အခန်း(၉)

70 3 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၉)💖

"ဘယ်လို... တိမ်လွှာ ဘာပြောလိုက်တယ်..."
ရတုရဲ့မျက်နှာဟာ သွေးမရှိတော့သလို ဖျော့တော့သွားပေမယ့် မျက်လုံးတွေကတော့ ထူးခြားစွာ တောက်ပနေခဲ့လေသည်။
"ဟုတ်တယ် ဆောင်းရတု ကျွန်တော် ဆွေးအရိပ်ကိုသဘောကျနေခဲ့တာ... အဲ့ဒါကြောင့် ဆွေးအရိပ်နဲ့ ရင်းနှီးချင်လို့ ဆောင်းရတုဆီကနေ ကျွန်တော်အကူအညီတောင်းတာပါ..."
"တိမ်လွှာ တကယ်ပြောနေတာလား... တိမ်လွှာ ဆွေးအရိပ်ကို ကြိုက်နေခဲ့တာလား..."
တိမ်လွှာ ခေါင်းပဲငြိမ့်ပြလိုက်မိ၏။ ကိုကိုသိရင်တော့ သူ့ကိုနားလည်ပေးမှာပါ။ ဒါတွေဟာ ကိုကို့အတွက် ပဲလေ။
"ရတု ဘယ်လိုမှမယုံနိုင်ဘူး တိမ်လွှာရယ်... သူ့လိုမိန်းကလေးကိုမှ တိမ်လွှာကကြိုက်တယ်တဲ့လား..."
ကန်တင်းမှာသာ လူကရောက်နေတာ စိတ်က ဆွေးအရိပ်ရှိတတ်တဲ့ခုံတန်းလေးဆီသို့သာ ရောက်နေ လေသည်။
"တကယ်ဆိုရင် တိမ်လွှာ့လိုလူမျိုးက အဆင့်အတန်းချင်းတူတဲ့လူမျိုးကိုပဲ သဘောကျသင့်တာပါ..."
"ဆောရီးပါ ဆောင်းရတု... ကျွန်တော်စိတ်က တခြားလူတွေနဲ့မတူဘူး... လူလူချင်းခွဲခြားတတ်တဲ့အကျင့် လည်းမရှိဘူး..."
"ဒါတော့ ဒါပေါ့တိမ်လွှာရယ်... ဒါပေမယ့် ရတုကတော့ ဆွေးအရိပ်ကို လုံးဝသဘောမကျဘူး..."
"ကျွန်တော်က ဆွေးအရိပ်ကို သဘောကျနေတာလေ ဆောင်းရတု... ဆောင်းရတုရဲ့စကားက ကျွန်တော်နဲ့ တော်တော်လေးကန့်လန့်ဖြစ်နေတယ်ဆိုတာ သိရဲ့လား..."
တိမ်လွှာက အလိုမကျစွာပြောလိုက်တော့မှ ရတုလည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားတော့သည်။ ဒါပေမယ့် ရတုလည်း စိတ်ထဲမှာ တကယ်ကိုအလိုမကျဖြစ်သွားမိတာအမှန်ပါ။
"ဆောင်းရတုနဲ့နတ်ဆိုးက သိနေကြတာထင်တယ်... အဲ့ဒါကြောင့် ဆောင်းရတုအနေနဲ့ ကျွန်တော့်ကို ကူညီနိုင်မလား..."
"မဟုတ်ပါဘူး... နတ်ဆိုးနဲ့ရတုက ဘာမှမပတ်သက်ပါဘူး တိမ်လွှာရယ်... သူကလာပြီး ရတုကို စာတွေပေးပြီး ပတ်သက်နေတာပါ..."
အဲ့ဒါလည်း တိမ်လွှာသိပါတယ်။ နတ်ဆိုးက ဆွေးအရိပ်ကနေတဆင့် ဆောင်းရတုကို စာတွေပေးခိုင်း နေတယ်ဆိုတာ။ နတ်ဆိုး ဆောင်းရတုကို တကယ်ကြိုက် မကြိုက်ဆိုတာကတော့ နတ်ဆိုးကိုယ်တိုင်က လွဲပြီး ဘယ်သူမှသိမှာမဟုတ်။
ရတုရဲ့စိတ်ရင်းအမှန်အတိုင်းဆိုရင်တော့ တိမ်လွှာ့ကို ဆွေးအရိပ်နဲ့မနီးစပ်စေချင်၍ မကူညီချင်ပေ။ ဒါပေမယ့် တိမ်လွှာဆိုတာက အက္ခရာမောင်ရဲ့ညီဖြစ်နေသောအခါ ရတု မငြင်းနိုင်တော့ပါ။
"ကောင်းပါပြီ ဒါဆိုလည်း ရတု တိမ်လွှာ့ကိုကူညီပေးပါ့မယ်... မနက်ဖြန် ကျောင်းမှာ ဆွေးအရိပ်နဲ့ တွေ့နိုင်အောင် လုပ်ပေးပါ့မယ်..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆောင်းရတု..."
တိမ်လွှာ့စကားကြောင့် ရတု နှစ်ခြိုက်စွာပြံုးလိုက်ပြီး
"ရပါတယ် တိမ်လွှာရယ်... ရတုတို့က ပြောရမယ့်လူတွေမှမဟုတ်တာ... နောက်ဆိုရင် မိသားစုတွေ ဖြစ်လာမှာပဲကို..."
တိမ်လွှာ စိတ်ထဲကနေအလိုမကျပေမယ့် ခေါင်းတော့ငြိမ့်ပြလိုက်မိလေသည်။ ကိုကိုနဲ့သာ လက်မထပ် ဖြစ်ရင် ဒီမိန်းမ ရူးများသွားမလားလို့လည်း စိတ်ထဲကနေ တွေးလိုက်မိ၏။
"တိမ်လွှာ..."
ခေါ်သံနဲ့အတူ အနားကိုရောက်လာတဲ့ မင်းသူကိုတွေ့တော့ တိမ်လွှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
"ဟာ မင်းသူ... မင်းကွာ ဘယ်တွေလျှောက်သွားနေတာလဲ... ငါ မင်းကိုစောင့်နေတာကြာနေပြီ..."
"ဟင်..."
မင်းသူက သူပြောတာကိုနားမလည်ဘဲ အလိုက်မသိစွာ ပြန်မေးနေလေတော့သည်။ အဲ့ဒါနဲ့ပဲ သူ မတ်တပ်ရပ်လိုက်ကာ မင်းသူရဲ့ပခုံးကိုဖက်လိုက်ပြီး
"လာကွာ သွားရအောင်... မင်းကို စောင့်နေတာကြာပြီ..."
"တိမ်လွှာ သွားတော့မှာလား..."
တိမ်လွှာ ရတုကိုလှည့်ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ကဲ့... ကျွန်တော် သွားစရာလေးရှိနေလို့ပါ..."
"ဪ... အင်းပါ... ဒါဆိုလည်းသွားလေ..."
တိမ်လွှာပခုံးဖက်နေတဲ့ကြားထဲကနေ မင်းသူကတော့ တိမ်လွှာ့ကို နားမလည်စွာကြည့်နေလေသည်။
"လာ သွားမယ်..."
သူတို့နှစ်ယောက် ကန်တင်းအပြင်ကိုရောက်သွားတော့မှပဲ တိမ်လွှာ အသက်ကိုကောင်းကောင်းရှူလိုက် မိတော့သည်။
"တိမ်လွှာ ဘယ်လိုဖြစ်တာလဲ..."
မင်းသူ တိမ်လွှာ့ကို ကြည့်ကာ နားမလည်သေး။
"အလိုက်မသိတဲ့ကောင်... ငါက သူနဲ့အကြာကြီးမထိုင်ချင်လို့ ပြန်မယ်လုပ်နေတာကို... မင်းက အအကြီးလို ငါ့ကိုပဲလိုက်ကြည့်နေတယ်..."
"ဟာ ဆောရီးပါ သူငယ်ချင်းရာ... ငါတကယ်မသိလို့ပါကွာ..."
"အေးပါကွာ... အဲ့လိုမှမလုပ်ရင်လည်း ငါ့ကို သူ့ရည်းစားလို့ထင်တော့မှာ..."
သူ့စကားကြောင့် မင်းသူက သဘောတကျရယ်နေတော့သည်။
"တော်တော့ ရယ်မနေနဲ့တော့... လာ သွားမယ်..."
"အေးပါကွာ... ငါ တကယ်တောင်းပန်ပါတယ် သူငယ်ချင်းရာ..."
တိမ်လွှာ မင်းသူရဲ့ပခုံးကိုဖတ်ကာ ရယ်ပဲရယ်နေမိတော့သည်။ ဒီနေ့ကစပြီး နောက်ပိုင်းမှာတော့ သူ အရင်လို အေးအေးဆေးဆေးနေလို့ရမှာမဟုတ်တော့ပေ။ သူ့ကိုယ်တိုင်က သူ့ပါးစပ်ကနေ ဆွေးအရိပ်ကို သဘောကျနေတဲ့အကြောင်း ဆောင်းရတုကိုပြောပြလိုက်မှတော့ ဘယ်နေလို့ရတော့မှာလဲ။ ကိုကို့ကိုတော့ ကြိုပြီးရှင်းပြထားရမယ်။ ဆွေးအရိပ်နဲ့ပတ်သက်ပြီး သူ့အပေါ် ကိုကိုစိတ်ခုမှာကိုတော့ သူမလိုချင်ပါ။ ဒါတွေအားလုံးဟာ ကိုကို့အတွက်လုပ်နေတာတွေဆိုတာ ကိုကိုသိဖို့သာအဓိက။
💕💕💕💕💕💕💕
“တီ… တီ… တီ…”
ဖုန်းနံပါတ်အစိမ်းတစ်ခုကြောင့် ရှိန်း သေချာကြည့်နေမိလေသည်။ ဘယ်သူ့ဖုန်းလဲ… မင်းတိမ်လွှာတော့ မဖြစ်နိုင်ဘူး။
“ဟယ်လို…”
“ဟယ်လို ရှိန်း…”
“ဟင်… ဆောင်းရတုလား…”
ဒီအသံကိုတော့ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် သူအမြဲတမ်းမှတ်မိနေသည်။ ဒီအသံပိုင်ရှင်ကြောင့် လူကြားသူကြားထဲလည်း အရှက်ကွဲခဲ့ရသည်မို့ သူ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။
“ဟုတ်ပါတယ်… ဒို့ ဆောင်းရတုပါ…”
ပျော်တာမဟုတ်ပေမယ့် ရှိန်းရဲ့စိတ်ထဲမှာ အံ့သြသွားတာတော့အမှန်ပါ။
“ဘာကိစ္စလဲ…”
“တစ်ခုလောက်မေးလို့ရမလား…”
“အင်း မေးလေ…”
“ဆွေးအရိပ် နေမကောင်းဘူးလား…”
ရှိန်း အံ့သြပြီးရင်း အ့ံသြနေမိလေတော့သည်။ သူ့ဆီဖုန်းဆက်လာတော့ အ့ံသြနေခဲ့တာ။ အရိပ်အကြောင်း မေးတော့ ပိုပြီးအံ့သြသွားမိတော့သည်။ သူ ဘယ်တုန်းကများ အရိပ်အကြောင်းမေးဖူးလို့လဲ။ အရိပ်ကိုဆိုရင် မတူသလို မတန်သလို အမြဲတမ်းဆက်ဆံခဲ့တာ။ အခုမှ ဘာလို့ အရိပ်အကြောင်းကိုသိချင်ရတာလဲ။
“ဘာဖြစ်လို့ မေးတာလဲ…”
“သြော်… ကျောင်းမှာ မတွေ့မိလို့ပါ…”
“ဟုတ်တယ် နေမကောင်းဘူး…”
“ဒို့ ရှိန်းဆီကနေ အကူအညီတစ်ခုလောက်တောင်းလို့ရမလား…”
“အင်း ဘာလဲ ပြောကြည့်လေ…”
“မနက်ဖြန် ဒို့ ဆွေးအရိပ်နဲ့တွေ့လို့ရမလား…”
“ဆောင်းရတု မင်း နေကောင်းရဲ့လား…”
“ဟင်…”
မခေါ်စဖူး သူ့ကိုလည်း ရှိန်းလို့ခေါ်ကာ အရိပ်အကြောင်းကိုလည်းမေးနေတဲ့အတွက် သူမကို တမင်သက်သက် နေကောင်းလားလို့မေးလိုက်မိတာဖြစ်သည်။
“ဟုတ်တယ်လေ… မင်း ဒီနေ့ အထူးအဆန်းတွေပဲလုပ်နေတာပါလား… အရင်တုန်းကတော့ ငါတို့ကိုခါးခါး သီးသီးဖြစ်နေခဲ့ပြီးတော့ အခုမှ မင်းက…”
ကျွတ်… ရတု စိတ်ပျက်သွားမိတော့သည်။ သူ့ကိုများ ပတ်သက်ချင်လို့ပတ်သက်နေတယ် အောက်မေ့ နေလားမသိဘူး။ ခရာ့ကြောင့်ပတ်သက်နေရတာ။ ခရာနဲ့နီးရဖို့အတွက် တိမ်လွှာကြည်ဖြူဖို့လည်းလိုတယ်။ တိမ်လွှာကလည်း အကူအညီတောင်းတာဆိုတော့ ဘယ်လိုမှ မငြင်းနိုင်ဘူး။
"ဟိုလေ... ရတုက ရှိန်းတို့နှစ်ယောက်နဲ့တွေ့ပြီး မုန့်အတူတူစားချင်လို့ပါ..."
"အဟား..."
မခိုးမခန့်ရယ်သံကြောင့် ရတု ဒေါသထွက်သွားမိတာအမှန်ပင်။ ဒါပေမယ့်လည်း စိတ်ကို မနည်းပြန်ထိန်း ထားလိုက်သည်။
"မင်း တကယ်ပြောနေတာလား ဆောင်းရတု..."
"ရတု တကယ်ပြောတာပါ..."
"ကောင်းပြီလေ... ဒါဆို မနက်ဖြန် ကန်တင်းမှာတွေ့ကြတာပေါ့... ဒါပေမယ့် အရိပ်ကတော့ ခေါ်လို့ ရမယ်မထင်ဘူး..."
"ဟင်... ရှိန်းက ဆွေးအရိပ်ကိုခေါ်ခဲ့လို့မရဘူးလား..."
"အရိပ်က ကန်တင်းကို ဘယ်တုန်းကလာဖူးလို့လဲ... ကိုယ်တို့နှစ်ယောက်ပဲ အေးအေးဆေးဆေးစကား ပြောကြတာပေါ့..."
ရတု မျက်နှာကိုသိသာစွာမဲ့ပစ်လိုက်မိ၏။ ဆွေးအရိပ်ပါမလာရင် တိမ်လွှာကလက်ခံမှာမဟုတ်ဘူး။ ဒီနတ်ဆိုးကတော့ ဒါတွေကိုမသိဘူး ကျွတ်...။
"အိုကေ... မင်း သဘောတူတယ်ဆိုရင် ကိုယ် ဖုန်းချလိုက်ပြီနော်..."
"ဪ... အင်း... အင်း..."
ရှိန်း ဖုန်းချလိုက်ပြီးမှ သေချာပြန်စဉ်းစားလိုက်မိလေသည်။ ဒါ လုံးဝသဘာဝမကျဘူး။ ကျောင်းတစ်နှစ်လုံး သူ ဆောင်းရတုကိုလိုက်လာခဲ့တာ စကားတစ်ခွန်းတောင် ကောင်းကောင်းမွန်မွန်ပြန်ပြောခဲ့တာမဟုတ်ဘူး။ အခုချိန်မှ မုန့်အတူတူစားရအောင်ဆိုတော့ မသင်္ကာစရာကောင်းလွန်းတယ်။ ဒါတွေက မင်းတိမ်လွှာနဲ့ပဲ ပတ်သက်နေမှာ... တွေ့ကြတာပေါ့ မင်းတိမ်လွှာရာ... ဟား... ဟား... ဟား... မင်းဘယ်လောက်လည်မှာ မို့လို့လဲ။ မင်းဘာလို့ အရိပ်ကိုအဲ့လောက်တောင် စိတ်ဝင်စားနေရတာလဲ ငါနားမလည်နိုင်ဘူး။ ဒါပေမယ့် လည်း အရိပ်ဆိုတာ ငါ့အတွက်မွေးဖွားလာတဲ့ ငါ့ရဲ့အရိပ်တစ်ခုပဲဆိုတာ မင်းနားလည်အောင်တော့ ငါ ပြောပြမှဖြစ်တော့မယ်။
💕💕💕💕💕💕💕
နတ်ဆိုးနဲ့ဆွေးက နောင်တစ်ချိန်မှာ မဖြစ်မနေလက်ထပ်ရမယ့်လူတွေတဲ့လား... မဖြစ်နိုင်တာ...။ ဒါပေမယ့် အဲ့ဒါဟာ အမှန်တရားပဲဆိုတာ မင်းသိနေပါတယ် အက္ခရာမောင်ရာ။ ခရာ သူ့စိတ်ထဲကနေ ခေါင်းခါလိုက် ခေါင်းရမ်းလိုက်ဖြင့် မယုံကြည်နိုင်ပေ။ ညီကတော့ သူ့ကိုစိတ်မပူဖို့ ပြောနေပေမယ့် သူ့ရင်ထဲမှာတော့ ဗလောင်ဆူနေခဲ့လေသည်။
ဆွေးကို သူ ပိုင်ဆိုင်ချင်တယ်။ ဆွေးကိုချစ်မိလာတော့မှ သူ လွတ်လပ်မှုကိုလိုချင်လာခဲ့တာ။ ဆွေးကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် သူ အခုပိုင်ဆိုင်ထားတဲ့ အောင်မြင်မှုကိုစွန့်လွှတ်ရမယ်ဆိုရင်တောင်မှ သူ စွန့်လွှတ်ဖို့ တွေဝေနေမှာမဟုတ်။
အဲ့ဒါဆိုရင်တော့ ညီပြောသလိုပဲ သူ မေမေ့ကို လွန်ဆန်နိုင်မှရမယ်ဆိုတာ သူသိပါတယ်။ ဟုတ်ပါတယ်... အမှန်အတိုင်းပြောရမယ်ဆိုရင် သူ မေမေ့ကိုလွန်ဆန်နိုင်တဲ့ အင်အားတစ်ခုကို လိုချင်ခဲ့တာ။ မေမေ့ကို အာခံချင်လို့တော့မဟုတ်ပါ။ အခုတော့ သူ ဆွေးကြောင့်ပဲ အဲ့ဒီ့စွမ်းအားကို ရနိုင်တော့မယ်လို့ထင်မိသည်။ ဆွေးကိုချစ်တဲ့စိတ်ကြောင့်ပဲ သူ မေမေ့ကို မဖြစ်မနေ လွန်ဆန်ရတော့မှာပဲ။ ဒါပေမယ့် ဆွေးက နတ်ဆိုးနဲ့ မဖြစ်မနေယူရမယ့်သူတွေဆိုတော့ သူ ဘာဆက်လုပ်ရမှာလဲ...?
ခရာ အိမ်ထဲသို့ ကားကိုကွေ့ပြီးဝင်လိုက်ရာ မျက်လုံးထောင့်စွန်းကအရိပ်နှစ်ခုကြောင့် ကားကိုရပ်လိုက်မိ လေသည်။ အိမ်ရှေ့က ပိတောက်ပင်အောက်မှာ မတ်တပ်ရပ်နေကြတဲ့လူနှစ်ယောက်။ အသက်ငါးဆယ် အရွယ် ဦးလေးကြီးတစ်ယောက်နဲ့ အဒေါ်ကြီးတစ်ယောက်တို့ဖြစ်သည်။ အိမ်ထဲကိုလည်း လှမ်းလှမ်းပြီး ကြည့်နေလေသည်။ ခရာ သင်္ကာမကင်းဖြစ်သွားကာ ကားကိုခြံထဲသို့ မြန်မြန်ကွေ့ဝင်လိုက်၏။ ခြံစောင့်ကြီး က သူ့ကားသံကြားကတည်းက ခြံတံခါးကို ဖွင့်ထားပြီးဖြစ်သည်။
ခရာ ခြံထဲသို့ ကားကိုဖြည်းဖြည်းချင်းလှိမ့်ဝင်လိုက်ပြီးမှ ရပ်လိုက်လေသည်။ ခြံစောင့် ဦးတင့်က ခြံတံခါးကို မြန်မြန်ပိတ်လိုက်ပြီး သူ့ကားနားသို့မြန်မြန်ရောက်လာပြီး အပြင်ကနေမမြင်ရပေမယ့် သူရှိနေတဲ့ကားထဲသို့ ကြည့်လာလေသည်။
"မင်းသားလေး ဘာများဖြစ်လို့လဲ..."
ခရာ ကားမှန်တံခါးကို အသာလေးချလိုက်ကာ ခြံစောင့် ဦးတင့်ကိုကြည့်လိုက်ပြီး
"ခြံရှေ့မှာ လူနှစ်ယောက်တွေ့ခဲ့တယ်... သူတို့တွေက ဘယ်သူတွေလဲ ဦးတင့်... နောက်ပြီး သူတို့ ဘာလုပ် နေကြတာလဲဆိုတာ သွားမေးပေးပါ... ကျွန်တော် စောင့်နေပါ့မယ်..."
"ကောင်းပါပြီ ဦးတင့် သွားမေးပေးပါ့မယ်..."
ဦးတင့်ထွက်သွားတော့ ခရာ ကားတံခါးကိုပြန်ပိတ်ထားလိုက်၏။ သူက နိုင်ငံကျော်မင်းသားတစ်ယောက် ဖြစ်နေတော့ အရာရာကိုသတိထားနေရသည်။ လူတစ်ယောက်ယောကက် ကိုယ့်အနားရောက်လာကာ ပတ်သက်လာခဲ့ရင်လည်း သူ အတတ်နိုင်ဆုံးတော့ ရှောင်၏။ ဒီခေတ်ကြီးမှာ သတင်းမီဒီယာက တကယ်ပဲ ကြောက်ဖို့ကောင်းသည်။ အဲ့ဒါကြောင့် မေမေက သူ့ကိုစိုးရိမ်တာဖြစ်သည်။ အခုလည်း ခြံရှေ့ကလူတွေက ဘယ်သူတွေမှန်းမသိ။ လူစိမ်းဆိုတာနဲ့ ကြိုပြီးသတိထားနေရလေသည်။
ခရာ ကားဘက်မှန်ကနေ ခြံရှေ့ကိုမြင်ရမလားလှမ်းကြည့်လိုက်ပေမယ့် မမြင်ရပေ။ အိမ်ရဲ့အုတ်တံတိုင်း တွေကို ခုနှစ်ပေအမြင့်လောက်ဆောက်ထားကာ အပေါ်မှာလည်း သံစူးကြိုးတွေကာထားတော့ တော်ရုံ တန်ရုံနဲ့တော့ ဘယ်သူစိမ်းမှ အိမ်ထဲကို လှမ်းမြင်ရမှာမဟုတ်။ ဒါကလည်း မေမေ့ရဲ့ idea ပဲဖြစ်သည်။ ခရာ ကြည့်နေရင်းကနေ အရိပ်တစ်ခုက ကားနံဘေးသို့ရောက်လာလေသည်။ ကြည့်လိုက်တော့ ဦးတင့်...။ ခရာ ကားတံခါးကိုဖွင့်လိုက်ကာ ဦးတင့်ကိုကြည့်လိုက်လေသည်။
"မင်းသားလေး..."
"ဘာတဲ့လဲ ဦးတင့်..."
ဦးတင့်က သူ့ကို မဝံ့မရဲကြည့်နေလေသည်။ စကားပြောဖို့ရာကို ဆွံ့အနေတဲ့ဦးတင့်ကိုကြည့်ကာ သူ နားမလည်ဖြစ်သွားမိ၏။ အပြင်ကလူတွေက ဦးတင့်ကိုဘာစကားတွေများပြောလိုက်လို့ ဦးတင့်က အခုလို ဖြစ်နေရတာလဲ။
"ဦးတင့်..."
ခရာ နောက်တစ်ခါခေါ်လိုက်တော့ ဦးတင့်အကြည့်တွေက သူ့ဆီသို့ရောက်လာကာ
"သူတို့က အလုပ်တောင်းနေကြတာပါ မင်းသားလေး..."
"ဟင်..."
ဦးတင့်စကားကြောင့် ခရာ အ့ံသြသွားကာ မျက်မှောင်ကြုတ်သွားလေသည်။
"အလုပ်လိုချင်လို့ ဟုတ်လား..."
ဦးတင့်ရဲ့မျက်လုံးတွေက ခြံရှေ့ဆီသို့ပြန်ရောက်သွားကာ ခရာ့ဆီသို့ချက်ချင်းပဲ ပြန်ရောက်လာပြန်သည်။ ဦးတင့်ရဲ့မျက်လုံးထဲမှာ သနားတဲ့အရိပ်အယောင်တွေကို ခရာတွေ့လိုက်ရတော့သည်။
"ဟုတ်ပါတယ် မင်းသားလေး... သူတို့ကလင်မယားတွေပါ... သူတို့ရဲ့သမီးလေးကို လိုက်ရှာရင်းနဲ့ ပါလာတဲ့ ပိုက်ဆံလည်းပြတ်သွားကြပါတယ်... အဲ့ဒါကြောင့် ဒီမှာအလုပ်လုပ်ချင်တာပါ..."
ခရာ စဉ်းစားသွားမိ၏။ သူ ယုံရမှာလား။
"ဒီအိမ်က ကျွန်တော့်အိမ်ဆိုတာကိုရော သူတို့သိနေတာလား..."
သူပြောတဲ့အဓိပ္ပါယ်က ဒီအိမ်က နိုင်ငံကျော်ရုပ်ရှင်မင်းသားရဲ့အိမ်ဆိုတာကို သိလားလို့မေးတဲ့သဘော ဆိုတာ ဦးတင့်ကသိသဖြင့် ပြန်လည်းမမေးဘဲ ခေါင်းရမ်းပြလိုက်ကာ
"သူတို့မသိပါဘူး... ပြီးတော့ သူတို့က သူတို့သမီးလေးကိုပြန်တွေ့တာနဲ့ ဒီအိမ်ကနေ ချက်ချင်းထွက်သွား ပေးပါ့မယ်လို့လည်းပြောပါတယ်..."
"သူတို့သမီးက ဘယ်မှာမို့လို့လဲ..."
ခရာ့အမေးကြောင့် ဦးတင့်တိတ်ဆိတ်သွားကာ မျက်နှာကို အောက်သို့ငုံ့သွားလေသည်။ ဦးတင့်ပုံစံက အတော်ကို စိတ်မကောင်းဖြစ်နေသည့်ပုံပင်။ ဘာကိုစိတ်မကောင်းဖြစ်နေတယ်ဆိုတာလည်း ခရာ နားမလည်မိ။
"ဦးတင့်..."
ဦးတင့် ခေါင်းကိုပြန်မော့လာကာ သူ့ကိုကြည့်လိုက်ပြီး
"သူတို့သမီးလေးနဲ့ကွဲနေတာ အတော်ကြာနေခဲ့ပြီတဲ့ မင်းသားလေး... လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက် ကတည်းကပါ... အဲ့ဒီ့တုန်းက သူတို့အလုပ်လုပ်တဲ့အိမ်က အလုပ်ရှင်က သူတို့ကို ငွေတွေအလွဲသုံးစား လုပ်တယ်ဆိုပြီး အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်... သူတို့သမီးလေးကိုလည်းခေါ်ထားပြီး အဲ့ဒီ့ငွေတွေ ဆပ်နိုင်မှ ပြန်လာခေါ်လို့ပြောခဲ့တယ်တဲ့..."
"ဟင်..."
ဒီခေတ်ကြီးမှာ အဲ့လိုမျိုးတွေ ရှိသေးတာလား။ ခရာ မယုံနိုင်အောင်ဖြစ်သွားမိ၏။
"ဟုတ်ပါတယ် မင်းသားလေး... အခု သူတို့တွေ သူတို့သမီးလေးကိုတွေ့ချင်လို့လာရှာတော့ အဲ့ဒီ့အိမ်မှာ မရှိကြတော့ဘူးတဲ့..."
"ဟင် ဘယ်လို..."
"သူတို့ရှာနေတာ တစ်လကျော်နေပြီတဲ့... ပါလာတဲ့ပိုက်ဆံလည်းကုန်သွားလို့ သူတို့တွေ့ စိတ်ညစ်နေကြတာပါ... အဲ့ဒါကြောင့် ဒီအိမ်မှာ သူတို့သမီးလေးကိုရှာတွေ့တဲ့အထိ ဘာပဲလုပ်ရလုပ်ရ လုပ်ပြီးနေပါ့မယ်ဆိုပြီး အလုပ်တောင်းနေတာပါ..."
ခရာ တကယ်ကိုစိတ်မကောင်းဖြစ်သွားမိလေသည်။ ဘယ်လိုလူမဆန်တဲ့လုပ်ရပ်တွေလဲ။
"အဲ့ဒီ့အလုပ်ရှင်က တော်တော်အောက်တန်းကျတဲ့လူတွေပဲ..."
ခရာ ဘယ်သူမှန်းမသိပေမယ့် မခံမရပ်နိုင်အောင်ပြောလိုက်မိလေသည်။
"ဟုတ်ပါတယ် မင်းသားလေး... အဲ့ဒါကြောင့် သူတိို့ကု သူတို့မိသားစုလေးပြန်လည်ဆုံစည်းတဲ့အထိ မင်းသားလေးအလုပ်ခန့်ထားပေးပါလား မင်းသားလေးရယ်..."
ဦးတင့်ကတောင်းဆိုလာသလို သူကိုယ်တိုင်ကလည်း သနားလာမိသဖြင့် အလုပ်ခန့်ပေးဖို့ကို လက်ခံလိုက်လေတော့သည်။
"ကောင်ပြီလေ... ဒါဆို ကျွန်တော် သူတို့ကို အလုပ်ခန့်ပေးပါ့မယ်... သူတို့နာမည်ဘယ်လိုခေါ်ကြလဲ..."
ဦးတင့် ဝမ်းသားအားရဖြင့်ပြံုးလိုက်ကာ
"ဟုတ်ကဲ့ မင်းသားလေး... သူတို့နာမည်က ဦးအောင်သူနဲ့ ဒေါ်ခင်ပိုးလို့ခေါ်ပါတယ်..."
ခရာ ခေါင်းငြိမ့်လိုက်ကာ သူတို့ရှိမယ်ထင်ရလောက်တဲ့နေရာသို့လှမ်းကြည့်လိုက်ပြီး
"အင်းပါ... ဒါဆိုလည်း ဦးအောင်သူကို ဦးတင့်နဲ့အတူ ခြံထဲကအလုပ်တွေလုပ်ဖို့ခေါ်ထားလိုက်ပါ... ဒေါ်ခင်ပိုးကိုတော့ မီးဖိုချောင်ထဲမှာ အဆင်ပြေအောင်စီစဉ်ပေးလိုက်ပါ..."
"ဟုတ်ကဲ့ပါ မင်းသားလေး သူတို့ကိုပြောလိုက်ပပါ့မယ်... သူတို့လည်း မင်းသားလေးကို အရမ်းကျေးဇူး တင်ကြမှာပါ..."
ဦးတင့်စကားကြောင့် ခရာ့ရင်ထဲမှာပီတိဖြစ်သွားမိလေသည်။ သူတို့သမီးလေးက ဘယ်သူလဲဆိုတာ မသိပေမယ့်လည်း ခရာ စိတ်ထဲမှာ သနားနေမိသည်။
"အိမ်စည်းကမ်းတွေကို သေချာပြောပြထားလိုက်ပါ ဦးတင့်... နောက်ပြီး မေမေမေးလာခဲ့ရင်လည်း ဒီကိစ္စက ကျွန်တော်လုပ်တယ်ဆိုတာ ပြောလိုက်ပါ..."
"ကောင်းပါပြီ မင်းသားလေး..."
"သူတို့မိသားစု ပြန်မဆုံမချင်း သူတို့လင်မယားကို ဒီအိမ်ကနေ ထွက်မသွားပါစေနဲ့..."
ဦးတင့်က ပြံုးကာ ခေါင်းပဲငြိမ့်နေလေသည်။ မိသားစုတွေ တကွဲတပြားဖြစ်ကြရတာကို သူ ကိုယ်ချင်းစာ ပါတယ်။ အသိဉာဏ်နည်းပါးတဲ့သတ္တဝါတွေတောင်မှ မိသားစုတွေကွဲသွားတဲ့အခါ  အော်ဟစ်မြည်တမ်း ကြတာပဲ။ လူသားတွေသာဆိုရင်တော့ တွေးရက်စရာတောင်မရှိ။
ခရာ ကားမှန်တံခါးကို ပြန်ပိတ်လိုက်ကာ ကားကို ကိုအိမ်ရှေ့အထိ မောင်းလိုက်လေသည်။ သူ့စိတ်ထဲမှာ ဦးတင့်ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီး တနုံ့နုံ့ခံစားနေရ၏။ ဖြစ်နိုင်မယ်ဆိုရင် သူကိုယ်တိုင် သူတို့သမီးလေးဆိုတဲ့ မိန်းကလေးကို ရှာပေးချင်မိသည်။ ကိုယ်ချင်းမစာမနာ သူများမိသားစုကို ခွဲရက်ကြတဲ့လူတွေ။ သူတို့ မိသားစုတွေ တကွဲတပြားဖြစ်သွားခဲ့ရင်တောင် သူတို့တွေကိုယ်ချင်းစာတတ်မှာမဟုတ်ဘူး။ ခရာ မမြင်ဖူး မသိဖူးပေမယ့် သူတို့မိသားစုကို တကယ်ပဲသနားမိ​နေ​တော့သည်။
💕💕💕💕💕💕💕

#####
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Onde histórias criam vida. Descubra agora