောက်သွားကာ
“ဆောရီး ၀ဏ္ဏ…”
တကယ်တော့ သူ ဆွေးကိုချစ်နေတဲ့အကြောင်း သူ့သူငယ်ချင်းတွေလည်း ရိပ်မိသွားပြီဖြစ်သည်။ အရိပ်နဲ့ ပတ်သက်ပြီး ရှိန်း ၀ဏ္ဏကို လက်သီးနဲ့ထိုးခဲ့တာဆိုတော့ ရှိန်း အားနာနေမိပေမယ့် ၀ဏ္ဏကတော့ နားလည် လို့ပဲလား မယုံကြည်လို့ပဲလားမသိ ငြိမ်သက်နေခဲ့လေသည်။
“တကယ်ဆို မင်း ငါတို့ကိုပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ် ရှိန်းရာ…”
၀ဏ္ဏအသံက စိတ်မကောင်းသည့်အသံဖြစ်နေပေမယ့် စိတ်တိုသည့်အသံတော့မဟုတ်ပေ။
“ငါလည်း အခုချိန်ထိမယုံနိုင်ခဲ့ဘူး ၀ဏ္ဏ…”
“တကယ်တော့ မင်းရင်ထဲမှာ ဟိုးအရင်ထဲက ဆွေးအရိပ်က ရှိနေခဲ့တာပါကွာ… မင်းရဲ့မသိစိတ်ထဲမှာ ဆွေးအရိပ်ရှိနေခဲ့ပေမယ့် မင်းရဲ့ အနိုင်ယူမှုတွေကဖုံးကွယ်ထားလို့ မင်းမသိခဲ့တာပါ…”
ရှိန်း ၀ဏ္ဏပြောတာကို နားလည်စွာဖြင့် ခေါင်းတစ်ချက်ငြိမ့်လိုက်လေသည်။
“ဟုတ်တယ် ရှိန်း… မင်းက ဆွေးအရိပ်နဲ့ပတ်သက်လာရင် အမြဲတမ်း အရိပ်တစ်ကြည့်ကြည့်နဲ့ ရှိနေခဲ့တာ ငါတို့တွေသိပါတယ်… မင်း သူ့ကိုချစ်နေတယ်ဆိုတာကတော့ ၀ဏ္ဏနဲ့ပြဿနာဖြစ်တဲ့နေ့ကမှ ပိုပြီးနားလည် သွားခဲ့တာ… တကယ်တော့ ၀ဏ္ဏက မင်းစိတ်ရင်းအမှန်ကို ဖော်ထုတ်ပေးလိုက်တာပဲ ရှိန်း…”
“မင်းတို့တွေ နားလည်ပေးလို့ ငါတကယ်ပဲဝမ်းသာမိပါတယ်… မင်းတို့ကိုပြောပြချင်ပေမယ့် ငါ ပြောမထွက် ခဲ့ဘူး… ပြောရမှာကို ကြောက်လန့်နေခဲ့တယ်… မင်းတို့အမြင်မှာ ငါက အရိပ်ကို အမြဲတမ်းအနိုင်ယူခဲ့တာ ဆိုတော့ ငါပြောတာကို မင်းတို့ယုံမှာမဟုတ်ဘူးလို့ပဲ ငါထင်နေခဲ့မိတာ…”
၀ဏ္ဏ ရှိန်းရဲ့ပခုံးကိုပုတ်လိုက်ကာ
“ငါတို့ယုံပါတယ် ရှိန်းရာ… ဒါပေမယ့် အခု မင်းတိမ်လွှာပြောသလိုဖြစ်မလာတော့ မင်း ဘာဆက်လုပ်မလဲ…”
ရှိန်း ရေဗူးထဲကရေကိုထပ်သောက်လိုက်ကာ ၀ဏ္ဏကိုကြည့်လိုက်လေသည်။ ထို့နောက် အကြည့်တွေကို လွှဲလိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်းရမ်းလိုက်ကာ
“ဟင့်အင်း… ငါ ဘာမှလုပ်စရာမလိုတော့ဘူး… ဘာလို့လဲဆိုတော့ အရိပ်မှ ဒီနေရာမှာရှိမနေတာ… တကယ်လို့ အရိပ်သာရှိနေမယ်ဆိုရင်တော့ ငါ ဘာလုပ်မိမလဲ တကယ်မသိဘူး… ၀ဏ္ဏ မင်း အက္ခရာမောင် ကို ဘယ်နားမှာ တွေ့ခဲ့လဲ…”
၀ဏ္ဏ ကန်တင်းအတွင်းပိုင်းသို့ လက်ညှိုးလှမ်းထိုးလိုက်ကာ
“ကန်ဘောင်ဘေးက လျှောက်လမ်းပေါ်မှာ သူနဲ့ဆောင်းရတုတို့ ရုပ်ရှင်ရိုက်နေကြတယ် ရှိန်း… မင်း ဘာလုပ်မလို့လဲ…”
ရှိန်း ပြံုးလိုက်ကာ ၀ဏ္ဏ ပြောတဲ့နေရာသို့ လှမ်းကြည့်လိုက်ပြီး
“ငါ သူ့ကို အပြင်မှာ မြင်ဖူးချင်လို့ပါ…”
“အိုကေလေ… ဒါဆို ငါတို့သွားကြရအောင်…”
“အင်း…”
သူတို့တွေ ခရာရှိတဲ့နေရာသို့ ထွက်သွားကြလေသည်။
💕💕💕💕💕💕💕
“ဆောရီး ဆွေးအရိပ်…”
တိမ်လွှာတို့တွေ ဆွေးထိုင်နေကျနေရာလေးသို့ ရောက်နေကြလေသည်။ ဆွေး သူ့ကိုမော့ကြည့်လိုက်ကာ
“ဘာလို့လဲ…”
တိမ်လွှာ သူမကိုအားနာစွာကြည့်လိုက်ပြီး
“ကျွန်တော် နတ်ဆိုးကို ပြောပြလိုက်ပြီ…”
“ဟင်… ဘာကိုလဲ…”
သူမက နားမလည်စွာနဲ့ သူ့ကိုပြန်ကြည့်ကာ မေးလာတော့ တိမ်လွှာ ဘယ်လိုပြောပြရမလဲဆိုတာ စဉ်းစား လိုက်မိသည်။ နတ်ဆိုးယုံမယုံတော့သူမသိ။ ပြောပြပြီးမှ သူလည်း ဆွေးအရိပ်အတွက် စိုးရိမ်သွားကာ မင်းသူကို အကူအညီတောင်းလိုက်ရခြင်းဖြစ်သည်။ မင်းသူကတော့ နားမလည်ဘဲ သူ့ကိုကြည့်နေ၏။
“ကျွန်တော့်ကိုကိုက ဆွေးအရိပ်ကိုသဘောကျနေတဲ့အကြောင်းပါ…”
“ရှင်…”
သူမ ထိတ်လန့်စွာမျက်လုံးပြူးသွားသဖြင့် တိမ်လွှာလည်း လန့်သွားမိလေသည်။ သူမ နှုတ်ခမ်းတွေ လှုပ်လာခဲ့ပေမယ့် ဘာစကားလုံးမှတော့ ထွက်မလာခဲ့ပါ။ သူမအရမ်းအံ့သြသွားမယ်ဆိုတာကို သူသိပါသည်။
“ဟုတ်ပါတယ်… အဲ့ဒါကြောင့်လည်း ကျွန်တော်သူငယ်ချင်းကို အခုလိုမျိုး ကန်တင်းကနေ ဆွေးအရိပ်ကို ခေါ်လာခိုင်းခဲ့ရတာပါ…နောက်ပြီး ကန်တင်းမှာ ကိုကိုရှိတဲ့အကြောင်းကိုလည်း ကျွန်တော်ပဲ စာပို့ပေးလိုက် တာပါ…”
“ဆွေးကို ရှင် တစ်ခုခုဖြစ်စေချင်တာပဲ…”
“ဗျာ…”
ဆွေးပြောတာကို တိမ်လွှာနားမလည်ဖြစ်သွားမိ၏။ ဒါပေမယ့် သူ ဆွေးကိုကြည့်ကာ အ့ံသြသွားမိတော့ သည်။ ဆွေးရဲ့မျက်လုံးထဲမှာ မျက်ရည်တွေဝဲလာတာကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
“ဆွေးအရိပ် ဘာဖြစ်လို့လဲ…”
“တကယ်လို့ ကိုလေးသာ အဲ့ဒါတွေကိုသိသွားခဲ့ရင် ဆွေးကို ကျောင်းတက်ခိုင်းတော့မှာမဟုတ်ဘူး… အဲ့ဒါကို ရှင်ရော ရှင့်ကိုကိုရော မသိပါဘူး…”
“ဟင်…”
တိမ်လွှာတစ်ယောက်ထဲမဟုတ်ဘဲ မင်းသူပါ အ့ံသြသွားလေသည်။
“ဆွေး ဘာလို့ ကျောင်းတက်တယ်ဆိုတာ ရှင်တို့သိရဲ့လား…”
သူမမျက်ဝန်းမှာ မျက်ရည်တွေက စို့တက်လာပြီး ကျလုလုဖြစ်လာတော့သည်။
“ဆွေးမိဘတွေကိုတွေ့ချင်လို့… ဆွေးမိဘတွေကို ပြန်ရှာချင်လို့ ဆွေး ကျောင်းတက်နေတာ… ရှင်တို့ ကြောင့် ဆွေးသာကျောင်းဆက်မတက်ရရင် ဆွေးမိဘတွေနဲ့ ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး…”
သူတို့တွေ စိတ်မကောင်းဖြစ်သွားကြလေတော့သည်။ သူတို့တွေ အဲ့ဒီ့အကြောင်းတွေကို လုံးဝမသိခဲ့ပေ။ အဲ့ဒါကြောင့် သူမ နတ်ဆိုးကို ကြောက်နေခဲ့တာလား။
“ကျွန်တော် တောင်းပန်ပါတယ်ဆွေးရယ်… ကျွန်တော် အဲ့ဒါတွေကို တကယ်မသိခဲ့လို့ပါ… သိခဲ့ရင်လည်း ကိုကိုပျော်ရွှင်ဖို့အတွက်နဲ့ အခုလိုမျိုးတွေလုပ်ပေးမိမှာမဟုတ်ပါဘူး… ကျွန်တော် တကယ်တောင်းပန် ပါတယ်…”
“စိတ်မပူပါနဲ့ ဆွေးအရိပ်… နတ်ဆိုးက မင်းကို ကန်တင်းမှာမြင်ခဲ့တာမှမဟုတ်ဘဲ… အဲ့ဒါကြောင့် သူ သိမှာမဟုတ်ပါဘူး…”
တိမ်လွှာ မင်းသူပြောတာကိုနားထောင်ပြီး ခေါင်းငြိမ့်လိုက်ကာ
“ဟုတ်ပါတယ် ဆွေး… ကျွန်တော် နတ်ဆိုးကိုပြောပြခဲ့ပေမယ့် နတ်ဆိုးပုံစံက ယုံတဲ့ပုံမပေါ်ပါဘူး… အဲ့ဒါ ကြောင့် ဆွေးသာအမူအရာမပျက်ရင် သူ တကယ်ကို ဘာမှသိမှာမဟုတ်ဘူး… အဲ့ဒါကြောင့် မငိုလိုက် နဲ့နော်…”
ဆွေး ကျလုကျခင်ဖြစ်နေတဲ့ မျက်ရည်တွေကို မျက်တောင်နဲ့ပုတ်ခတ်လိုက်ကာ တိမ်လွှာ့ကိုကြည့်လိုက်ပြီး
“ကိုလေး တကယ်မသိလောက်ပါဘူးနော်… ကိုလေးသာသိရင် ဆွေး တကယ်ကျောင်းတက်ရမှာ မဟုတ် တော့ဘူး… အဲ့ဒါဆိုရင် ဆွေးမိဘတွေနဲ့လည်း တွေ့ရမှာမဟုတ်တော့ဘူး…”
“ဟုတ်ပါတယ် စိတ်မပူပါနဲ့…”
“တိမ်လွှာ ငါတို့အခုသွားမှဖြစ်မယ်ထင်တယ်…”
“ဘာလို့လဲ…”
“တော်ကြာ ကန်တင်းမှာ ဆွေးအရိပ်ကိုမတွေ့လို့ ဒီနေရာကို နတ်ဆိုးရောက်လာမှ ငါတို့ ဒုက္ခ ရောက်နေမယ်…”
“သြော်… အေး ဟုတ်သားပဲ…”
တိမ်လွှာ ခေါင်းငြိမ့်လိုက်ကာ ထလိုက်ပြီး ဆွေးကိုကြည့်လိုက်လေသည်။
“ဒီနေ့ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ် ဆွေး… ကျွန်တော့်ကိုကိုကိုလည်း ဒီအကြောင်းတွေပြောပြလိုက်ပါမယ်… ဒါပေမယ့် ကျွန်တော် တစ်ခုတောင်းဆိုချင်တာက ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ကျွန်တော်နဲ့ပဲသက်ဆိုင်တာမို့လို့ ဆွေး ကိုကို့ကိုစဉ်းစားပေးတဲ့ကိစ္စနဲ့တော့ မရောထွေး လိုက်ပါနဲ့ ကိုကိုခံစားနေရမှာကို ကျွန်တော် မကြည့်ရက်လို့ပါ…”
ဆွေး သူ့ကို ဘာမှပြန်မပြောမိပါ။ ဒါပေမယ့် ရင်ထဲမှာတော့ ခေါင်းတွေငြိမ့်နေမိမှာပါ။ ကိုလေးကိုကြောက်တဲ့ စိတ်နဲ့အတူ သူ့အကြောင်းကိုတွေးမိတော့လည်း ရင်တွေဟာ ခုန်လာခဲ့သလိုလိုပါလား။ ဆွေး… သူ့ကို ချစ်မိသွားခဲ့တာများလား။ မဖြစ်နိုင်တဲ့အရုပ်လေးတစ်ရုပ်ကို ဆွေး မက်မောသွားခဲ့တာလား။
“ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး…”
“ဟုတ်…”
“မင်းသူ လာ ကိုကို့ဆီသွားရဦးမယ်…”
“အင်း…”
သူတို့တွေ ဆွေးရှေ့ကနေ ထွက်လာခဲ့ပေမယ့် ဆွေးကတော့ သူတို့ကို မကြည့်ဘဲ ခေါင်းငုံ့လျှက် ကျန်ခဲ့ လေသည်။ တိမ်လွှာ့စိတ်ထဲမှာတော့ သူမကို တကယ်ပဲသနားနေမိသည်။ မိဘတွေရှိနေရဲ့သားနဲ့ မိဘတွေနဲ့ ဝေးနေရတဲ့သူမကို သူ တစ်ခုခုလည်းလုပ်ပေးချင်မိသည်။ အနည်းဆုံးတော့ သူမရဲ့မိဘတွေကို ရှာပေး တာပဲဖြစ်ဖြစ်ပေါ့။ မဆီမဆိုင် တိမ်လွှာ အိမ်မှာအလုပ်လုပ်နေကြတဲ့ ဦးအောင်သူနဲ့ ဒေါ်ခင်ပိုးကို သတိရသွား မိပြန်၏။ ဒါပေမယ့် ချက်ချင်းပဲ ခေါင်းရမ်းလိုက်ကာ မဖြစ်နိုင်ပါဘူး… တကယ်လို့ ဟုတ်ခဲ့မယ်ဆိုရင် သူတို့တွေ့ကြရမှာပဲလေ…။
💕💕💕💕💕💕💕
“သား… အအေးလေးသောက်လိုက်ဦး…”
ခရာ မေမေ့လက်ထဲက လိမ္မော်ရည်ကိုယူလိုက်ကာသောက်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားလိုက် မိလေသည်။ ညီပြောတော့ ဆွေး သူ့ဆီကိုလာမယ်ဆို။ အခုထိဘာလို့ရောက်မလာသေးတာလဲ။ တစ်ဆက်တည်းဆိုသလို ခရာ့အကြည့်တွေက ကန်ဘောင်ဘေးက ပန်းပင်တွေရဲ့အနောက်သို့ရောက်သွား လေသည်။
“ဟင် နတ်ဆိုး…”
နတ်ဆိုးတို့အဖွဲ့ကို တွေ့လိုက်ရသဖြင့် ခရာ မျက်လုံးပြူးသွား၏။ ဒါဆိုရင် သေချာပါပြီ ဆွေးကတော့ ဒီနေရာကို ရောက်လာမှာမဟုတ်တော့ဘူး။
“သား… ဘာဖြစ်လို့လဲ…”
သူ့အသံကြောင့် မေမေကမေးလာတော့ သူ ခေါင်းကို အသာရမ်းပြလိုက်ကာ
“ဘာမှမဟုတ်ပါဘူး မေမေ…”
ကျောင်းထဲမှာ ကျောင်းသူတော်တော်များများက ခရာ့ကိုကြည့်နေကြလေသည်။
“သားတို့နှစ်ယောက်လုံး တော်တော် တော်ကြတာပဲ… ဒါနဲ့ ရတုဘယ်ရောက်သွားလဲ သား…”
“သား ဘယ်လိုလုပ်ပြီးသိမှာလဲ မေမေရဲ့…”
ခရာ အလိုမကျစွာ ပြောလိုက်မိလေသည်။ ဆွေး ရောက်လာတော့မှာမဟုတ်ဘူးဆိုတာကိုသိလိုက်ရတော့ စိတ်ထဲမှာ ဘာတွေဖြစ်လာမှန်းမသိတော့။ အလိုလိုနေရင်း စိတ်ကမရှည်ဖြစ်လာတော့၏။ သူ့အကြည့်တွေ က နတ်ဆိုးတို့ဆီသို့ ထပ်ရောက်သွားပြန်လေသည်။ နတ်ဆိုးရဲ့အကြည့်တွေက သူ့အပေါ်မှာ စူးရဲနေသဖြင့် သူ မလုံမလဲမျက်လုံးအကြည့်တွေကို လွှဲလိုက်မိလေသည်။
သူ့အကြည့်တွေက ဘာအဓိပ္ပာယ်လဲ။ သူ တစ်ခုခုသိသွားလို့လား။ သူ့အကြည့်တွေက ရန်လိုတဲ့အကြည့် တွေဆိုတာကို ခရာ အလိုလိုနေရင်းသိနေမိသည်။
“ကိုကို…”
ညီရောက်လာသဖြင့် ခရာဝမ်းသာသွားကာ
“ညီ… ဘယ်လိုဖြစ်ရတာလဲ…”
ညီက မေမေ့ကိုကြည့်ကာ မျက်ရိပ်ပြလိုက်လေသည်။
“သြော်… စာမသင်ဘဲနဲ့ ဘယ်လိုဖြစ်ပြီးရောက်လာတာလဲလို့မေးတာပါကွာ…”
“သား… မေမေ ရတုနဲ့သွားတွေ့လိုက်ဦးမယ်နော်…”
အခုလောလောဆယ်တော့ မေမေ့ကို သူ့အနားမှာမရှိစေချင်သဖြင့် ခရာ ခေါင်းငြိမ့်ပြလိုက်လေသည်။ မေမေက ချက်ချင်းပဲ ဘယ်ရောက်နေမှန်းမသိတဲ့ ဆောင်းရတုနောက်ကို လိုက်သွားတော့သည်။
“ညီ ပြောပါဦးကွာ…”
ညီ့မျက်နှာကသိပ်မကောင်း။ သူ့ဘေးကခုံမှာဝင်ထိုင်လိုက်ကာ ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက် လေသည်။
“ဘာဖြစ်လို့လဲ ညီ… နတ်ဆိုးကို လိုက်ရှာနေတာလား…”
“ဟင်… ကိုကို သူနဲ့တွေ့ပြီးပြီလား…”
တိမ်လွှာ အ့ံသြသွားသလို ကိုကို့အတွက်လည်း စိုးရိမ်သွားမိလေသည်။ ပြဿနာက သူစခဲ့တာ ကိုကိုက သိတာမဟုတ်ဘူး။ အလကားနေရင်း နတ်ဆိုးက ကိုကို့ကို ရန်လာရှာသွားတာလား။
“ခုနကတော့ ဟိုနားမှာရှိတယ်…”
ကိုကိုလက်ညှိုးထိုးပြတဲ့နေရာကို တိမ်လွှာကြည့်လိုက်တော့ ဘယ်သူ့ကိုမှမတွေ့ရတော့ပေ။ သူပြောတာကို နတ်ဆိုးယုံသွားပြီး ကိုကို့ကိုလာကြည့်တာလား။
“သူ့ကို ထားလိုက်ပါညီရာ… ဆွေး ဘာလို့ရောက်မလာလဲဆိုတာသာ ကိုကို့ကို ပြောပြပါ…”
တိမ်လွှာ ခေါင်းငြိမ့်လိုက်ကာ
“ဒီနေ့ ညီ နတ်ဆိုးကိုဘာပြောခဲ့လဲ ကိုကိုသိလား…”
ကိုကိုက မသိတဲ့သူဆိုတော့ ခေါင်းရမ်းပြနေ၏။
“ကိုကိုက ဆွေးကိုသဘောကျတဲ့အကြောင်း ပြောပြခဲ့တယ်…”
“ဟင်… ညီ ဘာတွေလျှောက်လုပ်နေတာလဲ ညီရယ်… ညီ့စကားကြောင့် ဆွေးကိုသာ နတ်ဆိုးက ပြဿနာ ရှာရင် ဘယ်လိုလုပ်မလဲ…”
စိတ်ချင်းဆက်နေတဲ့ ကိုကိုနဲ့ဆွေးအရိပ်အဖြစ်ကိုတွေးမိကာ တိမ်လွှာ သဘောကျစွာပြံုးလိုက်မိလေသည်။ ဆွေးအရိပ်စိုးရိမ်သလို ကိုကိုလည်းစိုးရိမ်နေခဲ့တာပါလား။
“အဲ့ဒါကြောင့် နတ်ဆိုးက ကိုကို့ဆီကိုရောက်လာခဲ့တာ ကိုကို… ဒါပေမယ့် သူ ညီပြောတာကို မယုံသွား ပါဘူး…”
အဲ့ဒီ့တော့မှ ကိုကို့ပုံစံက စိတ်ချသွားသည့်ပုံဖြင့် ခုနက နတ်ဆိုးရှိနေတယ်ဆိုတဲ့နေရာကို လှမ်းကြည့် လိုက်ကာ
“တော်သေးတာပေါ့ ညီရယ်… ဒါနဲ့ ညီ ဆွေးနဲ့တွေ့ခဲ့သေးလား…”
တိမ်လွှာ့နားထဲမှာ ဆွေးပြောခဲ့တဲ့စကားတွေကိုကြားယောင်လိုက်ကာ ခေါင်းကိုလေးပင်စွာ ငြိမ့်လိုက်မိ လေသည်။
“တွေ့ခဲ့တယ် ကိုကို…. ဒီနေ့ ကန်တင်းမှာ ဆွေးအရိပ် ကိုကို့ဆီလာတာကို နတ်ဆိုးမသိသွားတာ ကံကောင်းသွားတယ်…”
“ဟုတ်တယ်ညီ… ကိုကိုလည်း ဆွေးကိုတွေ့ချင်ပေမယ့် ကိုကို့ကြောင့်တော့ ဆွေးကို ဒုက္ခမရောက်စေချင် ပါဘူး…”
တိမ်လွှာ နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်ကာ
“ဆွေးက အရမ်းသနားစရာကောင်းတာပဲ ကိုကို…”
ခရာ တိမ်လွှာပြောတဲ့စကားကိုနားမလည်သဖြင့် တိမ်လွှာ့မျက်နှာကို သေချာကြည့်လိုက်မိလေသည်။ ဘေးကကြည့်ရတဲ့ ညီ့ရုပ်ရည်ဟာ နုပျိုချောမွေ့နေ၏။ နှုတ်ခမ်းမွေးရေးရေးလေးတွေကြောင့် ညီဟာလည်း ချောမောခန့်ညားသူတစ်ယောက်ဆိုတာကို လူတိုင်းသိပါတယ်။ ဒါပေမယ့် ထူးဆန်းတာက အခုချိန်ထိ ညီမှာ့ချစ်သူရည်းစားမရှိသေးတာပဲ။
“ညီ ဘာတွေသိခဲ့ရသေးလဲ…”
“တကယ်လို့ ဒီနေ့ ကန်တင်းမှာ ဆွေးအရိပ်နဲ့နတ်ဆိုးသာတွေ့ခဲ့မယ်ဆိုရင် နတ်ဆိုးက ဆွေးအရိပ်ကို ကျောင်းတက်ခိုင်းတော့မှာမဟုတ်ဘူး ကိုကို… အဲ့ဒါဆိုရင် ဆွေးအရိပ်လည်း သူ့မိဘတွေကို ဘယ်လိုမှ ရှာနိုင်မှာမဟုတ်တော့ဘူး..”
“ဟင် ညီပြောတဲ့အဓိပ္ပာယ်က…”
ခရာ တိမ်လွှာ့ကို နားမလည်စွာပြန်မေးလိုက်မိလေသည်။
“ဆွေးအရိပ်က ဟိုးငယ်ငယ်ကတည်းက မိဘတွေနဲ့ကွဲနေခဲ့တာတဲ့… အဲ့ဒါကြောင့် အခုကျောင်းတက်ရင်းနဲ့ သူ့မိဘတွေနဲ့ တွေ့ဖို့ကြိုးစားနေခဲ့တာ ကိုကို… တကယ်လို့ ကိုကိုနဲ့ဆွေးအရိပ်သာ ချစ်သူဖြစ်ခဲ့မယ်ဆိုရင် နတ်ဆိုးက ကျောင်းတက်ခိုင်းမှာမဟုတ်ဘူ… အဲ့ဒါဆိုရင် သူလည်း သူ့မိဘကိုရှာနိုင်မှာမဟုတ်တော့ဘူး… ညီ လုပ်ခဲ့ပြီးမှ နောင်တရနေမိတာ.. ဒါပေမယ့် ကံကောင်းစွာနဲ့ ညီ ဆွေးအရိပ်ကို နတ်ဆိုးမမြင်အောင် လုပ်နိုင်ခဲ့တယ် ကိုကို…”
ကိုကို့မျက်နှာက အလွန်ကိုစိုးရိမ်နေသည့်ပုံပင်။
“တော်သေးတာပေါ့ ညီရယ်… ဒါနဲ့ ဆွေးရဲ့မိဘနာမည်တွေကို ညီသိခဲ့ရလား…”
ညီက သူ့ကိုခေါင်းရမ်းပြနေလေသည်။ ညီ့မျက်နှာက တော်တော်လေးကို စိတ်မကောင်းဖြစ်နေသည့်ပုံပင်။
“ကိုကိုတို့လည်း ၀ိုင်းရှာကူရအောင်လို့လေ… အခုဆိုရင် နတ်ဆိုးကလည်း ကိုကို့ကိုသတိထားမိနေပြီ… ကိုကို ဆွေးကိုတွေ့ဖို့အတွက် ဘယ်လိုဆက်လုပ်ရမလဲညီ…”
ကိုကိုက ဒီနေ့ ဆွေးကိုမတွေ့ရသဖြင့် ၀မ်းနည်းနေ၏။ တိမ်လွှာ ကိုကို့ကိုလည်း သနားမိသွားသည်။ မေမေ မရှိခင် လွတ်လွတ်လပ်လပ်ပြောနေရတာမို့ စကားကို သိပ်ပြီးအကျယ်ကြီးမပြောရဲခဲ့။
“ညီ စဉ်းစားပါဦးမယ် ကိုကိုရယ်… ဒီနေ့ မတွေ့ရလည်း နောက်နေ့တွေ့ရအောင် ညီစဉ်းစားပါ့မယ်…”
“ကျေးဇူးတင်ပါတယ် ညီရယ်… ညီသာမကူညီရင် ကိုကိုတော့ ဒီတစ်သက် ဆွေးနဲ့ဝေးရတော့မယ်… နတ်ဆိုးလက်ထဲကနေ ဆွေးကို ကိုကို ကယ်ထုတ်ချင်တယ် ညီရယ်…”
ကိုကို့ရင်ထဲက ခံစားချက်တွေဟာ ပြင်းထန်နေပြီဆိုတာကို သူ သေချာနားလည်သွားပါပြီ။ ကိုကို့မျက်နှာက မကောင်းသေးပေ။
“သားရေ… နောက်တစ်ခန်းရိုက်ရအောင်တဲ့လေ…”
မေမေ ရောက်လာသဖြင့် တိမ်လွှာ ကိုကို့ကိုကြည့်လိုက်ကာ
“ကိုကို ညီသွားတော့မယ်နော်… ဘာမှမပူနဲ့ ကိုကို့ရုပ်ရှင်အပေါ်မှာသာ အာရုံစိုက်ပါ… ကျန်တာတွေ ညီအားလုံးလုပ်ပေးမယ်…”
ခရာ ခေါင်းငြိမ့်ပြလိုက်လေသည်။ တိမ်လွှာ ကိုကို့ကိုကြည့်ပြီးမှ အဲ့ဒီ့နေရာကနေ ထွက်လာလိုက်သည်။ ဟူး… ကိုကိုရယ် ကိုကို့အစား ညီလည်း ရင်မောပါတယ်။ ညီ ကိုကိုနဲ့ဆွေးအရိပ်ကို အမြန်ဆုံးနီးစပ်အောင် လုပ်ပေးမှဖြစ်တော့မယ်။ နတ်ဆိုးကလည်း ရိပ်မိလောက်ပြီ။ ဒါတွေအားလုံးဟာ ညီ့အမှားတွေပါ။ ပြောချင် တာတွေပြောပြီမှ တိမ်လွှာနောင်တရနေမိတော့၏။ ပြောခဲ့တဲ့အချိန်တုန်းကတော့ သူ အဲ့ဒါတွေ တကယ် မစဉ်းစားမိခဲ့။ အခုတော့ ကိုကို့နဲ့ဆွေးအရိပ်တို့အတွက် စိတ်မကောင်းဖြစ်နေမိတာဖြစ်သည်။
💕💕💕💕💕💕💕#####
အိမ်မက်ကြယ်
ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...