💕ချစ်သောကိုကို💕
💖အခန်း(၂)💖
ရုံးခန်းထဲကနေထွက်လာတဲ့ အရိပ် ကိုကြည့်ကာ ရှိန်းပြံုးလိုက်မိသည်။ အရိပ် ကတော့ သူကြည့်နေတာကို မသိဘဲ ရှေ့ဆက်ပြီးလျှောက်လာလေသည်။ အားလုံးက ဆွေးလို့သာခေါ်ပေမယ့် သူသာ အရိပ်လို့ခေါ်ခဲ့ သည်။ သူ့အတွက်တော့ သူမကအရိပ်ပါပဲ။ သူမမရှိဘဲ သူ ဘယ်လိုမှ ရပ်တည်လို့ရမှာမဟုတ်။ အဲ့ဒါ ဟိုးငယ်ငယ်ကတည်းကပါ။
သူ ကျောင်းဆောင်ဘေးကအကွယ်ကနေ အရိပ်ကိုလှမ်းကြည့်နေလိုက်သည်။ အရိပ်က တဖြည်းဖြည်းနဲ့ သူနဲ့နီးရာကိုရောက်လာခဲ့၏။ အရိပ်ပုံစံက တော်တော်စိတ်ညစ်နေပုံပင်။ အရင်လည်း ရုံးခန်းကိုသွားနေတာ ပါပဲ ဒီနေ့မှ ထူးထူးခြားခြား မျက်နှာကဘာဖြစ်တာလဲ။ အရိပ်က သူ့ကိုကျော်ကာရှေ့ကိုဆက်သွားနေ၏။ သူအနောက်ကနေ အသာလေးလိုက်သွားလိုက်သည်။
နောက်မှာ သူပါလာတာကို အရိပ်ကတော့မသိပါ။ အနောက်ကနေ သူမမျက်နှာရှေ့ကို ရောက်ရောက် လာတဲ့ ခါးပေါ်ဝဲနေတဲ့ဆံပင်ရှည်တွေကို နောက်ကိုပြန်ပြန်ပြီးပို့ပေးရင်းနဲ့ ရှေ့ကိုဆက်လျှောက်နေလေ သည်။
"အရိပ်..."
သူ့အသံကြားတော့ အရိပ်ခန္ဓာကိုယ်လေးက ဆတ်ကနဲတုန်သွားလေသည်။ အရိပ်ကိုအဲ့လိုမျိုးမြင်ရတော့ လည်း သူ စိတ်မကောင်းဖြစ်မိသွား၏။ အရိပ်က သူ့ကိုချက်ချင်းလှည့်မကြည့်သေးပေ။
"အရိပ်..."
သူ နောက်တစ်ခါခေါ်တော့မှပဲ အရိပ်ကလှည့်ကြည့်လာလေသည်။
"ကိုလေး... ဘာပြောစရာရှိလို့လဲ..."
အရိပ်မျက်နှာက တကယ်ပဲသိသိသာသာ ပျက်ယွင်းနေသည်။ သူ အရိပ်နားကိုရောက်သွားကာ အရိပ်ကို သေချာကြည့်လိုက်ပြီး
"ဘာဖြစ်လာတာလဲ မျက်နှာက..."
အရိပ်က သူ့မျက်နှာကိုမကြည့်ဘဲ ခေါင်းရမ်းပြနေလေသည်။
"ဟင့်အင်း... ဘာမှမဖြစ်ဘူး..."
ကိုလေးရဲ့အမေးကို ဆွေးအ့ံသြနေမိသည်။ ကိုလေး ဆွေးကို တစ်ခါမှ အခုလိုမျိုး စိတ်ဝင်တစားမမေးခဲ့ပါ။ ဆွေး ဘာဖြစ်နေနေ မသိချင်ယောင်ဆောင်ပြီးသာ နေနေတတ်၏။ အိမ်မှာဆို အန်တီခင်က ဆွေးကို ဆူပြီးရိုက်နှက် နေပါစေ ကိုလေးက သူ့ဖုန်းသူတောင် အကြည့်မပျက်။ အခု ဘာလို့ အခုလိုလာမေးတာလဲ။ ဘာတွေများ အကြံအစည်ရှိနေလို့လဲ။ ဆွေးကို ထပ်ပြီး ဘယ်လိုပုံစံနဲ့ နှိပ်စက်ချင်သေးလို့လဲ။ ဟင့်အင်း... ဆွေးကြောက်တယ် ကိုလေး။
"ဘာလဲ... ဘယ်သူကဘာပြောလိုက်လို့လဲ..."
ဆွေး ကိုလေးမျက်နှာကို တကယ်ကိုမော့မကြည့်ရဲခဲ့ပါ။ လက်ထဲက လွယ်အိတ်ကိုသာ တင်းတင်းဆုပ်ကိုင် ထားလိုက်မိ၏။
"ဘယ်သူမှ ဘာမှမပြောပါဘူး ကိုလေး..."
"ဒါဆို အရိပ်ကို ဘယ်သူ ရည်းစားစကားလိုက်ပြောတာလဲ ပြော... အဲ့ကောင်ကို နတ်ဆိုးအကြောင်း သိအောင် ပြလိုက်မယ်..."
ဆွေး ကိုလေးမျက်နှာကို အလန့်တကြားမော့ကြည့်ကာ ပြောလိုက်မိလေသည်။
"အို မဟုတ်ပါဘူး ကိုလေးရယ်..."
ဆွေး ကိုလေးမျက်နှာကို အလန့်တကြားမော့ကြည့်ကာ ပြောလိုက်မိလေသည်။
ရှိန်း အရိပ်မသိအောင် ပြံုးလိုက်မိသည်။
"ဒါဆို ပါမောက္ခချုပ်က ဆူလိုက်လို့လား..."
အရိပ် မျက်နှာလေး အောက်ကိုငုံ့သွားခဲ့လေသည်။
"ကိုလေး... မမဆောင်းရတုကို တကယ်မချစ်ဘဲနဲ့ ဆွေးကို ရည်းစားစာပေးခိုင်းခဲ့တာမို့လား..."
"ဘယ်သူပြောတာလဲ... ငါ ရတုကို ချစ်ပါတယ်... အဲ့ဒါကြောင့် ရည်းစားစာပေးခိုင်းတာပေါ့..."
ဆွေး ခေါင်းကိုအသာရမ်းလိုက်ကာ
"အဲ့ဒီ့စာက ရည်းစားစာမှမဟုတ်တာ... ကိုလေး တမင်သက်သက်..."
"ဘာလဲ ငါက နင့်ကို တမင်သက်သက် ပေါက်တတ်ကရစာတွေပေးခိုင်းတယ် ထင်နေတာလား..."
ဟုတ်တာပဲလေ လို့ ဆွေး မပြောရဲခဲ့ပါ။ ရှိန်း အရိပ်မသိအောင် ခနခနပြံုးနေမိတော့သည်။ အရိပ်ကတော့ သူ့ကို ဘယ်တုန်းကမှ ရဲရဲမကြည့်ခဲ့သည့်အတွက် သိမှာမဟုတ်ပါ။
"နောက်ဆို ဆွေးကို တခြားအလုပ်ခိုင်းရင်ခိုင်းပါ... မမဆောင်းရတုကိုတော့ ရည်းစားစာမပေးခိုင်းပါနဲ့ ကိုလေးရယ်... နောက်တစ်ခါဆို ဆွေးကို ကျောင်းနားခိုင်းပစ်မှာလို့ ပါမောက္ခချုပ်ကြီးက ပြောလိုက် တယ်..."
ရှိန်း စိတ်ထဲမှာထူးဆန်းသလိုဖြစ်သွားလေသည်။ ဘယ်တုန်းကမှ ဒီလောက်အထိ မပြောဆိုခဲ့ပါ။ ကျောင်းနားခိုင်းမှာဆိုတော့ အရိပ်ကြောက်သွားမှာပေါ့။ အင်းပေါ့... ကျောင်းဆိုတာ အရိပ်တစ်ဘဝလုံးမှာ ပထမဆုံးရောက်ခဲ့ဖူးတဲ့ သူစိမ်းနယ်မြေတစ်ခုပဲလေ။ ဟိုးငယ်ငယ်ကတည်းက အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ် ဒါပဲသွားနေရတာ။ ကျောင်းတက်ရတာပဲ အရိပ်မှာပျော်စရာရှိခဲ့တာ။
"အေးပါ... ဒါဆိုလည်းပြီးရော ငါ ကန်တင်းသွားတော့မယ်..."
အရိပ်က သူ့ကိုခေါင်းငြိမ့်ပြတော့ သူ ကန်တင်းဘက်ကိုဦးတည်လိုက်လေသည်။ ဒါပေမယ့် ချက်ချင်းပဲ အရိပ်ကို လှည့်ကြည့်လိုက်မိကာ စကားပြောဖို့ ပါးစပ်ဟလိုက်ပြီးမှ ဘာမှမပြောတော့ဘဲ အရိပ်ကို ကြည့်လိုက်မိ၏။ အစကတော့ အရိပ်ကို ကန်တင်းကိုလိုက်မလားလို့မေးဖို့ပဲ ဒါပေမယ့် မမေးဖြစ်တော့ပေ။ ခေါ်လည်းလိုက်မှာ မဟုတ်ပါဘူး... အရိပ်က ကန်တင်းကို တစ်ခါမှရောက်ဖူးတာမဟုတ်။
ပါမောက္ခချုပ်ကြီးက အရိပ်ကို ဘာတွေများပြောလိုက်လို့လဲ။ ရည်းစားစာလေးတစ်စောင်ပေးလိုက်မိတာ အဲ့လောက်ထိ ဖြစ်သွားစရာလိုလို့လား...။ အင်း ဟုတ်တော့ဟုတ်ပါတယ်လေ။ သူရေးတဲ့ရည်းစားစာကို သူသာသိသည်။ တကယ့်ပေါက်တတ်ကရ။ ချစ်တယ်ဆိုတဲ့အကြောင်း အရိပ်အမြွက်လေးတောင်မပါတော့ ပြောပြီပေါ့။ အဲ့ဒီ့စာကိုလည်း အရိပ်ကိုတမင်သက်သက်ပေးခိုင်းခဲ့တာ။ အစကတော့ မပေးဘူးလုပ်နေတာ။ အရိပ်ကိုစချင်တာနဲ့ နောက်ပြီး အရိပ်က သူ ခိုင်းရင် ဘာမဆိုလုပ်ပေးမယ်ဆိုတာ သိနေတော့ သူ စလို့ရတာပေါ့။ အရိပ် မျက်ရည်တော့မကျပါဘူး။ အင်း ငါပဲမှားတာလား... အို... ဘာပဲဖြစ်ဖြစ် ငါ အပြော ခံရတာမှမဟုတ်တာ။
ဟိုးငယ်ငယ်ကတည်းက သူ အရိပ်ကို အနိုင်ကျင့်ပြီး စနောက်ခဲ့ပေမယ့် မျက်ရည်ကျအောင်တော့ မလုပ်ခဲ့ဖူးပေ။ အရိပ်က မေမေ့ကြောင့် မျက်ရည်ခနခနကျရပေမယ့် သူ့ကြောင့်တော့ မျက်ရည်မကျဖူးဘူး ထင်တာပဲ။
"ကိုလေး ကန်တင်းသွားမလို့ဆို..."
"ဪ အင်း... ဟုတ်တယ်..."
သူ အရိပ်ရှေ့ကနေ မြန်မြန်ထွက်လာလိုက်ပေမယ့် စိတ်ထဲမှာတော့ တစ်မျိုးခံစားနေရ၏။
"ရှိန်း..."
သူ့သူငယ်ချင်းတစ်သိုက်ကို တွေ့လိုက်ရသဖြင့် ရှိန်း လက်လှမ်းပြလိုက်ရလေသည်။ သူ့သူငယ်ချင်းတွေက သူ့နားသို့ ရောက်လာကြ၏။
"ဆွေးအရိပ်ကဘာပြောလဲ..."
ရှိန်း ခေါင်းရမ်းလိုက်ကာ
"ဟင့်အင်း... ငါ့ကိုဘာမှမပြောဘူး..."
"ဟုတ်လား..."
ရှိန်း ခေါင်းငြိမ်းပြလိုက်တော့ သူငယ်ချင်းတစ်ယောက်က အရိပ်ထွက်သွားတဲ့ဘက်ကို လှမ်းကြည့်လိုက်ကာ
"ဆွေးအရိပ်က သနားပါတယ်ကွာ..."
"ဘာ..."
ရှိန်း လမ်းလျှောက်ရင်းကနေ ဝဏ္ဏကိုလှည့်ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ ဝဏ္ဏက သူ့ကိုသေချာ ကြည့်နေ၏။
"မင်းပြောတာ ဘာအဓိပ္ပါယ်လဲ ဝဏ္ဏ..."
ဝဏ္ဏအကြည့်တွေက ရှိန်းဆီရောက်မလာဘဲ အရိပ်ထွက်သွားတဲ့ဘက်ကိုသာ ကြည့်နေလေသည်။
"ဟုတ်တယ် နတ်ဆိုး... မင်း ဘာလို့ ဆွေးအရိပ်ကိုပဲ ခနခနပညာပေးနေတာလဲဆိုတာ ငါ ဘယ်လိုမှ စဉ်းစားလို့မရဘူး..."
ရှိန်း ဝဏ္ဏကို သေချာကြည့်လိုက်ကာ
"ဘာလဲ ဒါဆို ငါ မင်းကိုပညာပေးရမှာလား..."
ရှိန်းရဲ့စကားကြောင့် ဝဏ္ဏ မျက်နှာပျက်သွားလေသည်။ ရှိန်းကပြောရင်ပြောတဲ့အတိုင်းလုပ်တဲ့သူ။ သူငယ်ချင်းတွေဘာတွေဂရုစိုက်တာမဟုတ်ဘူး။ အဲ့ဒါကိုလည်း သူတို့သာအသိဆုံးပါ။ အဲ့ဒါကြောင့်လည်း သူငယ်ချင်းတစ်ယောက် ကျောင်းပြောင်းသွားခဲ့ရပြီးပြီ။ အဲ့ဒါလည်း နတ်ဆိုးကြောင့်ပဲ။
"ဟုတ်သားပဲ ဝဏ္ဏရာ... မင်းနဲ့ဘာဆိုင်လို့ ဆွေးအရိပ်ဘက်ကနေ နာပေးနေရတာလဲ..."
သူငယ်ချင်းတစ်ယောက်က ဝင်ပြောနေတော့ ဝဏ္ဏလည်း ဆက်မပြောတော့ဘဲ ငြိမ်သွားတော့သည်။
ရှိန်း ဝဏ္ဏကိုအမြင်ကပ်စွာကြည့်လိုက်မိလေသည်။ သူက အရိပ်ကိုသနားရအောင် သူ အရိပ်ကိုကြိုက်နေ လို့လား။ မေးရင်လည်း ဖြေမှာမဟုတ်။ ဟုတ်တယ်လို့ဖြေခဲ့ရင်လည်း သူ့လက်နဲ့တွေ့သွားမှာပေါ့။
"ကဲပါကွာ မင်းတို့ကလည်း အချင်းချင်းတွေဟာကို ... လာပါ ကန်တင်းကို သွားရအောင်..."
ကိုဇွဲက ဝင်ပြီးပြောလိုက်တော့မှ သူတို့တွေ ကန်တင်းဘက်ကို ထွက်သွားကြတော့သည်။ လမ်းမှာတွေ့သမျှ လူတွေက သူတို့အဖွဲ့ကို ဘယ်သူမှ သေချာမကြည့်ရဲကြပေ။ မတော်တဆအကြည့်ချင်း ဆုံသွားခဲ့ရင် တောင်မှ သူတို့ဘက်ကစပြီး နှုတ်ဆက်ရလေသည်။ နှုတ်မဆက်လို့ကတော့ ရှိန်ရဲ့ဂျစ်ကန်ကန်အပြော အဆိုနဲ့စပြီးတွေ့တော့တာဖြစ်သည်။ စကားအပြောကောင်းရင်ကောင်း မဟုတ်လို့ကတော့ ရှိန်းပညာပေးတာ ကို ခံရတော့၏။
💕💕💕💕💕💕💕
"မင်းလိုမိန်းမကို ဒီဘဝမပြောနဲ့ ဘယ်ဘဝရောက်ရောက် စိတ်နဲ့တောင် မပြစ်မှားဘူး..."
"ဟား... ဟား... ဟား... ဒီမှာ မောင်... မောင်ပြောနေတဲ့စကားရဲ့အဓိပ္ပါယ်ကို မောင်ရောနားလည် ရဲ့လား..."
သူ့မျက်နှာက ခက်ထန်တင်းမာနေလေသည်။ သူမနဲ့ ဘေးတစောင်းအနေအထားပေမယ့် သူမကို မုန်းတီးစွာကြည့်လိုက်ကာ
"မင်း စီစဉ်တာတွေဖြစ်လာပြီဆိုတော့ မင်းကတော့ ပျော်နေမှာပေါ့ ဆောင်းနှင်းမြူ... ဒါပေမယ့် မင်းသိထား ရမှာက ငါမင်းကိုလက်ထပ်ခဲ့မယ်ဆိုရင်တောင် ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး..."
သူမက သူ့အနားသို့ ကပ်လာကာ သူ့ပခုံးကို လက်နဲ့အသာလာဖက်လေသည်။ ခရာ့ရင်ထဲမှာ ဆတ်ခနဲ တုန်သွားမိသည်။ သရုပ်ဆောင်နေတာဆိုပေမယ့် သူ့စိတ်ထဲမှာ တကယ်ဖြစ်ပျက်နေသလိုလိုပင်။ ဒီသရုပ်ဆောင်မင်းသမီးက အသစ်ဆိုပေမယ့် တကယ့်ပါရမီရှင်တစ်ယောက်လို ပိရိသေသပ်လှ၏။ ရဲတင်းသလို သွက်လည်းသွက်၏။ အဲ့ဒါကြောင့်လည်း အချိန်တိုအတွင်းမှာ မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့တာဖြစ်ရမယ်။
"မောင်ရယ်... မောင် မကြာခင်မှာပဲ ဆောင်းကို ချစ်လာမှာပါ..."
သူ့ရင်ထဲမှာ အပြင်ကခံစားချက်တွေပါ ရောထွေးလာသလိုလို။ ပခုံးပေါ်က သူမလက်ကို ဆွဲဖယ်ချလိုက်ကာ သူမကိုကြည့်လိုက်ပြီး
"ဆုတောင်းလေ... မင်း ဆုတောင်းလိုက်... အိမ်မက်မက်နေတယ်ဆိုရင်လည်း မင်းအိမ်မက်ကနေ နိုးထဖို့အချိန်တန်ပြီ... မင်းအိမ်မက်ထဲမှာ ငါ ပါနေတာကိုက အကုသိုလ်များတာပဲ..."
သူမမျက်နှာက ဝမ်းနည်းသွားသလိုဖြစ်သွားလေသည်။
"မောင်ရယ်... မောင် ဆောင်းကို အဲ့လောက်တောင်မုန်းနေခဲ့တာလား..."
"မုန်းတယ်... ငါ မင်းကို အဲ့ဒီ့ထက်ပိုမုန်းတယ် ဆောင်းနှင်းမြူ... "
ရတု ရင်ထဲမှာ တကယ်ကိုခံစားလိုက်ရသည်။ ကိုယ် သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ ဇာတ်ဝင်ခန်းတစ်ခန်းလေးပဲဖြစ်ဖြစ် တွဲရိုက်ချင်ခဲ့တာ။ အခု ရိုက်ခွင့်ရှိခဲ့ပါပြီ... တစ်ခန်းထဲတောင်မဟုတ် သုံး၊ လေးခန်းလောက်ရိုက်ရတာဖြစ်သည်။ ဒီတစ်ခန်းက နောက်ဆုံးအခန်း။ ဒီဇာတ်လမ်းမှာ ရတုက ဗီလိန်နေရာကနေ သရုပ်ဆောင်ရတာကိုတော့ စိတ်မကောင်းဖြစ်မိသည်။ မင်းသား အက္ခရာမောင်နဲ့ ဘယ်တော့များမှ ခေါင်းဆောင်မင်းသမီးအဖြစ် တွဲရိုက်နိုင်မလဲ။ ရတု အဲ့ဒီ့အခွင့်အရေးကို အမြဲတမ်း မျှော်လင့်နေမိသည်။
"ကတ်... ကတ်..."
ဒါရိုက်တာရဲ့အော်သံကြားမှပဲ ရတု စိတ်တွေကို ပြန်စုစည်းနိုင်တော့သည်။ ရုတ်တရက် ရတု ပခုံးပေါ် ရောက်လာတဲ့ လက်ပိုင်ရှင်ကိုကြည့်လိုက်ကာ ရတု အ့ံသြသွားလေသည်။
"မင်းသား..."
"မင်းမှာ ပါရမီပါတယ်... မင်း ဆက်ကြိုးစားပါ..."
ရတု ရင်တွေပိုပြီးခုန်လာတော့၏။ သူ့လိုမင်းသားတစ်ယောက်က ရတုကိုချီးကျူးစကားပြောမှတော့ ရတု မပျော်ဘဲနေမလား။ ရတုလေ... ရတု... ရှင်နဲ့အနီးဆုံးမှာ ရှိချင်လိုက်တာ မင်းသားအက္ခရာမောင်ရယ်...။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..."
မင်းသားက ရတုကို နူးည့ံနွေးထွေးတဲ့အပြံုးတစ်ခုကိုပြံုးပြီး ထွက်သွားတော့၏။ မင်းသားထွက်သွားတဲ့အထိ တောင် ရတုရင်ခုန်နှုန်းတွေဟာ ပုံမှန်မဖြစ်သေးပေ။ ဘာလို့လဲ... ရတု... ရတု မင်းသားကို ချစ်မိသွားတာ များလား...။
"မင်း တကယ်တော်တယ်... ဆောင်းရတု..."
ဒါရိုက်တာကြီးက ရတုအနားရောက်လာကာ ပြောလိုက်တော့ ရတု ပြံုးပြီးခေါင်းငြိမ့်ပြလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး... မင်းသားအက္ခရာမောင်ရဲ့ဇာတ်လမ်းတိုင်းမှာ လူလိုတာနဲ့ ရတုကို သတိရပေးပါနော်... အခုလိုဗီလိန်ပဲဖြစ်ဖြစ်... အလုပ်သမားပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရတုလုပ်မှာပါ..."
"ဟုတ်ပါပြီ... ဆောင်းရတုက မင်းသားကို သဘောကျနေတာဆိုတော့ လိုအပ်တာနဲ့လှမ်းဆက်သွယ် လိုက်ပါ့မယ်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီးရယ်..."
ရတု အရမ်းကိုပျော်နေမိ၏။
"ဒါဆို နောက်တစ်ခန်းအတွက် အနားယူရင်းနဲ့ ပြင်ဆင်စရာရှိတာပြင်ဆင်ဦးလေ..."
"ဟုတ်ကဲ့..."
ဒါရိုက်တာကြီးထွက်သွားတော့ ရတု မင်းသားကိုလှမ်းကြည့်လိုက်ရာ မင်းသားက သူ့အမေဘေးမှာထိုင်ကာ သူ့အမေနဲ့စကားတွေပြောနေ၏။ မင်းသားအမေရဲ့အကြည့်တွေက ရတုဆီသို့ တစ်ချက်တစ်ချက် ရောက်လာသဖြင့် ရတု လှမ်းပြံုးပြလိုက်ရသည်။ အန်တီကြီးအကြည့်တွေက ရတုကို နှစ်နှစ်ကာကာပြံုးပြ နေခြင်းပင်။ ရတုကို သဘောကျလို့ပဲဖြစ်ရမယ်။ အန်တီကြီးက မာနကြီးသလို တော်တော်လည်းချောတာပဲ။ အဲ့ဒါကြောင့်လည်း မင်းသားလိုသားမျိုးကို မွေးခဲ့တာပေါ့။ မင်းသားချောတာက သူ့အမေနဲ့တူသည်။
မင်းသားက ခန့်ခန့်ညားညားနဲ့ချောသည်။ မင်းသားရဲ့ညီကိုတော့ တစ်ခါတစ်လေကျောင်းမှာ တွေ့ရတတ်ပါ တယ်။ ဒါပေမယ့် တစ်ခါမှတော့ နှုတ်ဆက်ဖူးခြင်းမရှိခဲ့။ မင်းသားရဲ့ညီကလည်း မင်းသားလောက်မချော ပေမယ့် မင်းသားလိုတော့ချောသည်။ အို... ငါ ဘာလို့ မင်းသားအကြောင်းပဲတွေးနေရတာလဲ။ မဟုတ်မှ လွဲရော ငါ မင်းသားကို ချစ်မိနေတာများလား။ သူမ ရှက်ရွံ့စွာ ခေါင်းငုံ့ပြီးပြံုးလိုက်မိ၏။
💕💕💕💕💕💕💕
"ဆွေးအရိပ် ညည်းဘာတွေလုပ်နေတာလဲ..."
ဆွေး မီးပူတိုက်ရင်းကနေ အန်တီခင့်ကိုလှမ်းကြည့်လိုက်ကာ
"ဆွေး မီးပူတိုက်နေတာပါ အန်တီခင်..."
"ဒီကိုအမြန်လာခဲ့စမ်း..."
"ဟုတ်ကဲ့ အန်တီခင်..."
ဆွေး မီးပူကိုချကာ အန်တီခင့်အနားကို မြန်မြန်လေးပြေးသွားလိုက်မိ၏။ ခေါ်တာကို ချက်ချင်းမလာရင် အန်တီခင်က ဆွေးရဲ့ဗိုက်တင်းကြောကို လိမ်ဆွဲတတ်သဖြင့် ဆွေး ကြောက်ရသည်။
အန်တီခင်က ဧည့်ခန်းထဲကစားပွဲမှာထိုင်ကာ တီဗွီကြည့်နေလေသည်။ ဆွေးအကြည့်တွေက အန်တီခင့် ဆီမှာရောက်နေသဖြင့် အန်တီခင်ကြည့်နေတာ ဘာရုပ်ရှင်လည်းတော့ ဆွေးမသိပါ။ ဒါပေမယ့် ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့အသံကတော့ ဆွေးရဲ့နားထဲမှာ စွဲထင်သွားမိ၏။
"အန်တီခင်... ဆွေးကို ဘာခိုင်းစရာရှိလို့လဲ..."
"လိမ္မော်ရည်တစ်ခွက်ဖျော်ခဲ့..."
"ဟုတ်ကဲ့ အန်တီခင်..."
ဆွေးရဲ့အကြည့်တွေက ရုတ်တရက် တီဗွီဘက်သို့ရောက်သွားမိ၏။ အန်တီခင်ကြည့်နေတာက ရုပ်ရှင် ဇာတ်လမ်းမဟုတ်ဘဲ အလှကုန်ပစ္စည်းကြော်ငြာတစ်ခုဖြစ်သည်။ ဒီရုပ်ရှင်မင်းသားက ဘယ်သူမှန်း ဆွေးမသိပါ။ ဒါပေမယ့် ချောတာတော့အမှန်ပင်။
"ဟဲ့ လိမ္မော်ရည်သွားဖျော်ပါဆို ဘာတွေငေးနေတာလဲ..."
"ရှင်... ဟုတ်.. ဟုတ်ကဲ့ ဒေါ်လေးခင်..."
ဆွေး အန်တီခင်ရှေ့ကနေ မြန်မြန်ထွက်လာလိုက်သည်။ တော်ကြာ ထပ်ပြီးဆူနေဦးမှာ။
ဆွေး မီးဖိုခန်းထဲဝင်လိုက်ကာ လိမ္မော်ရည်ဖျော်ဖို့ စပြီးပြင်ဆင်လိုက်တော့သည်။ တကယ်တော့ ဆွေးက အန်တီခင်တို့နဲ့ ဘာမှမတော်စပ်ပါ။ ဆွေးမိဘတွေက အလုပ်သမားဖြစ်ခဲ့တာနဲ့ပဲ ဆွေးကပါ အလုပ်သမား ဖြစ်ခဲ့ရသည်။ ပိုဆိုးသွားခဲ့တာကတော့ ဆွေးရဲ့ဖေဖေက အန်တီခင့်ရဲ့ငွေတွေကို အလွဲသုံးစားလုပ်သွားခဲ့ သေးသည်တဲ့။ အဲ့ဒါကြောင့် ဆွေး အိမ်မှာမရှိတုန်း အန်တီခင်က ဖေဖေနဲ့မေမေ့ကို အိမ်ကနေ နှင်ထုတ် ခဲ့သည်။ ဆွေးက ပထမတန်းတက်နေတဲ့အရွယ်။ အဲ့ဒီ့တုန်းက ဆွေးအသက်ငယ်သေးတော့ ဘာကိုမှ သေချာမသိရပေ။ အလွဲသုံးစားလုပ်သွားတဲ့ငွေတွေ ပြန်မရမချင်း ဆွေးကိုလာတွေ့ခွင့်မရှိဘူးလို့လည်း ပြောထားခဲ့သည်။ ဆွေးမှာ အဲ့ဒီ့အချိန်တုန်းက ကျောင်းကပြန်ရောက်ရောက်ချင်း ဖေဖေနဲ့မေမေ့ကို မတွေ့ရတော့ ငိုလိုက်ရတာ။
အခုချိန်ထိ ဖေဖေနဲ့မေမေကို ပြန်တွေ့ရမယ့်နေ့ကို မျှော်နေခဲ့မိတာ။ ဘုရားရှိခိုးတိုင်းလည်းဆုတောင်း မိတယ်။ ဖေဖေနဲ့မေမေ့ကို မြန်မြန်ပြန်တွေ့ရပါလို၏လို့ပဲ ဆုတောင်းနေမိတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ ဖေဖေနဲ့မေမေက ဘယ်ရောက်နေမှန်းတောင် ဆွေးမသိတော့။ ပိုဆိုးသွားခဲ့ တာက အန်တီခင်က အိမ်ပြောင်းပစ်လိုက်ခြင်းပင်ဖြစ်သည်။ တွေးနေရင်းကနေ ဆွေး မျက်ရည်ကျသွား လေသည်။
လွမ်းလိုက်တာ ဖေဖေနဲ့မေမေရယ်။ ဘယ်တွေများရောက်နေလို့ ဆွေးကိုလာမတွေ့နိုင်ရတာလဲ။ ဆွေးကို ဖေဖေတို့ မေ့သွားကြပြီလား... ဒါမှမဟုတ် ဖေဖေတို့ ဒီကမ္ဘာကြီးထဲမှာ မရှိတော့လို့များလား...။ ဆွေး တွေးမိရင်းနဲ့ ကြောက်ရွံ့စွာ ခေါင်းရမ်းလိုက်မိလေသည်။ ဟင့်အင်း မဟုတ်ပါဘူး။ ဖေဖေနဲ့မေမေ ဒီကမ္ဘာကြီးမှာ ရှိသေးတယ်။ တစ်နေရာရာမှာ ကောင်းမွန်စွာနဲ့ ရှင်သန်နေမှာပါ။
သနားသောအားဖြင့် ဆွေးကို ဖေဖေမေမေတို့နဲ့ ပြန်တွေ့ခွင့်ပေးပါလား ကံကြမ္မာကြီးရယ်... ဒီကမ္ဘာကြီး ထဲမှာ ဖေဖေနဲ့မေမေ ရှိနေသေးတယ်ဆိုတဲ့အတွေးနဲ့တင် ဆွေးရှင်သန်နေရတာမို့လို့ပါ။ တကယ်လို့ ဖေဖေနဲ့ မေမေသာမရှိတော့ဘူးဆိုရင် ဆွေးအသက်ရှင်နေလည်း ဘာမှထူးလာမှာမဟုတ်။ အန်တီခင်တို့သားအမိရဲ့ နှိပ်စက်မှုတွေကိုခံပြီး ရှင်သန်နေတာဟာ တခြားဘာမျှော်လင့်ချက်မှမရှိဘဲ ဖေဖေမေမေတို့နဲ့ ပြန်တွေ့ချင်တဲ့ ဆန္ဒလေးတစ်ခုကြောင့်။ လူတိုင်းလူတိုင်းက မျှော်လင့်ချက်ကိုယ်စီနဲ့အသက်ရှင်နေကြသလို ဆွေးလို သာမန်လူတစ်ယောက်ကလည်း မျှော်လင့်ချက်နဲ့ အသက်ဆက်နေရတာပါပဲ။
"ဆွေးအရိပ်... လိမ္မော်ရည်ဖျော်ခိုင်းတာကို လိမ္မော်ပင်ပါစိုက်ပြီး အသီးသီးတဲ့အထိ စောင့်နေရလို့လား..."
ဆွေး မျက်ရည်တွေကို မြန်မြန်သုတ်လိုက်ကာ လိမ္မော်ရည်ကိုမြန်မြန်ဖျော်လိုက်လေသည်။
"ဆွေး... ဆွေး လာပါပြီ အန်တီခင်..."
"အေးဟယ်... လူသာ အရင်မြန်မြန်လာခဲ့စမ်းပါ..."
လိမ္မော်ရည်ဖလားကိုယူပြီး မီးဖိုခန်းထဲကနေမြန်မြန်ထွက်လိုက်ရသည်။ ဒါတောင် ကိုလေးအိမ်မှာမရှိလို့။ ကိုလေးသာအိမ်မှာရှိရင် ဆွေး ဒီလိုတောင်နေရမှာမဟုတ်။ ကိုလေးရဲ့ရည်းစားစာကိုတောင် တစ်ခါတစ်လေ ရေးပေးရသေးသည်။ အဲ့လိုရေးပေးနေရင်းတောင်မှ မထင်ရင်မထင်သလို အဆူအငေါက်ကခံရသေးသည်။
"အန်တီခင် လိမ္မော်ရည်ရပါပြီ..."
"ပေးစမ်း... မြန်မြန်..."
ဆွေး ပေးလိုက်တော့ အန်တီခင်က ဆွေးကို သေချာကြည့်ကာ
"မီးပူတိုက်ပြီးရင် ထမင်းဟင်းချက်ထား... ရှိန်းကြိုက်တတ်တဲ့ ကြက်အူဟင်းကို သေချာချက် ကြားလား..."
"ဟုတ်ကဲ့..."
သွားတော့လို့ အန်တီခင်က မပြောသေးဘဲ ဆွေး အန်တီခင့်ရှေ့ကနေ လှည့်ထွက်လာလိုက်သည်။ တဖြည်းဖြည်းနဲ့ လူက အမိန့်ပေးစရာမလိုတဲ့ သံပတ်ရုပ်တစ်ခုလိုမျိုး ဖြစ်လာခဲ့၏။ အတွေးထဲမှာ သူတို့ မျက်နှာတွေမြင်ယောင်လာမိတာနဲ့တင် ကြက်သီးထလောက်အောင် ကြောက်နေခဲ့တာ အခုချိန်ထိပဲလေ။ ဟင်း... သက်ပြင်းချမိတာလည်း ခနခန။ သက်ပြင်းခနခနချတိုင်းသာ အသက်တိုရမယ်ဆိုရင် ဆွေးက အရင်ဆုံး သေဆုံးရမှာအမှန်ပါ။ သေဆုံးဖို့လွယ်သလောက် ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ဒီလိုဘဝကြီးထဲမှာ သေဆုံးဖို့ထက် ရှင်သန်ဖို့ကိုမှ ဘာလို့ရွေးချယ်ခဲ့ရတာလဲ။ သေချာတာတစ်ခုကိုပြောရမယ်ဆိုရင်တော့ ဒါဟာ ဖေဖေနဲ့မေမေကြောင့်လို့ပဲ ဆွေးပြောချင်မိပါတယ်။
💕💕💕💕💕💕💕
#####
အိမ်မက်ကြယ်
CZYTASZ
ချစ်သောကိုကို (Completed)
Romansနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...
