အခန်း(၂၅)

48 2 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၂၅)💖

"ရှိန်း မင်းတော်သင့်နေပြီ..."
ထပ်ပြီးသောက်ရန်ပြင်နေသော ရှိန်းရဲ့လက်ကို ဝဏ္ဏဆွဲထားကာ ပြောလိုက်လေသည်။
"အေ့... ဘာလို့လဲ ဝဏ္ဏ ငါသောက်ပါရစေ... ဒီနေ့တော့ ငါမူးမှဖြစ်မှာမို့လို့ပါကွာ... အေ့... ငါ့ကို မတားပါနဲ့..."
ကိုဇွဲနဲ့ သီဟတို့လည်း ရှိန်းကိုကြည့်ကာ မျက်နှာပျက်နေလေသည်။
"မင်း များနေပြီ ရှိန်း... မင်း အိမ်ကိုဘယ်လိုပြန်မှာလဲ..."
"မသိဘူးကွာ... ငါသောက်ပါရစေ ဝဏ္ဏရာ... ငါ... ငါ့ရင်တွေကွဲနေလို့ပါကွာ... ငါ မူးပြီးမှောက်သွားတဲ့အထိ သောက်မယ်..."
ကိုဇွဲ ဝဏ္ဏကိုကြည့်ကာ မျက်ရိပ်ပြလိုက်တော့ ဝဏ္ဏ ရှိန်းရဲ့လက်ကိုလွှတ်လိုက်ကာ
"ရှိန်းရယ်... ငါတို့ မင်းကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းတောင် မသိတော့ဘူးကွာ..."
နီရဲစိုစွတ်နေတဲ့ရှိန်းရဲ့နှုတ်ခမ်းတွေဟာ တွန့်ကွေးပြီး ပြံုးသွားလေတော့သည်။ ထို့နောက် စူးရဲသော မျက်လုံးများဖြင့် ဝဏ္ဏကိုကြည့်လိုက်ကာ
"မင်းတို့ငါ့ကို သနားတဲ့အကြည့်တွေနဲ့ မကြည့်ကြနဲ့... အေ့... ငါ... ငါ မရှုံးဘူး..."
ပြောလည်းပြော အရက်ခွက်ကိုမော့သောက်လိုက်လေသည်။ သူတို့တွေ ရှိန်းကို ဂရုဏာသက်စွာ ကြည့်နေကြမိလေသည်။
"ငါတို့သိပါတယ် ရှိန်း... မင်း မရှုံးဘူး... မင်း ဘယ်တော့မှ မရှုံးပါဘူး ရှိန်းရာ..."
သူငယ်ချင်းတွေရဲ့စကားကိုကြားတော့လည်း ယောက်ျားလေးတန်မဲ့ မျက်ရည်တွေဝဲလာကာ
"အရိပ် ငါ့ကိုရက်စက်လိုက်တာကွာ.... အေ့..."
ဖလားထဲကို အရက်တွေထပ်ပြီး ထပ့်လိုက်ကာ သူငယ်ချင်းဖြစ်သူတွေရဲ့မျက်နှာတွေကို လိုက်ကြည့် ပြီးတော့မှ သူ့ရင်ဘတ်သူပုတ်လိုက်ကာ
"ငါ့မှာတော့ ဟိုးငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရတာ... သူများအမြင်မှာ နတ်ဆိုး တစ်ကောင်လိုဖြစ်နေခဲ့ပေမယ့် သူမရှေ့ရောက်ရင် အလိုလို ဒူးထောက်ခစားပြီး ချစ်ခဲ့တာ... အေ့... "
"မပြောပါနဲ့တော့ ရှိန်းရယ်..."
ရှိန်းကိုကြည့်ကာ သူတို့တွေ ပိုပြီးသနားလာတော့၏။
"သူမကြောင့် ငါက ဒဿဂီရိဘီလူးလည်း အဖြစ်ခံခဲ့တယ်... အဲ့ဒါ ငါသူ့ကိုချစ်လွန်းလို့ဆိုတာ မသိဘူး တဲ့ကွာ... ငါ့ကို အပြတ်ငြင်းရက်တယ်... အခုတော့ ကိုယ် အသည်းတွေကွဲနေပြီ အရိပ်ရယ်..."
ထပ်ထည့်ထားတဲ့ဖလားကို ဆွဲယူပြီး မော့သောက်လိုက်ကာ
"ငါ... အသက်ရှင်ရတာ ပင်ပန်းလာပြီကွာ..."
"ရှိန်း..."
အလန့်တကြားခေါ်လိုက်တဲ့ ကိုဇွဲကိုကြည့်လိုက်ကာ ရှိန်းသဘောကျစွာ ရယ်နေလေသည်။
"မင်းတို့တောင် ငါ့ကိုသနားတယ်ကွာ... အရိပ်ကတော့ ငါ့ကို... ငါ့ကို..."
ဘယ်ဘက်ရင်အုံက အောင့်လာသဖြင့် သူ အသာလေးဖိထားလိုက်ကာ ငြိမ်နေလိုက်မိလေသည်။ နားထဲမှာ လည်း အရိပ်ပြောခဲ့တဲ့စကားတွေကို တစ်ခွန်းချင်းစီ ပြန်ပြီး ကြားယောင်နေမိ၏။
"ကိုကို့ကိုပဲချစ်တယ် ကိုလေးရဲ့အချစ်ကို ငြင်းပါရစေတဲ့... အရိပ်မို့လို့ပြောရက်တယ်ကွာ... အဲ့လိုပြောမယ့် အစား ငါ့ရင်ဘတ်တည့်တည့်ကို ဓားနဲ့အချက်ပေါင်းများစွာ ထိုးလိုက်ပါတော့လား... အဲ့ဒီ့ဝေဒနာကမှ ခံနိုင်ရည်ရှိဦးမယ်... အခုတော့ ရှင်နေလျက်နဲ့ သေနေတဲ့ဘဝမျိုး ဖြစ်နေရပြီ..."
"တော်ပါတော့ရှိန်းရာ... မင်း ဒီလိုဖြစ်နေတော့ ငါတို့ဘယ်လိုကြည့်ရက်မှာလဲ... ပြောပါ... ငါတို့ ဘာလုပ် ပေးရမလဲ မင်းဖြစ်စေချင်တာအားလုံး ငါတို့လုပ်ပေးမယ် ရှိန်း..."
ရှိန်း ခေါင်းထဲမှာ ချာချာလည်လာခဲ့သည်။ ခေါင်းကို မနည်းထောင်ထားရသည်။ ရင်ထဲကဒဏ်ရာက အပေါ်ယံမြင်နေရတဲ့ ရုပ်သွင်ထက် အဆထောင်ပေါင်းများစွာ ဆိုးရွားနေတာကို သူသိသည်။
"တီ... တီ... တီ..."
ဝဏ္ဏ စားပွဲပေါ်မှာတင်ထားတဲ့ ရှိန်းရဲ့ဖုန်းကိုကြည့်လိုက်ကာ
"ရှိန်း... မေမေတဲ့... မင်းအမေဆက်တာပဲ..."
သူ ရီဝေသောအကြည့်များဖြင့် ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီးမှ
"ရတယ် ထားလိုက်..."
ဖုန်းက နောက်တစ်ခေါက်ထပ်ပြီးမြည်လာလေသည်။ ဒါပေမယ့် ရှိန်းကတော့ လှည့်တောင်မကြည့်တော့ပေ။
ဒေါ်ခင်ခင် ဖုန်းကို စိတ်ပူစွာချလိုက်လေသည်။
"ညဉ့်နက်နေပြီ... ဒီကလေး ဘယ်တွေရောက်နေတာလဲမသိဘူး..."
နာရီကိုကြည့်လိုက်တော့ ည ဆယ့်တစ်နာရီကျော်နေပြီဖြစ်သည်။ သူမ စိုးရိမ်သွားမိကာ အခန်းထဲကနေ ထွက်သွားလေတော့သည်။
ညဉ့်သာနက်လာတာ ဆွေး အိပ်မပျော်ခဲ့ပါ။ နေ့လည်က အဖြစ်အပျက်ကို ပြန်တွေးမိပြီး ဆွေး ကိုလေးကို အားနာမိနေ၏။ ကိုလေးက ဆွေးကိုချစ်နေတာတဲ့လား။
ငယ်ငယ်ကတည်းက အရုပ်လေးတစ်ရုပ်လို ဆက်ဆံခဲ့ပြီးမှ ဆွေးကိုချစ်တယ်ဆိုတဲ့ ကိုလေးအချစ်ကို ဆွေး မယုံပါရစေနဲ့။ ဆွေး ယုံလည်းမယုံပါဘူး ကိုလေးရယ်။ ဆွေးချစ်တာ ကိုကိုတစ်ယောက်ပဲရှိတယ်။ ဆွေး ကိုကို့အပေါ်မှာ ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး ကိုကို။
"ဒေါက်... ဒေါက်..."
"ဆွေး.... ဆွေး..."
"ရှင် အန်တီခင်..."
"ခဏထွက်ခဲ့ဦး..."
"ဟုတ်ကဲ့..."
ဆွေး ခြံုထားတဲ့စောင်လေးကို ခွာလိုက်ကာ အိပ်ရာကထလိုက်၏။ အန်တီခင် ဘာဖြစ်လို့ခဲမသိဘူး။
ဆွေး တံခါးဖွင့်လိုက်တော့ အန်တီခင့်မျက်နှာက စိုးရိမ်နေသောပုံစံဖြင့် ဆွေးကိုကြည့်ကာ
"သားလေး အခုထိပြန်မလာသေးဘူး ဆွေး... အန်တီခင် ဖုန်းဆက်တာလည်းမရဘူး..."
"ဟင်... ကိုလေးအခုချိန်ထိ ပြန်မလာသေးဘူး ဟုတ်လား အန်တီခင်..."
အန်တီခင်က ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်တယ် ဆွေး... အဲ့ဒါ ဆွေး သားလေးကို ဖုန်းဆက်ကြည့်လိုက်ပါဦး... အန်တီခင်လည်း ထပ်ဆက်ကြည့်လိုက်ဦးမယ်..."
"ဟုတ်ကဲ့ အန်တီခင်..."
အန်တီခင်က ဆွေးကိုပြောပြီးတော့ သူ့အခန်းထဲသူ ပြန်ဝင်သွားလေသည်။ ဆွေးလည်း ကိုလေးအတွက် စိုးရိမ်သွားမိကာ ဧည့်ခန်းထဲက ကြိုးဖုန်းရှိရာသို့ ထွက်လာလိုက်၏။
ညဉ့်ကနက်လာတာနဲ့အမျှ အအေးကလည်း ပိုလာခဲ့၏။ ကိုလေး အခုချိန်ထိ အိမ်ကိုပြန်မလာသေးဘူး။ ကိုလေး ဘယ်တွေသွားနေတာလဲ... ကိုလေးရယ်။ ဆွေး ကိုလေးအပေါ်မှာ သံယောဇဉ်ရှိပါတယ်။
"တီ... တီ... တီ..."
ဖုန်းသံကထပ်မြည်လာသဖြင့် ရှိန်းမျက်နှာက သဘောမကျသလို ပျက်သွားကာ
"ဝဏ္ဏ... ငါ့ဖုန်းကို စက်ပိတ်ထားပေးပါလား..."
ဝဏ္ဏ ခေါင်းငြိမ့်လိုက်ပြီး ရှိန်းရဲ့ဖုန်းကိုယူလိုက်လေသည်။ ဖုန်းနံပါတ်ဆီ အကြည့်တွေက အမှတ်မထင် ရောက်သွားကာ
"ရှိန်း... ကြိုးဖုန်းနံပါတ်ကွ... မင်းအိမ်ကလား..."
"ဟင်..."
ဘယ်လိုမှမထူနိုင်ခဲ့တဲ့ခေါင်းက အဲ့ဒီ့တော့မှ ထောင်လာလေသည်။
"အရိပ်ဆက်တာထင်တယ်... ငါ့ကိုပေး ဝဏ္ဏ..."
သူတို့တွေ ရှိန်းကိုတအ့ံတသြကြည့်လိုက်မိကြလေသည်။ ဝဏ္ဏကတော့ ရှိန်းရဲ့လက်ထဲ ဖုန်းကိုသေချာ ထည့်ပေးလိုက်၏။ ဒါတောင်မှ မူးပြီးဘာမှမသိဘဲ ဖုန်းကို ဇောက်ထိုးကြီးကိုင်ထားသေးသည်။
"ဟယ်လို..."
"ရှိန်း မင်းဖုန်းက ဇောက်ထိုးကြီး..."
ရှိန်း ဖုန်းကိုပြန်တည့်လိုက်ကာ
"ဟယ်လို..."
"ကိုလေး... မိုးချုပ်နေပြီလေ ပြန်မလာသေးဘူးလား... အန်တီခင်ဖုန်းဆက်တာမကိုင်ဘူးဆို..."
"အရိပ်..."
ကြေကွဲသံတွေက ရင်ထဲကနေ ပေါက်ကွဲထွက်လာခဲ့လေတော့သည်။
"ဟုတ်ပါတယ် ကိုလေး... ဆွေးပါ... ကိုလေး အရက်တွေသောက်နေတာလားဟင်..."
"ရက်စက်လိုက်တာ အရိပ်ရယ်..."
"အဲ့ဒီ့အရက်တွေမသောက်ပါနဲ့ ကိုလေးရယ်..."
"ကိုယ် အရက်တွေဘာလို့ သောက်နေရတာလဲဆိုတာ အရိပ်မသိဘူးလား... ကိုယ် အသည်းတွေကွဲနေပြီ အရိပ်ရဲ့... အဲ့ဒါ အရိပ်ကြောင့်... အရိပ် ကိုယ့်ကို ပြန်မချစ်နိုင်လို့..."
"ကိုလေးရယ်... ဆွေး... ဆွေး..."
"တော်ပါတော့ အရိပ်ရယ်... မင်း ကိုယ့်အပေါ် ဖြူစင်ခဲ့မှန်း ကိုယ်သိပါတယ်... ဒါပေမယ့် ကိုယ်က မင်းလိုမျိုးမှ မဖြူစင်နိုင်ခဲ့တာ... ကိုယ် မင်းကိုချစ်ခဲ့တဲ့အချစ်တွေထဲမှာ အရောင်တွေပါခဲ့တော့ ကိုယ် ရင်ကွဲရပြီပေါ့ကွာ..."
"ဆွေး တောင်းပန်ပါတယ် ကိုလေးရယ်... ကိုလေး ဆွေးကိုချစ်သလိုမျိုး ဆွေး မချစ်နိုင်ပေမယ့်... ဆွေး ကိုလေးအပေါ်မှာ မောင်နှမသံယောဇဉ်ရှိပါတယ် ကိုလေး... အဲ့ဒါကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ကိုလေး... အဲ့ဒါတော့ ကိုလေးယုံပေးပါ..."
"မောင်နှမသံယောဇဉ် ဟုတ်လား အရိပ်... ကိုယ်လိုချင်တာ အဲ့လိုအချစ်မျိုးမှမဟုတ်ခဲ့တာ... ကိုယ် အရိပ် ကို ထာဝရပိုင်ဆိုင်ချင်ခဲ့တာ... ဘယ်တော့မှ အဆုံးရှုံးမခံချင်ခဲ့တာ... ဆောရီးပါအရိပ်ရယ် ကိုယ့်အချစ် တွေက အတ္တတွေမကင်းခဲ့ဘူးထင်ပါတယ်..."
ဆွေး ကိုလေးကို တကယ်ပဲသနားနေမိတော့၏။ ကိုလေး ဘယ်လောက်ခံစားနေရမလဲတော့ ဆွေး မခန့်မှန်းတတ်ပါ။ ဒါပေမယ့် ကိုလေးစကားပြောနေတဲ့အသံဟာ ငိုချတော့မလို ကြေကွဲပြိုလဲနေသည့် အသံပင်။
"ဆွေး တောင်းပန်ပါတယ် ကိုလေး..."
"တော်ပါတော့ ကိုယ်ကြားချင်တာ တောင်းပန်ပါတယ်ဆိုတဲ့စကားမဟုတ်ဘူး... ကိုယ့်ကိုချစ်တယ်ဆိုတဲ့ အသံပဲကြားချင်ခဲ့တာ... မင်း မပြောနိုင်ဘူးမို့လား အရိပ်..."
သူမ နှုတ်ဆိတ်နေမိတော့၏။
"ထားလိုက်ပါတော့... နောက်တစ်ခါ ကိုယ့်ကိုဖုန်းထပ်မဆက်မိပါစေနဲ့... ကိုယ် မင်းအသံကို နားထောင် နိုင်စွမ်း မရှိတော့ဘူး အရိပ်..."
"ဟုတ်... ဟုတ်ကဲ့ပါ ကိုလေး..."
"မေမေ့ကိုလည်း ပြောလိုက်ပါ... ဒီညတော့ သူငယ်ချင်းအိမ်မှာ အိပ်တော့မယ်လို့..."
"ဟုတ်..."
ကိုလေးဘက်က ဖုန်းချပြီးသွားတောင်မှ ဆွေး ဖုန်းချဖို့မေ့ကာ ငြိမ်သက်နေမိလေတော့သည်။ ကိုလေး ငါ့ကိုတကယ်ချစ်ခဲ့လို့ အခုလိုမျိုး အရက်တွေသောက်ပြီး ခံစားနေရတာလား။ ဆွေး တောင်းပန်ပါတယ် ကိုလေးရယ်။ ကိုလေး ဆွေးကိုမုန်းလိုက်ပါနော်...။
💕💕💕💕💕💕💕
"မင်္ဂလာပွဲက အတိအကျ ဘယ်နှစ်ရက်လိုသေးတာလဲ..."
လက်ကိုပုဝါတစ်ထည်ကိုကိုင်ကာ နှာခေါင်းကိုပိတ်ထားရင်းကနေ ခရာ တိမ်လွှာ့ကို ပြောလိုက်လေသည်။
တိမ်လွှာ ခေါင်းအုံးကိုကျောမှီကာ ခုတင်ပေါ်မှာလှဲနေတဲ့ ကိုကို့ကိုကြည့်လိုက်ကာ
"အတိအကျပြောရမယ်ဆိုရင် ဆယ့်ရှစ်ရက်ပဲလိုတော့တယ် ကိုကို..."
ခရာ ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး လက်ကိုင်ပုဝါကိုစားပွဲပေါ်တင်လိုက်လေသည်။ ထို့နောက် စားပွဲပေါ်က တစ်ရှူးဘောက်ကိုယူလိုက်ကာ တစ်ရှူးတစ်စကိုယူလိုက်ပြီး နှာစေးပြီး နှာရည်ယိုနေတာကိုသုတ်လိုက်၏။ ခုတင်ခြေရင်းမှာချထားတဲ့ အမှိုက်ခြင်းလေးထဲသို့ တစ်ရှူးကိုထည့်လိုက်ကာ တိမ်လွှာ့ကိုမော့ကြည့်လိုက်ပြီး
"ကိုကိုကတော့ ဒီမင်္ဂလာပွဲကို လက်ခံမှာမဟုတ်ဘူး ညီ..."
နေမကောင်းဖြစ်နေတာ နှစ်ရက်သာရှိသေးသော်လည်း ကိုကို့မျက်နှာက သိသာစွာချောင်ကျသွားခဲ့၏။
"ညီ ဘာလုပ်ပေးရမလဲ ကိုကို..."
ကိုကိုက ဒီရက်ပိုင်းအတွင်းမှာ တစ်ခုခုကို သေချာဆုံးဖြတ်ချက်ချထားသည့်ပုံဖြင့် တည်ငြိမ်နေလေသည်။
"မေမေ့ဆန္ဒတွေကို ကိုကိုတစ်သက်လုံး လိုက်လျောဖြည့်ဆည်းခဲ့ပြီးပြီပဲ... ကိုကို့ဘဝနဲ့ဆိုင်တဲ့ ကိစ္စကိုတော့ ကိုကို့ဆန္ဒအတိုင်း ဖန်တီးလို့မရဘူးလား ညီရယ်..."
တိမ်လွှာ ကိုကို့ကိုကြည့်ကာ သနားလာမိလေသည်။ ဟုတ်ပါတယ် ကိုကို့ဘဝတစ်လျှောက်လုံး မေမေ့ဆန္ဒ မေမေ့လိုအပ်ချက် မေမေ့ညွှန်ကြားချက် မေမေ့အမိန့်တွေအောက်မှာသာ ရှင်သန်ခဲ့ရသည်။ ကိုကို ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့တာတောင်မှ မေမေက အဖြစ်မခံခဲ့ဘဲ အနုပညာလောကထဲသို့ သွင်းပေးခဲ့သည်။
"ဖြစ်သင့်ပါတယ် ကိုကိုရယ်... ကိုကို ဘာလုပ်ချင်တယ်ဆိုတာသာပြောပါ... ညီအားလုံးလုပ်ပေးမယ်..."
ကိုကို့မျက်နှာက နံနက်မိုးသောက်နေရောင်လို တောက်ပလာလေသည်။
"ဆွေးကတော့ ကျောင်းကိုလာတယ်မို့လား..."
"လာပါတယ် ကိုကို..."
"ရှိန်းအာကာနဲ့ပတ်သက်ပြီးတော့ရော ဘာတွေကြားထားသေးလဲ..."
ဟိုတစ်နေ့က သူကြားထားတဲ့သတင်းတစ်ခု ကိုကို့ကိုပြောပြရင် ကောင်းမကောင်း တိမ်လွှာ စဉ်းစားနေမိလေသည်။
"ညီ... ဘာဖြစ်လို့လဲ..."
အင်း... ဒါဟာ ကိုကို့အတွက်တော့ ကောင်းသတင်းပဲ။ ငါ ပြောပြလို့ရမှာပါ။ တိမ်လွှာ တွေးလိုက်ကာ ခရာ့ကိုကြည့်လိုက်ပြီး
"ဟိုတစ်နေ့က ကျောင်းမှာ ဆွေးအရိပ်ကို နတ်ဆိုးဖွင့်ပြောခဲ့တယ် ကိုကို..."
"ဘာ... အဟွတ်... အဟွတ်..."
အ့ံသြသံနဲ့အတူ ချောင်းဆိုးသံပါရောပါလာလေသည်။ တိမ်လွှာစိုးရိမ်သွားကာ အမြန်ထလိုက်ပြီး ခရာ့အနားသို့ ရောက်သွားကာ
"ကိုကို အဆင်ပြေရဲ့လား..."
ခရာ ပါးစပ်ကို လက်ကိုင်ပုဝါနဲ့အုပ်ထားရင်းကနေ တိမ်လွှာ့ကို ဘာမှမဖြစ်သလို လက်ကာပြလိုက်ပြီး
"ဆောရီး ညီ... ရတယ် ကိုကို ဘာမှမဖြစ်ပါဘူး..."
"မစိုးရိမ်ပါနဲ့ ကိုကိုရယ်... ဆွေးအရိပ်က နတ်ဆိုးကို ပြတ်ပြတ်သားသားငြင်းခဲ့တာပါ..."
အဲ့ဒီ့တော့မှပဲ သူ စိုးရိမ်တာတွေ လျော့ကျသွားကာ
"တော်ပါသေးတယ် ညီရယ်... ကိုကိုစိတ်ပူနေတာ... ရှိန်းအာကာ ဆွေးကိုချစ်နေမှန်းသိကတည်းက ကိုကို့ရင်ထဲမှာ တင်းကြပ်နေခဲ့တာ..."
"ဆွေးအရိပ်အတွက် စိတ်မပူပါနဲ့ ကိုကိုရယ်... ကိုကို့အတွက်ကိုယ်ပဲစိတ်ပူပါ..."
ခရာ ညီ့စကားကြောင့် သဘောကျစွာပြံုးလိုက်ကာ
"ဟုတ်တယ်နော် ဆွေးက ကိုကို့လိုမဟုတ်ဘူး... ဆွေးက ပြတ်သားတယ်..."
"ကိုကိုနဲ့ဆောင်းရတု လက်ထပ်မယ့်အကြောင်း သူမသိသေးဘူး ကိုကို..."
"အင်း... မသိတာပဲကောင်းတယ် ညီ... ဆွေး သိသွားရင် ကိုကို့ကိုအထင်လွဲသွားလိမ့်မယ်..."
"အဲ့ဒီ့အတွက် ကိုကိုအချိန်တွေမဆွဲပါနဲ့ ကိုကိုရယ်... ကိုကို တစ်ခုခုကို ဆုံးဖြတ်ချက်ချထားပြီးပြီ ဆိုရင်လည်း လုပ်လိုက်ပါတော့ ကိုကိုရယ်... ကိုကိုတို့အတွက် ညီ တစ်ခုခုလုပ်ပေးလိုက်ချင်ပေမယ့် ကိုကိုစဉ်းစားထားတာ တစ်ခုခုရှိမယ်ထင်လို့ ကိုကို့ဆုံးဖြတ်ချက်ကို စောင့်နေတာ..."
ခရာ တိမ်လွှာ့ကို ကျေးဇူးတင်သည့်အကြည့်များဖြင့် ကြည့်လိုက်ပြီး ခေါင်းအုံးအဖုံးထဲကနေ တစ်ခုခုကိုဆွဲထုတ်လိုက်လေသည်။ ထို့နောက် တိမ်လွှာ့ကိုပေးလိုက်ကာ
"ဒီစာအိတ်ကို ဆွေးရဲ့လက်ထဲရောက်အောင် ညီကိုယ်တိုင်ပေးပေးပါ ညီ..."
တိမ်လွှာ စာအိတ်ကိုယူလိုက်ပြီး ကိုကို့ကိုသေချာကြည့်လိုက်ကာ
"ဒီစာက..."
"ကိုကို ဟိုးတစ်ခါတုန်းက ညီ့ကိုပြောပြဖူးပါတယ်... အခက်အခဲတွေအားလုံးကို ဘယ်လိုပဲ ကျော်ဖြတ်ရ ကျော်ဖြတ်ရ ကိုကို ဆွေးကို ဘယ်တော့မှမစွန့်လွှတ်ဘူး... အဲ့ဒီ့ဆုံးဖြတ်ချက်ကို ချခဲ့ပြီးတာကြာနေပေမယ့် အခုမှ ကိုကိုအကောင်အထည်ဖော်မှာ ညီ..."
ကိုကို့ဆုံးဖြတ်ချက်ကို တိမ်လွှာသိသဖြင့် သဘောကျစွာပြံုးလိုက်ပြီး
"ကောင်းတယ် ကိုကို... ညီကတော့ ပျော်ပျော်ကြီး ကူညီပေးမှာပဲ..."
နေမကောင်းဖြစ်တဲ့နှစ်ရက်အတွင်း ဖြူစွတ်နေခဲ့တဲ့မျက်နှာက အခုမှပဲ သွေးရောင်လွှမ်းလာတော့တယ်လို့ တိမ်လွှာထင်မိလိုက်သည်။ ဟုတ်ပါတယ် ကိုကိုက ဆွေးအရိပ်နဲ့ပတ်သက်လာရင် စိတ်ဝိညာဉ်တစ်ခုလုံး ကိုတောင်မှ ပြောင်းလဲပစ်နိုင်တဲ့လူသားတစ်ယောက်ပါ။
💕💕💕💕💕💕💕

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora