အခန်း(၅)

105 5 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၅)💖

"တိမ်လွှာ..."
လမ်းလျှောက်နေရင်းကနေ အနောက်ကနေခေါ်နေတဲ့အသံကိုကြားပေမယ့် တိမ်လွှာလှည့်မကြည့်မိပါ။ ဘယ်သူလဲဆိုတာ သူသိပါတယ်။ သူ့ရဲ့အနာဂတ်မရီးလောင်းလေးပေါ့။
"တိမ်လွှာ... ရတုခေါ်နေတယ်လေကွာ..."
သူငယ်ချင်းတစ်ယောက်က ပြောလိုက်တော့မှ သူ အလိုမကျစွာဖြင့် နောက်ကိုလှည့်ကြည့်လိုက်ပြီး
"ဪ ရတု... ဘာပြောစရာရှိလို့လဲ..."
မော်ဒယ်လည်းဟုတ် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်နေတော့ သူမပုံစံဟာ အားလုံးထဲမှာ ထင်ရှားနေ သည်ဆိုလည်းမမှားပါ။ ရတုရဲ့မျက်နှာက အမြဲတမ်းပြံုးနေတတ်တာ။ သရုပ်ဆောင်တဲ့အခါမှာလည်း ပီသလွန်းတာကိုတော့ သူ ချီးကျူးပါသည်။
"တိမ်လွှာ့ကို မေးစရာရှိလို့..."
တိမ်လွှာ့သူငယ်ချင်းတွေရဲ့အကြည့်က တိမ်လွှာ့ဆီသို့ ရောက်လာကြ၏။
"ဘာမေးမှာလဲ..."
"တိမ်လွှာ့ကိုကိုက ဒီကျောင်းမှာရုပ်ရှင်လာရိုက်မှာဆို..."
တိမ်လွှာ့ ရတုမျက်နှာကို အလိုမကျစွာဖြင့် ကြည့်လိုက်ကာ
"အဲ့ဒါ ကျွန်တော်မသိဘူး... ကိုကို့ကိုမေးကြည့်ပါလား..."
ရတုရဲ့မျက်နှာက အနည်းငယ်တော့ ပျက်ယွင်းသွား၏။ ဘေးမှာ သူငယ်ချင်းတွေကလည်းပါနေတော့ သူမ ရှက်သွားပုံပင်။ တိမ်လွှာ သိပေမယ့် မသိချင်ယောင်ဆောင်ထားလိုက်လေသည်။
"ရတုမှာ... ကိုခရာရဲ့ဖုန်းနံပါတ်မရှိလို့ပါ..."
တိမ်လွှာ သဘောကျစွာပြံုးလိုက်မိတော့သည်။ ကိုကိုနဲ့သူက မိဘချင်းသဘောတူထားတယ်ဆိုပြီး သူ့မှာ ကိုကို့ဖုန်းနံပါတ်မရှိဘူးတဲ့လား ဘယ်လောက်တောင်ရယ်စရာကောင်းသလဲ။
ရတု တိမ်လွှာ့မျက်နှာကိုအကဲခတ်လိုက်ကာ တစ်ချက်ပြံုးလိုက်ပြီး
"ဘာလဲ တိမ်လွှာကမယုံဘူးမို့လား..."
တိမ်လွှာ ဘာမှဆက်မပြောမိတော့။ သူ ဘာလို့ ဆောင်းရတုအပေါ်မှာ အခုလိုမကြည်မလင်ဖြစ်နေမိတယ် ဆိုတာ သူနားမလည်ပေ။ ကိုကိုနဲ့ပတ်သက်နေလို့များလား။
"တိမ်လွှာ ငါတို့သွားနှင့်တော့မယ်ကွာ..."
သူငယ်ချင်းတွေက ရတုကိုကြည့်ကာပြောလိုက်တော့ တိမ်လွှာ သူငယ်ချင်းတွေကိုလှည့်ကြည့်လိုက်ကာ
"ငါလည်းလိုက်ခဲ့မယ်..."
"နေပါဦး တိမ်လွှာရယ်..."
တိမ်လွှာစိတ်တိုသွားကာ ရတုကို သေချာကြည့်လိုက်ပြီး
"ဒီမှာ ဆောင်းရတု... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်... ကိုကိုနဲ့ပတ်သက်ပြီး သိချင်တာရှိရင် ကိုကို့ကိုမေး... ကျွန်တော့်ကိုလာမမေးနဲ့..."
"Sorry တိမ်လွှာ... တစ်ချိန်ကျရင် ရတုက တိမ်လွှာ့မရီးဖြစ်လာမယ့်သူဆိုတော့ အခုချိန်ကတည်းက ရင်းနှီးအောင်နေချင်လို့ပါ..."
"အဟွန့်..."
တိမ်လွှာ သိသိသာသာမျက်နှာကိုမဲ့လိုက်ပြီး အသံပါထွက်သွားလေတော့သည်။
"ဟင်... ဒါဆို ရတုနဲ့ကိုအက္ခရာမောင်က..."
တိမ်လွှာ့သူငယ်ချင်းတစ်ယောက်က ပြောလိုက်တော့ ရတုပြံုးပြီးခေါင်းငြိမ့်လိုက်ကာ
"အင်း... တစ်ချိန်ချိန်ကျရင် အဲ့လိုဖြစ်လာမှာပါ..."
"မင်းတို့ သူနဲ့စကားပြောချင်ရင် နေခဲ့ကြ... ငါ့အတွက်အရေးမပါတဲ့စကားတွေနားထောင်ဖို့ အချိန်ကုန်မခံနိုင်ဘူး..."
တိမ်လွှာပြောကာ သူတို့ကိုကျောခိုင်းလိုက်လေသည်။
"ဟာ... တိမ်လွှာ..."
"မမရတု..."
တိမ်လွှာ့ခြေလှမ်းတွေ ရပ်တန့်သွားတော့သည်။ ဒီအသံလေး...။ သူလှည့်ကြည့်လိုက်တော့ ဆောင်းရတုရဲ့ ရှေ့မှာ မတ်တပ်ရပ်နေတဲ့ကောင်မလေးတစ်ယောက်။ ဟုတ်တယ်... ဆွေးအရိပ်...။
"ဘာလဲ... ရည်းစားစာပေးဦးမလို့လား..."
ဆွေး မျက်နှာလေး အောက်သို့ငုံ့သွားလေတော့သည်။
"ကိုလေးက ဆွေးကို သေချာမှာလိုက်ပါတယ်... ဒီစာထဲကစကားလုံးတွေအားလုံးဟာ သူ့ရင်ထဲက ခံစားချက် အစစ်အမှန်တွေမို့လို့ သေချာလေးဖတ်ပေးပါတဲ့..."
"ဘာ... ဟား... ဟား..."
ရတု အ့ံသြသွားကာ သဘောကျစွာရယ်လိုက်လေသည်။ ဆွေးလက်ထဲက စာအိတ်ကိုလည်း သေချာ ကြည့်လိုက်ကာ
"ပေး..."
ဆွေး အ့ံသြသွားသလို ဝမ်းလည်းဝမ်းသာသွားကာ စာအိတ်လေးကို တရိုတသေလေးပေးလိုက်လေသည်။
တိမ်လွှာ ရတုနဲ့ဆွေးအရိပ်ကို စိတ်ဝင်စားသွားကာ လှည့်ကြည့်လိုက်မိလေသည်။ သူတို့ ဘယ်လိုတွေ ပတ်သက်နေတာလဲ။ နတ်ဆိုးနဲ့ပတ်သက်နေတာလား။ ဒါပေမယ့် သူ့အတွက်တော့ သူမနဲ့တွေ့ရတာ ကံကောင်းတာပဲ၊ လိုက်ရှာရင်တောင် တွေ့ချင်မှတွေ့ရမှာ။ အခုတော့ ထိပ်တိုက်တွေ့ရပြီ။ ကိုကို့အတွက် သူ အကျိုးဆောင်ပေးရတော့မယ်။
ရတု ဆွေးလက်ထဲက စာအိတ်လေးကိုယူလိုက်တော့ ဆွေး သေချာလေး လိုက်ကြည့်နေမိလေသည်။ တော်ပါသေးတယ် မမရတု မငြင်းလို့။ ငြင်းခဲ့ရင် ကိုလေးက ဆွေးကိုပြောဦးမှာ။
"ဗြိ..."
"အို..."
မထင်မှတ်ထားသော လုပ်ရပ်ဖြစ်သဖြင့် အားလုံးအ့ံသြသွားသလို တိမ်လွှာပါအ့ံသြသွားတော့၏။ ရတုက စာအိတ်ကိုတစ်စစီဆွဲဖြဲလိုက်ခြင်းဖြစ်သည်။
ဆွေးကတော့ မျက်လုံးကလေးပြူးကာ ရတုကို သေချာလေးငေးကြည့်နေလေသည်။ ရတုက စာအိတ်ကို စိတ်ရှည်လက်ရှည်တစ်စစီဆွဲဖြဲပြီးတော့မှ ဆွေးကိုသေချာကြည့်လိုက်ကာ
"ဒီမှာ ဆွေးအရိပ်..."
"ရှင်... မမရတု..."
"မင်း ဘယ်အချိန်အထိ အခုလိုမျိုး ရှိန်းအာကာခိုင်းတာတွေလုပ်ပေးနေမှာလဲ... မင်း မိန်းကလေး မဟုတ်ဘူးလား... မင်းမှာ အရှက်မရှိဘူးလား..."
"ဟင်..."
ရတုစကားကြောင့် ဆွေး ရှက်သွားကာ ခေါင်းကိုအောက်ကိုငုံ့သွားတော့သည်။ သူစိမ်းတွေရှေ့မှာ အခုလိုမျိုးအပြောခံရတာ ဆွေးအတွက်တော့ ပထမဆုံးပါပဲ။ ဒါ ကိုလေးကြောင့်၊ ကိုလေး ဆွေးကို တမင်သက်သက်လုပ်ရက်တယ်။
ရတု ဆလင်းဘတ်အိတ်ကို ပခုံးပေါ်သို့ဆွဲတင်လိုက်ကာ ဆွေးကို အထင်သေးသည့်မျက်လုံးများဖြင့် ကြည့်လိုက်ပြီး
"နောက်ပြီး ရှိန်းအာကာကိုပြောလိုက်... ဒို့က မကြာခင်မှာ နိုင်ငံကျော်သရုပ်ဆောင် အက္ခရာမောင်ရဲ့ မဟေသီဖြစ်တော့မှာမို့လို့ ဒို့နဲ့လာမပတ်သက်နဲ့တော့လို့ပြောလိုက် ကြားလား..."
ဆွေး တကယ်ပဲ ဒီနေရာကနေ ထွက်ပြေးသွားချင်မိတော့သည်။ မမရတုမှာ ချစ်သူရှိနေတာကို ကိုလေးသိရဲ့သားနဲ့ လူကြားမှာ ဆွေးကို အရှက်ရအောင်လို့။
"သူ့အဆင့်နဲ့ ဒို့လိုမိန်းကလေးမျိုးကို ဒီလို ထပ်ပြီးနှောက်ယှက်မယ်ဆိုရင် ဒို့အဆိုးမဆိုနဲ့လို့ပြောလိုက်ပါ... နောက်ပြီး ဆွေးအရိပ်... မင်းလည်း အရှက်ရှိတယ်ဆိုရင် အခုလိုလုပ်ရပ်မျိုးတွေ ထပ်မလုပ်ဘူးလို့ ဒို့မျှော်လင့်ပါတယ်..."
"ဒီထက်ရင့်သီးမောက်မာတဲ့စကားလုံးတွေ မင်းမှာမရှိတော့ဘူးလား ဆောင်းရတု..."
"တိမ်လွှာ... "
တိမ်လွှာ ဘယ်လိုမှသည်းမခံနိုင်တော့သဖြင့် ဝင်ပြောလိုက်ရတော့သည်။ တိမ်လွှာ ရတုနားသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားလိုက်ပြီး
"မင်းလို မော်ဒယ်တစ်ယောက်က ဒီလိုစကားမျိုးတွေပြောနေတဲ့အတွက် မင်းကိုယ်မင်း အောက်တန်း ကျတယ်လို့ရော မထင်မိဘူးလား..."
တိမ်လွှာ့စကားကြောင့် ရတုမျက်နှာပျက်သွားကာ
"တိမ်လွှာ ရတုကို ဘယ်လိုစကားတွေပြောနေတာလဲ..."
"ဒီမှာ လူတွေအများကြီးရှိတယ် ဆောင်းရတု... မင်းပြောတဲ့စကားတွေ မီဒီယာတွေလက်ထဲသာ ရောက်သွားရင် ကျွန်တော့်ကိုကိုပါထိခိုက်မှာ... မင်းပါးစပ်စည်းကမ်းရှိပါ... နောက်ပြီး လူကြားသူကြားထဲမှာ မိန်းကလေးချင်းကိုယ်ချင်းမစာဘဲ အခုလိုတစ်ဖက်သတ်ကြီး မင်းမပြောသင့်ဘူး ဆောင်းရတု... "
ရတု လက်ပိုက်ကာ မျက်နှာကိုတခြားဘက်သို့ လှည့်လိုက်လေသည်။
"ရတု တိမ်လွှာ့ကိုကိုထိခိုက်မယ့်အလုပ် ဘယ်တော့မှမလုပ်ဘူး တိမ်လွှာ... ဒါပေမယ့် ဆွေးအရိပ် အတွက်တော့ ရတု ဘာမှတွေးပေးစရာမလိုဘူး..."
"သူလုပ်နေတာတွေအားလုံးက နတ်ဆိုးခိုင်းလို့လုပ်ရတာ... သူလုပ်ချင်လို့လုပ်တာမဟုတ်ဘူးဆိုတာလည်း မင်းသိတယ်... မင်းပြောချင်ရင် မင်းကိုယ်တိုင် နတ်ဆိုးကိုသွားပြောပါလား..."
"အို... သူ့လိုလူမျိုးနဲ့ပတ်သက်စရာ ရတုမှာ ဘာအကြောင်းမှမရှိဘူး..."
ရတု ခါးခါးသီးသီးကြီးကို ငြင်းပစ်လိုက်လေသည်။
"ဒါဆို မင်း ဆွေးအရိပ်ကိုလည်း ဘာမှပြောစရာမလိုဘူး..."
"ဟင်..."
ရတု တိမ်လွှာ့ကိုလှည့်ကြည့်လိုက်ကာ ဆွေးကိုလက်ညှိုးထိုးလိုက်ပြီး
"တိမ်လွှာနဲ့ ဆွေးအရိပ်က ဘယ်လိုပတ်သက်နေလို့လဲ တိမ်လွှာ..."
ဆွေး ဘယ်သူ့ကိုမှ ခေါင်းမော့ပြီးမကြည့်ရဲခဲ့။ တိမ်လွှာဆိုတဲ့လူက ဘာလို့ ဆွေးဘက်ကနေ ပြောပေး နေရတာလဲဆိုတာလည်း ဆွေး နားမလည်ပါ။
"အဲ့ဒါမင်းနဲ့မဆိုင်ပါဘူး..."
ရတု တိမ်လွှာ့ကိုကြည့်ကာ လုံးဝနားမလည်ခဲ့။ ဟိုတေမိမကတော့ သူ့ပုံစံအတိုင်း ခေါင်းငုံ့ပြီး ငြိမ်သက်နေတယ်။ ဘာလဲ သူများတွေ ရည်းစားတွေလို့အထင်ခံရအောင်လို့လား။
"ဆွေး... ဆွေးကပဲတောင်းပန်ပါတယ် မမရတုရယ်... ဆွေး ကိုလေးကို မမရတုမှာလိုက်တာတွေ အကုန်ပြောပြလိုက်ပါ့မယ်... ဆွေးကိုခွင့်ပြုပါဦး..."
ဆွေး မျက်ရည်တွေဝဲလာကာ ကျလုကျခင်ဖြစ်လာသဖြင့် မမော့ရဲခဲ့ပါ။ သူတို့အားလုံးကို မြန်မြန်ကျောခိုင်း လိုက်မိတော့သည်။
"ဆွေးအရိပ် မင်း ခနနေဦး..."
"ဟင်..."
စကားပြောလို့ အမိန့်အသံပါလိုက်တာနဲ့ အလိုလိုနာခံတတ်တဲ့စိတ်ကြောင့် ကျောခိုင်းနေရက်နဲ့ ဆွေး ခြေလှမ်းတွေရပ်တန့်နေမိတော့၏။
"တိမ်လွှာ... သူ့လိုမိန်းကလေးက တိမ်လွှာပတ်သက်သင့်တဲ့လူမျိုးမဟုတ်ဘူးလို့ ရတုထင်တယ်..."
တိမ်လွှာ အမြင်ကပ်ကပ်နဲ့ ရတုကိုသေချာကြည့်လိုက်ကာ
"ဘာလဲ မင်းလိုလူတစ်ယောက်မဟုတ်လို့လား..."
"ဘာ..."
"ဆောင်းရတု... မင်းစိတ်ဓာတ်တွေကို မင်းပြင်သင့်တယ်လို့မထင်ဘူးလား... လူတိုင်းကို မင်းစိတ်နဲ့ပဲ နှိုင်းနေလို့မရဘူးဆိုတာ မင်း သိသင့်တယ်..."
"ဟင်... တိမ်လွှာပြောနေတဲ့စကားတွေက ရတုအပေါ်မှာ မရင့်သီးလွန်းဘူးလား... ရတုတို့က သူစိမ်းတွေမှ မဟုတ်တာ... နောက်ဆို ရတုက တိမ်လွှာ့ရဲ့မရီး..."
"တော်တော့ ဆောင်းရတု... စကားပြောရင် အဲ့ဒီ့ ဖြစ်မလာသေးတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကြီးကို ထည့်ထည့် မပြောနဲ့ မင်းမရှက်ဘူးလား... ကိုကိုက မင်းကိုလက်ထပ်ပါ့မယ်လို့ ပြောခဲ့လို့လား..."
"ဘာ... မင်း..."
ရတု တိမ်လွှာ့ကိုလက်ညှိုးထိုးရင်း စိတ်တွေတိုလာကာ စကားလုံးတွေပါထွက်မလာခဲ့တော့။
"တောက်... မင်းပြောတဲ့စကားတွေအတွက် မင်း နောင်တမရစေနဲ့..."
ရတု တိမ်လွှာ့ကိုစိတ်တိုတိုနဲ့ပြောကာ တိမ်လွှာ့ရှေ့ကနေထွက်သွားလေတော့သည်။ သူ့သူငယ်ချင်း နှစ်ယောက်ကလည်း နောက်ကနေ လိုက်သွားကြတော့၏။
တိမ်လွှာ ဆွေးကိုလှည့်ကြည့်လိုက်တော့ သူမက သူ့ကိုကျောခိုင်းကာ ငြိမ်သက်နေ၏။
"တိမ်လွှာ ငါတို့ကန်တင်းမှာ စောင့်နေမယ်နော်..."
တိမ်လွှာ သူငယ်ချင်းတွေကိုခေါင်းငြိမ့်ပြလိုက်တော့ သူ့သူငယ်ချင်းတွေလည်း ထွက်သွားကြတော့သည်။
"ဆွေးအရိပ်..."
ဆွေး ကျလာတဲ့မျက်ရည်တွေကို ခေါင်းငုံ့ရင်းအသာလေးသုတ်လိုက်ကာ
"ဆွေး တောင်းပန်ပါတယ် ကိုတိမ်လွှာ... ဒါတွေအားလုံးက ဆွေးအမှားတွေပါ... ဆွေးကိုခွင့်ပြုပါဦး..."
"နေဦး... ခန... မင်းနဲ့နတ်ဆိုး ဘယ်လိုပတ်သက်နေတာလဲ..."
"အဲ့ဒီ့မေးခွန်းအတွက် ဆွေးမှာအဖြေမရှိဘူး..."
"မင်းသိလား ဆွေးအရိပ်... နောက်ထပ် မင်းနဲ့ကိုယ် ပတ်သက်စရာတွေအများကြီးရှိသေးတယ်... ဒါပေမယ့် ဒီနေ့ မင်းမျက်ရည်ကျခဲ့ရတဲ့အတွက် ကိုယ့်အပြစ်လည်းမကင်းပါဘူး... အဲ့ဒါကြောင့် ကိုယ်တောင်းပန် ပါတယ်..."
ဟင် ဆွေး ငိုနေတာကို သူသိနေတာလား...။
"Sorry မင်းသွားလို့ရပါပြီ..."
ဆွေး သူ့ကိုဘာမှပြန်မပြောတော့ဘဲ သူ့ရှေ့ကနေ အဝေးကိုရောက်ဖို့ကိုပဲ မြန်မြန်လေးထွက်လာ လိုက်သည်။ နောက်ထပ် ဆွေးနဲ့ပတ်သက်စရာတွေအများကြီးရှိတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။
စာကြည့်တိုက်အပေါ်ထပ်ကနေ လှမ်းကြည့်ကာ ရှိန်း နှာခေါင်းရှုံ့လိုက်မိ၏။ စကားသံတွေကို မကြားရ ပေမယ့် အဖြစ်အပျက်တွေအားလုံးကို သူလှှမ်းမြင်နေရလေသည်။ ဆောင်းရတု စာအိတ်ကိုဖြဲပစ်တာရော၊ အရိပ်ကိုပြောဆိုနေတာတွေရော၊ အဲ့ဒီ့ထဲကမှ မင်းတိမ်လွှာ အရိပ်ကိုဘာတွေပြောလဲဆိုတာကို သူသိချင် တယ်။ မင်းတိမ်လွှာ မင်းဘက်က အရင် ငါ့ပိုင်နက်ထဲဝင်လာတာဆိုရင်တော့ မင်းငါ့အကြောင်းသိရမှာပေါ့၊ အရိပ်ဆိုတာ ငါပိုင်တဲ့အရုပ်တစ်ရုပ်။ ဘယ်သူမှ ပိုင်ဆိုင်ခွင့်မရှိသလို လုယူသွားလို့လည်းမရဘူးဆိုတာ မင်းသိအောင်ငါပြမယ်။
💕💕💕💕💕💕💕
ဒိုင်ယာလော့တွေသာဖတ်နေတာ ခရာ စိတ်မပါပေ။ သူမျှော်နေတာက ညီ့ကို။ သူ့နှလုံးသားလေးရဲ့ သီးသန့် ပိုင်ရှင်ကို ညီကရှာဖွေပေးဖို့အတွက် ကတိပေးထားသည်။ နေ့လယ်ကသူ့ကိုဖုန်းဆက်ပြီး အဲ့ဒီ့ကောင်မလေး အကြောင်း နည်းနည်းသိရပြီဆိုလို့ သူ ပျော်နေခဲ့တာ။ ကျောင်းဆင်းချိန်လည်းရောက်နေပါပြီ ဒါပေမယ့် ညီက အခုချိန်ထိလည်းပြန်မလာသေး။
"သား..."
ဒိုင်ယာလော့စာအုပ်ကိုတစ်ချက်ကြည့်ကာ သူ မေမေ့ကိုမော့ကြည့်လိုက်ပြီး
"မေမေ..."
မေမေက သူ့ဘေးနားမှာလာထိုင်တော့ မေမေ့ဆီကနေ မွှေးပျံ့တဲ့အနံ့တစ်ချို့ကို သူ ရလိုက်သည်။ မေမေက သူ့လိုပဲ သိပ်အသန့်ကြိုက်တာ။ အမြဲတမ်းကျော့ရှင်းအောင်နေတတ်တာလည်း သူနဲ့မေမေရဲ့ တူညီတဲ့အကျင့်။ ဒီနေ့ ထူးထူးခြားခြား မေမေ့မျက်နှာမကောင်းဖြစ်နေတော့ သူ စိုးရိမ်သွားမိလေသည်။
"မေမေ မျက်နှာမကောင်းပါလား... ဘာဖြစ်လို့လဲ..."
မေမေက သူ့ကို အတတ်နိုင်ဆုံးဟန်ဆောင်ပြီး ပြံုးပြနေ၏။ မေမေ ဘယ်ဒါရိုက်တာနဲ့အဆင်မပြေ ဖြစ်လာပြီလဲမသိ။ မေမေက အခုလိုမျိုးဖြစ်ခဲသည်။ ဒီလိုမျိုး မေမေ မျက်နှာပျက်တဲ့နေ့ဆို သူနဲ့ပတ်သက် နေလို့သာဖြစ်သည်။
"သား ဒီတစ်ခေါက်ရိုက်ရမယ့် ရုပ်ရှင်က ကျောင်းသားဇာတ်လမ်းတဲ့လေ... သားက ကျောင်းသား ဇာတ်လမ်းတွေသိပ်မရိုက်ချင်ပါဘူးလို့ အဲ့ဒီ့ဒါရိုက်တာကို မေမေသေချာပြောထားရဲ့သားနဲ့ သားရယ်..."
ခရာ မေမေ့ကိုကြည့်ပြီး ပြံုးလိုက်ကာ
"ဪ... အဲ့ဒါကြောင့် မေမေမျက်နှာမကောင်းဖြစ်နေတာကိုး..."
မေမေက ခရာ့ကို အားနာသလိုကြည့်လာ၏။
"ဟုတ်တယ် သားရယ်... နောက်ပြီး မေမေက ဒီရုပ်ရှင်ကို လက်မလွှတ်ချင်ဘူး... ဘာဖြစ်လို့လဲဆိုတော့ တခြားနာမည်ကြီးသရုပ်ဆောင်တွေပါရုံတင်မကဘူး နိုင်ငံခြားသားတွေနဲ့ဆက်ဆံရမှာရယ်... ဒါရိုက်တာ ကလည်း ကောင်းတာရယ်ကြောင့် မေမေလက်မလွှတ်ချင်တာပါ သားရယ်..."
ခရာ နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်ကာ
"တကယ်တော့ ကျောင်းသားဇာတ်လမ်းရိုက်ချင်တယ်လို့ သားက တောင်းဆိုခဲ့တာပါ မေမေ..."
"ဟင်... ဘယ်လို..."
မေမေက သူ့ကိုအ့ံသြတကြီးကြည့်နေတော့ သူ မလုံမလဲပြံုးလိုက်မိ၏။ ဟုတ်ပါတယ်... ကျောင်းသား ဇာတ်လမ်းရိုက်ဖို့ သူပဲတောင်းဆိုခဲ့တာ။ အဲ့ဒါကလည်း တခြားကျောင်းမဟုတ်ဘဲ ညီတို့ကျောင်း။ သူ့နှလုံးသားရဲ့သီးသန့်ပိုင်ရှင်လေးနဲ့ တွေ့ချင်လို့ပါ။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး သူက တောင်းဆိုခဲ့ တာဖြစ်သည်။ ဒါရိုက်တာကြီးကတော့ အ့ံသြဝမ်းသာစွာဖြင့် လက်ခံခဲ့လေသည်။ သူ ကျောင်းသား ဇာတ်လမ်းတွေကို ဘယ်တုန်းကမှမရိုက်ဖူးခဲ့ပေ။ အဲ့ဒါကြောင့် မေမေကလည်း ဒါရိုက်တာကြီးကို စိတ်တွေဆိုးပြီး မျက်နှာမကောင်းဖြစ်နေခဲ့တာ။
"ဟုတ်ပါတယ် မေမေ..."
မေမေက သူ့ကို သင်္ကာမကင်းသောမျက်လုံးများဖြင့် ကြည့်လာလေသည်။
"သား တကယ်ပြောနေတာလား... ဒါမှမဟုတ် အဲ့ဒီ့ဒါရိုက်တာက သားကို အတင်းတောင်းဆိုခဲ့တာလား..."
"သား တကယ်ပြောတာပါ မေမေရဲ့... သား အဲ့လို character မျိုး မရိုက်ဖူးလို့ ပရိသတ်အကြိုက်လည်း လိုက်လျောသလိုဖြစ်အောင်လို့ပါ..."
သူပြောတာကို မေမေက လက်ခံသည့်သဘောဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ
"အင်း ဟုတ်တယ်... သားရဲ့ပရိသတ်တွေကလည်း ကျောင်းသားဇာတ်လမ်းတွေရိုက်စေချင်ကြတာ..."
"ဟုတ် မေမေ..."
သူက သူ့အကြောင်းနဲ့သူမို့သာ ဒီရုပ်ရှင်ကိုရိုက်တာ။ မေမေကတော့ အကောင်းဘက်ကတွေးပြီး အကောင်း ထင်နေသည်။ သူ့အနေနဲ့ကလည်း ဒါ သူ့အတွက်တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ ပရိသတ်တွေလည်း သဘောကျ သူလည်း သူ့နှလုံးသားလေးရဲ့သီးသန့်ပိုင်ရှင်နဲ့တွေ့ရ။
"သား သဘောကျရင် ပြီးတာပါပဲ... မေမေက သား မရိုက်ချင်တဲ့ character မို့လို့ စိုးရိမ်နေတာ..."
"ဟုတ်ကဲ့ မေမေ..."
"ကိုကို..."
"ဟာ ညီ... နောက်ကျလိုက်တာ..."
တိမ်လွှာ ကိုကို့စကားကြောင့် ပြံုးလိုက်မိလေသည်။ ကိုကို့လေသံကိုကြည့်ခြင်းအားဖြင့် ကိုကို သူ့ကို ဘယ်လောက် မျှော်နေလဲဆိုတာ သိသာပါတယ်။
"သားငယ်တောင် ပြန်ရောက်ပြီပဲ..."
"ဟုတ်ကဲ့ မေမေ..."
တိမ်လွှာ အိမ်ထဲကိုဝင်လိုက်ပြီး မေမေ့ဘေးမှာထိုင်ဖို့ပြင်လိုက်ရာ
"ညီ... လာ ကိုကို့အခန်းထဲသွားရအောင်..."
တိမ်လွှာ ထိုင်ရမလို ထရမလိုဖြင့် ကုန်းကုန်းကြီးဖြစ်နေလေသည်။
"ဘာလို့လဲ သားရဲ့..."
ခရာ ထိုင်နေရာကနေ မြန်မြန်ထလိုက်ပြီး ညီ့နားကိုကပ်သွားကာ ထိုင်ရမလို ထရမလိုဖြစ်နေတဲ့ ညီ့လက်ကို ဆွဲထားလိုက်ပြီး မေမေ့ကိုကြည့်လိုက်ကာ
"ညီ့ကို ကျောင်းနဲ့ပတ်သက်ပြီး မေးစရာလေးတွေရှိလို့ပါ မေမေရဲ့..."
"ဪ... အေးပါကွယ်... မင်းညီကိုလည်းကြည့်ပါဦး သားရယ်..."
မေမေပြောတာကိုကြည့်လိုက် ကိုကိုပြောတာကိုကြည့်လိုက်နဲ့ သူ့ပုံစံက ဘာပုံပေါက်နေပြီလဲဆိုတာ သူတောင်မသိတော့။ ကိုကိုကတော့ သူ့ကိုကြည့်ပြီး အားရပါးရရယ်နေတော့သည်။
"ဆောရီးပါ ညီရယ်... လာ ကိုကို့အခန်းထဲသွားရအောင်..."
ကိုကိုက သူ့ကျောပိုးအိတ်ကိုယူကာ သူ့လက်ကိုဆွဲပြီး အိမ်ပေါ်က ကိုကို့အခန်းထဲထိ ခေါ်လာတော့၏။ မေမေကတော့ သူတို့ကိုသဘောကျစွာကြည့်ရင်း ကျန်ခဲ့မှာအသေအချာပင်။
ခရာ အခန်းထဲရောက်တော့ တံခါးကိုသေချာလော့ချလိုက်လေသည်။ ညီက သူ့ကုတင်ပေါ်မှာ လှဲအိပ်နေ၏။ သူ ကုတင်ဘေးက ခုံမှာထိုင်လိုက်ကာ ညီ့ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်ပြီး
"ညီ... ပြောပြလေကွာ..."
ညီက သူ့ကိုလှည့်ကြည့်လာပြီး
"ညီ အိပ်ချင်လို့ အိပ်ရာကနိုးလာမှပြောပြတော့မယ် ကိုကိုရာ..."
"ဟာ... ညီမညစ်ပတ်နဲ့နော်..."
"ကိုကိုကလည်း ညီ အိပ်ချင်လို့ပါဆို..."
"လုပ်ပါ ညီရာ... ကိုကို သူ့အကြောင်းသိချင်လို့ပါ... နော်..."
ကိုကိုပြောနေတဲ့ပုံလေးက ကလေးလေးတစ်ယောက် ပူဆာနေသလိုမို့ တိမ်လွှာ သဘောကျစွာရယ်လိုက် မိလေသည်။ ကိုကို ဟိုးငယ်ငယ်ကတည်းက ဘယ်သူ့ဆီကမှ အခုလိုမျိုး မတောင်းဆိုဖူးခဲ့. မေမေ့ဆီ ကတောင် တောင်းဆိုဖူးခဲ့တာမဟုတ်။ အခု မိန်းကလေးတစ်ယောက်အကြောင်းကို သိချင်လို့ ကိုကို တောင်းဆိုတတ်လာပြီ။
"ကိုကို ညီ့ကို ဘာပေးမှာလဲ..."
"ညီလိုချင်တာအကုန်ပေးမယ်..."
တိမ်လွှာ အိပ်နေရာကနေ ထလိုက်ပြီး ကိုကို့ကိုကြည့်လိုက်ကာ
"ကိုကို တကယ်ပြောတာနော်..."
"အင်း တကယ်..."
"ကောင်းပြီလေ... ဒါဆိုလည်း ညီပြောပြမယ်... ကိုကို့ဆီက လိုချင်တာကိုတော့ အခုမတောင်းသေးဘူး ညီမှတ်ထားမယ် ကိုကိုလည်းမှတ်ထားရမှာနော်... ညီတောင်းတဲ့အချိန်မှ မသိဘူးလုပ်မနေနဲ့..."
"ဟုတ်ပါပြီညီရယ် ကိုကိုမှတ်ထားပါ့မယ်ကွာ... ကိုကို့ကိုမြန်မြန်ပြောပြပါတော့..."
"အင်း..."
သူ ခြေထောက်ကိုတမင်ခွေကာ ကိုကိုနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်၏။ ကိုကိုကတော့ သူပြောမှာကို စိတ်ဝင်တစားနားထောင်နေလေသည်။
"သူ့နာမည်က ဆွေးအရိပ်တဲ့..."
"ဆွေးအရိပ်..."
ကိုကိုက သူမနာမည်ကို တအ့ံတသြလေး ရေရွတ်နေလေသည်။
"သူက Physics မေဂျာက ဒုတိယနှစ်... အသက်က ၁၉ တဲ့ ကိုကို..."
"၁၉ တော်တော်ငယ်တာပဲ..."
ကိုကိုက တစ်ယောင်ထဲရေရွတ်နေ၏။
"ဘာလဲ ကိုကို့ထက်ငယ်လို့လား..."
"အင်း ဟုတ်တယ်... ပြီးတော့ ဘာတွေသိသေးလဲ ညီ..."
"အဲ့ဒါပဲလေ..."
"ဟင် အဲ့ဒါပဲလား..."
သူ ကိုကို့ကိုထူးထူးဆန်းဆန်းကြည့်လိုက်ပြီး
"ညီ ဒီထက်ပိုသိအောင် စုံစမ်းပေးချင်ပါတယ် ကိုကိုရယ်... ဒီထက်သိချင်ရင် နတ်ဆိုးနဲ့ရန်ဖြစ်နေရမှာ စိုးလို့..."
"နတ်ဆိုး..."
အထူးတဆန်းနာမည်ကြောင့် ကိုကိုက စိတ်ဝင်စားသွားလေသည်။
"နတ်ဆိုးဆိုတာ ဘယ်သူလဲ ညီ..."
"ဆွေးအရိပ်နဲ့ ဘာတော်တာလဲတော့ ညီလည်းမသိဘူး ကိုကို... ဒါပေမယ့် ဆွေးအရိပ်ကတော့ အဲ့ဒီ့နတ်ဆိုးရဲ့စကားဆို အမိန့်တစ်ခုလိုသတ်မှတ်ထားတာ..."
"ဟင် ဘယ်လိုတွေများလဲ..."
နတ်ဆိုးအကြောင်းကို ကိုကိုသိအောင်ပြောပြဖို့ သူ စဉ်းစားလိုက်လေသည်။
"နတ်ဆိုးဆိုတာ တစ်ကျောင်းလုံးရဲ့ချဉ်ဖတ်ပဲ ကိုကို... အဲ့ဒီ့နာမည်က ဘယ်အချိန်ကတည်းက ရလဲဆိုတာတော့ ညီလည်းမသိဘူး... နောက်ပြီး နတ်ဆိုးနဲ့ညီက တစ်ခန်းထဲအတူတူပဲ..."
"ဪ... ဒါဆို ညီ ကိုကို့ကိုထပ်ပြီးစုံစမ်းပေးပါလား..."
"ဟင်..."
တိမ်လွှာ အလန့်တကြား ရေရွတ်လိုက်မိတော့သည်။ ကိုကိုကတော့ ဒီကောင်မလေးကြောင့် ဘယ်လို အန္တရာယ်ကိုမှမြင်ပုံမရတော့ပေ။ သူ နတ်ဆိုးကိုမကြောက်ပေမယ့် ရန်တော့မဖြစ်ချင်ပေ။
"ကိုကို... ညီ နတ်ဆိုးနဲ့ရန်ဖြစ်ပြီးမှ အဲ့ဒီ့ကောင်မလေးအကြောင်းကို သိရမှာနော်..."
ကိုကို့မျက်နှာက ခနတော့တည်ငြိမ်သွားကာ တစုံတခုကို သေသေချာချာ စဉ်းစားနေလေသည်။
"ဒါဆို ကိုကိုကိုယ်တိုင်ပဲ စုံစမ်းလိုက်တော့မယ်..."
"ဘယ်လို... ကိုကို ဘယ်လိုပြောလိုက်တယ်..."
သူ ကိုကို့ကို မအ့ံသြဘဲမနေနိုင်တော့ပေ။ ကိုကို ဆွေးအရိပ်ပေါ်မှာ အဲ့ဒီ့လောက်တောင် စွဲလမ်းသွားခဲ့ တာလား။
"ဟုတ်တယ် ညီ..."
"ဟင်း..."
သူ သက်ပြင်းကို ခပ်လေးလေးပင်ချလိုက်ကာ ကိုကို့အိပ်ရာပေါ်မှာ ပြန်လှဲချလိုက်မိတော့၏။
"ကိုကို အဲ့လိုလုပ်လို့မဖြစ်ဘူး ကိုကို... မေမေသာသိသွားရင် ကိုကိုအခုထက်တောင် ပိုပြီးလှောင်ပိတ် သွားမှာ..."
"ဒါဆို ကိုကို ဘယ်လိုလုပ်ရမလဲ ညီ... ညီပြောပြတော့ ကိုကို ဆွေးအတွက် ပိုပြီး ရင်ပူလာတယ်... "
"ကိုကိုရယ်..."
သူ ကိုကို့ကို သနားသွားမိတော့သည်။
"ကိုကို ရည်းစားမထားဘူးခဲ့လို့ ရူးတယ်ပဲပြောပြော ကိုကို ဆွေးကို ပိုင်ဆိုင်ချင်မိတယ် ညီ..."
သူတို့နှစ်ယောက်လုံး ခနတော့တိတ်ဆိတ်သွားကြလေသည်။ နှစ်ယောက်လုံးရဲ့မျက်နှာမှာ ပူပန်မှုကိုယ်စီ ဖြင့်။ ကိုကို့လိုပဲ သူလည်း ရင်ပူမိတယ်။ အဲ့ဒါ ကိုကို့အတွက်ပါ။ နတ်ဆိုးလိုလူမျိုးနဲ့ ကိုကို့ကြားမှာ ဘာအဖုအထစ်မှ ရှိလာလို့မဖြစ်ဘူး။ အဲ့ဒါဆိုရင် သူ နတ်ဆိုးနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ်။ နတ်ဆိုးနဲ့ ရင်ဆိုင်ပြီးမှ ဆွေးအရိပ်အကြောင်းကိုသိနိုင်မှာ။
"နတ်ဆိုးဆိုတာ ကိုကို့အတွက် နတ်ဆိုးတစ်ကောင်ဖြစ်ချင်ဖြစ်လိမ့်မယ်... ဒါပေမယ့် ကိုကိုရင်ဆိုင််ချင်တယ် ညီ..."
သူ ကိုကို့စိတ်ကိုနားလည်စွာဖြင့် သက်ပြင်းချလိုက်မိပြန်လေသည်။ အခုပုံစံအရဆိုရင် သူနဲ့ကိုကိုက ရာမနဲ့ လက္ခဏ ဖြစ်နေပေမယ့် နတ်ဆိုးကတော့ ဒဿဂီရိ ဟုတ်မဟုတ်ဆိုတာ သူတို့စောင့်ကြည့်ရမှာပဲ။
"ညီ ကူညီပါ့မယ် ကိုကို..."
"ဟင်... ညီ တကယ်ပြောတာနော်..."
"ဟုတ်ကဲ့ ကိုကိုဘာမှမစိုးရိမ်ပါနဲ့..."
ကိုကိုက သူ့ကို အားကိုးသလိုကြည့်လာလေသည်။
"ကျေးဇူးတင်ပါတယ် ညီရယ်... ကိုကို့အခြေအနေက ညီ့လိုမလွတ်လပ်တော့..."
"ညီနားလည်ပါတယ် ဒါပေမယ့် ကိုကို့ကိုပြောချင်တာတခုတော့ရှိတယ်..."
"ဘာလဲ ညီ..."
"ကိုကို ဆောင်းရတုနဲ့ပြတ်ပြတ်သားသားပတ်သက်ပါ... "
"ဟင်..."
ညီပြောတာကို ရုတ်တရက်သူနားမလည်မိ။ တဖြည်းဖြည်းနဲ့မှ နားလည်လာမိတာဖြစ်သည်။
"ကောင်းပါပြီ... ကိုကို ညီပြောသလိုလုပ်ပါ့မယ်..."
တိမ်လွှာ ကုတင်ပေါ်ကနေ ဆင်းလိုက်ကာ
"ဒါဆို ညီ သွားနားလိုက်ဦးမယ်... ဆွေးအရိပ်နဲ့ပတ်သက်ပြီး ကိုကိုမစိုးရိမ်ပါနဲ့တော့..."
"အင်း... ကျေးဇူးပါ ညီ..."
ညီက သူ့ကိုလက်ပြကာ လွယ်အိတ်ကိုယူပြီး အခန်းထဲကထွက်သွားတော့၏။ သူသာ အတွေးများစွာဖြင့် ကျန်ခဲ့တော့သည်။ သူ ဆွေးကိုပိုင်ဆိုင်ချင်တယ်။ အင်းပေါ့လေ နတ်ဆိုးတစ်ကောင်စောင့်ရှောက်နေတဲ့ အဖိုးတန်ပန်းလေးကိုလိုချင်မှတော့ နတ်ဆိုးတစ်ကောင်ကို သူနှိမ်နင်းရမှာပဲ။
💕💕💕💕💕 💕💕
###
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora