💕ချစ်သောကိုကို💕
💖အခန်း(၁၁)💖"မေမေမရှိတဲ့ ဒီတစ်ရက် နှစ်ရက်အတွင်းမှာ သား ဘာတွေလျှောက်လုပ်နေတာလဲ သားရယ်..."
ခရာ ဒိုင်ယာလော့စာအုပ်ကို စားပွဲပေါ်သို့တင်လိုက်ပြီး မေမေ့ကိုကြည့်လိုက်ကာ
"သား ဘာတွေများလုပ်နေလို့လဲ မေမေရယ်..."
မေမေ့ရဲ့မျက်နှာက အလိုမကျဖြစ်နေပေမယ့် လှပနေခဲ့လေသည်။ မေမေက တခြားလူတွေပေါ်မှာ ဒေါသ ဘယ်လောက်ထွက်ထွက် ဘယ်တော့မှ မျက်နှာပျက်လေ့မရှိပါ။ ဒါပေမယ့် ခရာတို့ညီအကိုနဲ့ ပတ်သက် လာရင်တော့ နည်းနည်းလေးအလိုမကျရင်တောင်မှ မေမေက မျက်နှာမကောင်းတော့ပေ။
ဒေါ်နှင်းဆီ သားဖြစ်သူရဲ့ဘေးမှာဝင်ထိုင်လိုက်ကာ
"သား ရှူတင်တွေရှိရဲ့သားနဲ့ ရှူတင်တွေဖျက်ပြီး ဘယ်ကိုသွားနေတာလဲ..."
"ဟင်..."
"နောက်ပြီး အိမ်မှာ လူအသစ်တွေလည်း ခန့်ထားတယ်ဆို..."
"အဲ့ဒါက ဦးတင့်လည်းအဖော်ရအောင်လို့ပါ မေမေရယ်... နောက်ပြီး သူတို့က သူတို့သမီးလေးကို လိုက်ရှာ နေတာဆိုတော့ သား သနားလို့ပါ..."
မေမေက နှုတ်ခမ်းကို လှပသေသပ်စွာမဲ့လိုက်ပြီး
"တစ်ဖက်သားအပေါ် သနားစိတ်ထားတယ်ဆိုတာ ကောင်းပါတယ် သားရယ်... ဒါပေမယ့် သားက နည်းနည်းတော့လွန်နေတယ်... သားသနားတတ်တာက လွန်လွန်းအားကြီးတယ် သား... အဲ့ဒီ့ သနားတတ်တဲ့စိတ်ကြောင့်ပဲ တစ်ချိန်ချိန်မှာ သား ဒုက္ခရောက်မှာကို မေမေမလိုလားဘူးနော်..."
"မေမေကလည်း... ဦးအောင်သူတို့က သူတို့မိသားစုစုံစည်းပြီးရင် ဒီအိမ်ကထွက်သွားမှာပါ..."
"ရှုပ်ရှုပ်ရှက်ရှက်..."
မေမေ့မျက်နှာက အလိုမကျစွာ မဲ့သွားပြန်ကာ
"ဒါနဲ့ နေပါဦး... ရှုတင်တွေပျက်တာကရော..."
ဘယ်သူကဆေးထိုးပြီး မေမေ့ကိုတိုင်ပြောလဲတော့မသိ။ လောလောဆယ်တော့ မေမေကျေနပ် လောက်မယ့်အဖြေမျိုးကို သူ အပြေးအလွှား စဉ်းစားရတော့၏။
"မဟုတ်ပါဘူး မေမေရယ်... သား အခုတလော သိပ်နေမကောင်းလို့ပါ..."
"ဟင်... ဟုတ်လား သား..."
မေမေက စိုးရိမ်ကြီးစွာဖြင့် သူ့နဖူးကိုလာစမ်းလေသည်။ သူ အသာလေးငြိမ်နေလိုက်မိ၏။
"သားရယ်... ဒေါက်တာလှမြင့်ကိုခေါ်လိုက်တာမဟုတ်ဘူး..."
"သားလည်း အရမ်းဖြစ်တာမှမဟုတ်တာ မေမေရဲ့ စိတ်နည်းနည်းပင်ပန်းသွားလို့ပါ..."
ဒေါက်တာလှမြင့်ဆိုတာက ခရာတို့ရဲ့မိသားစုဆရာဝန်ဖြစ်သည်။
"သားရယ်... ကျန်းမာရေးကိုဂရုစိုက်ပါကွယ်... မနက်ဖြန်ဆိုရင်ပဲ သား ရိုက်ချင်နေတဲ့ ကျောင်းသားကားကို သား ရိုက်ရတော့မှာမို့လား..."
ခရာ ရင်ထဲကနေ ကြည်နူးစွာပြံုးလိုက်မိကာ ခေါင်းငြိမ့်လိုက်မိလေသည်။
"ဟုတ်တယ် မေမေ... သား ရင်တွေခုန်နေမိတယ်..."
မေမေက သူ့ရင်ထဲက ခံစားချက်အစစ်အမှန်တွေကို မသိသဖြင့် နားလည်စွာခေါင်းငြိမ်နေလေသည်။ သူကတော့ မနက်ဖြန် ဆွေးတို့ကျောင်းမှာ ရုပ်ရှင်ရိုက်ရမှာမို့လို့ ဆွေးနဲ့တွေ့ရမယ့်အကြောင်းကိုတွေ့ကာ ရင်ခုန်မိနေခြင်းဖြစ်သည်။ ဒါပေမယ့် သူနဲ့ရိုက်ရမယ့်မင်းသမီးက တက်သစ်စမင်းသမီးတစ်ယောက်ဖြစ်သလို သူနဲ့ မိဘချင်းသဘောတူထားတဲ့ ဆောင်းရတုဖြစ်နေတာကိုတော့ သူ သဘောမကျပါ။
"ဘာလဲ... သားက သမီးလေး ဆောင်းရတုနဲ့သရုပ်ဆောင်ရမှာမို့လို့လား..."
မေမေက ထင်ချင်တာထင်ပြီးပြောလိုက်ပေမယ့် သူကတော့ တကယ်ပဲစိတ်ညစ်သွားလေတော့သည်။
"မဟုတ်ပါဘူး မေမေရယ်... သား သူ့ကိုလုံးဝသဘောမကျဘူး..."
"သားနော်... မေမေပြောထားပြီးသား... သား ရတုကို ငြင်းလို့မရဘူး..."
"ဟာဗျာ..."
မေမေ့စကားကြောင့် သူ ပိုပြီးစိတ်ပျက်သွားလေတော့သည်။
"သားရယ်... သားလည်းနားလည်ပါတယ်..."
သူ မေမေ့ကိုမော့ကြည့်လိုက်ကာ
"သား ဘာကိုနားလည်ရမှာလဲ မေမေ..."
"သားနဲ့ ရတုက တစ်ချိန်ချိန်မှာ လက်ထပ်ရမယ့်သူတွေပဲဆိုတာ မေမေ ပြောထားပြီးသားလေ..."
"မေမေ... သားမှ သူ့ကိုမချစ်နိုင်တာကို..."
"သား..."
"ကိုကို..."
တိမ်လွှာ အိမ်ပေါက်ဝမှာကတည်းက ကြားလိုက်ရတဲ့စကားတွေကြောင့် အခြေအနေတွေကို နားလည် သွားခဲ့တာဖြစ်သည်။
"ညီ..."
တိမ်လွှာ မေမေ့ကိုတစ်ချက်ကြည့်လိုက်ကာ
"ကိုကိုစုံစမ်းခိုင်းထားတာ ညီသိရပြီ ကိုကို..."
"ဟင် ဟုတ်လား ညီ... လာ ကိုကို့အခန်းထဲသွားရအောင်..."
ခရာ မတ်တပ်ရပ်လိုက်တော့
"သား... ဘာကိစ္စမို့လို့လဲ..."
"ဗျာ... ဟို... ဟိုလေ မေမေ..."
ကိုကိုက ဘာပြောရမှန်းမသိဖြစ်နေသဖြင့် တိမ်လွှာ မေမေ့ကိုကြည့်လိုက်ကာ
"ကျောင်းနဲ့ပတ်သက်တာလေးတွေပါ မေမေ... ကိုကိုက သိပ်မသိလို့လေ... အဲ့ဒါကြောင့်..."
မေမေ့အကြည့်တွေက တိမ်လွှာ့ကိုသိပ်ပြီး ယုံကြည်ပုံမရပေ။ ခရာ ညီ့နားကိုမြန်မြန်သွားလိုက်ပြီး ပခုံးကိုဖက်လိုက်ကာ
"ညီ... လာ သွားရအောင်..."
သူတို့နှစ်ယောက် အပေါ်ထပ်ကိုမြန်မြန်တက်လိုက်ကြပြီး ခရာ့အခန်းထဲရောက်တော့ တံခါးကို သေချာပိတ်လိုက်လေသည်။
"ညီ... ပြောပါဦး... ဘာတွေသိလာတာလဲ..."
တိမ်လွှာ ကိုကို့ကုတင်ဘေးက ဆိုဖာပေါ်မှာ ထိုင်လိုက်ကာ
"ညီပြောမယ့်သတင်းက ကိုကို့အတွက်တော့ ဝမ်းသာစရာသတင်းပဲ... ဒါပေမယ့် ခုနက ညီ ကြားလိုက်ရတဲ့သတင်းက ဆိုးလိုက်တာ ကိုကိုရာ..."
သူနဲ့ ဆောင်းရတုတို့အကြောင်းကို ညီက ကြားသွားကာ ပြောခြင်းဖြစ်သည်။
"ထားလိုက်ပါ ညီရာ... အဲ့ဒီ့အကြောင်း ပြောမနေပါနဲ့... အခု ညီသိလာတဲ့အကြောင်းသာ ကိုကို့ကို ပြောပြပါ..."
တိမ်လွှာ ကိုကို့ကိုကြည့်ကာ သက်ပြင်းချလိုက်မိပြီး
"နတ်ဆိုးနဲ့ဆွေးအရိပ်က ညီတို့သိထားသလိုမျိုး တစ်နေ့မှာ လက်ထပ်ရမယ့်သူတွေပဲဆိုတာ လုံးဝ မဟုတ်ဘူး ကိုကို..."
"ဘာ... တကယ်လား ညီ..."
တိမ်လွှာ ခေါင့းငြိမ့်ပြလိုက်တော့ ခရာ အရမ်းကိုပျော်သွားမိတော့၏။
သူသိချင်နေတာ ဒီတစ်ခုပါပဲ။ ဒီကိစ္စက သေချာသွားပြီဆိုတော့ ဆွေးကိုပိုင်ဆိုင်နိုင်ဖို့အတွက် သူ ကြိုးစား တော့မယ်။ မဆုတ်မနစ် မဖြစ်မနေ သူ ကြိုးစားတော့မယ်။ ဘယ်လိုနတ်ဆိုးကပဲဖြစ်ဖြစ် အနှောင်အယှက် ပေးလို့မရအောင် သူ ကြိုးစားမယ်။ တစ်နေ့မှာ နိုင်ငံကျော်မင်းသား အက္ခရာမောင်ရဲ့မဟေသီက ဆွေးပဲ ဖြစ်ရမယ် ဆွေး...။ ဟုတ်တယ် ဆွေးက ကိုယ့်ရဲ့ဖူးစာရှင်ပဲ။
💕💕💕💕💕💕💕
🎶🎶🎶🎶🎶🎶
ခေါင်းလောင်းလေးတွေမြည်နေပြီ... ငှက်ကလေးတွေလည်းတေးဆိုသည်
နာရီစင်က သုံးချက်တီးသံမြည်...
နှင်းတွေလည်းကျနေပြီ... ဒီဆောင်းမြောက်လေမြူးသည်
အခုတော့သိပြီ သူ့ကို ကျွန်တော်ချစ်သည်...
သူ့ရဲ့အပြံုးဟာရင်ခုန်သည်...
တစ်သက်လုံးဒီအတိုင်းချစ်ချင်သည်
အကြင်နာချစ်စကားပြောခွင့်ပေးပါအတည်...
အသည်းမှာလည်းစိုးရိမ်သည်...
သူများဦးမှာတွေးကြောက်သည်...
အခုတော့သိပြီ သူ့ကိုကျွန်တော်ချစ်သည်...
ကျောင်းသွား ကျောင်းပြန် အချိန်မှန်အမြဲစောင့်လို့ကြည့်သည်...
သူ့မျက်ဝန်းနဲ့ဆုံရင် ကျွန်တော်ရင်ခုန်သည်... သူ့အပြံုးလေးများမြင်ရင် အပျော်လွန်ပြီး အိပ်မရတော့သည် သိပ်ချစ်တဲ့အကြောင်းကို ကဗျာတွေရေးမည်...
🎶🎶🎶🎶🎶🎶
ဆွေး ကိုလေးကိုလှမ်းပြီးကြည့်လိုက်ကာ စာကျက်နေတာကို ရပ်လိုက်မိလေသည်။ ကိုလေး ဘယ်တုန်းကမှ ဂစ်တာတီးခဲ့တာမဟုတ်။ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး တီးနေတာလဲမသိ။ ဒါပေမယ့် ကိုလေးအသံက ကောင်းလိုက်တာ...။ အဆိုတော်တောင် လုပ်လို့ရလောက်တယ်။
🎶🎶🎶🎶🎶🎶
ခေါင်းလောင်းလေးတွေမြည်နေပြီ... ငှက်ကလေးတွေလည်းတေးဆိုသည်
နာရီစင်က သုံးချက်တီးသံမြည်...
နှင်းတွေလည်းကျနေပြီ... ဒီဆောင်းမြောက်လေမြူးသည်
အခုတော့သိပြီ သူ့ကို ကျွန်တော်ချစ်သည်...
သူ့ရဲ့အပြံုးဟာရင်ခုန်သည်...
တစ်သက်လုံးဒီအတိုင်းချစ်ချင်သည်
အကြင်နာချစ်စကားပြောခွင့်ပေးပါအတည်...
အသည်းမှာလည်းစိုးရိမ်သည်...
သူများဦးမှာတွေးကြောက်သည်...
အခုတော့သိပြီ သူ့ကိုကျွန်တော်ချစ်သည်...
🎶🎶🎶🎶🎶🎶
ဧကန္တ မနက်ဖြန်ကျရင်တော့ ဆွေး ကောင်မလေးတစ်ယောက်ယောက်ကို ရည်းစားစာပေးရတော့မယ် ထင်တယ်။ ဆွေး ကိုယ့်အတွေးနဲ့ကိုယ်တော့ စိတ်ညစ်သွားမိလေသည်။
ကိုလေး တကယ်ချစ်တဲ့သူဆိုရင်တော့ ဆွေး ပေး ပေးချင်ပါတယ်။ ကိုလေးက အမြဲတမ်း ကောင်မလေး တွေကိုသာကြိုက်တာ ဘယ်တုန်းကမှ စကားလိုက်ပြောတာလည်းမဟုတ်။ ဆွေးကနေတဆင့် စာတွေပဲ ပေးခိုင်းခဲ့သည်။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုလေး တကယ်ကြိုက်တဲ့သူထင်ပါတယ်။ ကိုလေး တစ်ခါမှ မလုပ်ဖူးတဲ့ ဂစ်တာတီးတာတွေပါလုပ်လာပြီဆိုတော့ ကိုလေး တကယ်ချစ်တဲ့လူလို့တော့ မျှော်လင့်ရတာပဲ။ အဲ့လိုသာဆိုရင်တော့ ဆွေး ပျော်ပျော်ကြီးလုပ်ပေးလိုက်မှာ။ ဆွေး ပြံုးလိုက်ပြီး စာအုပ်ကိုပြန်ကြည့်လိုက် လေတော့သည်။
ရင်ထဲကခံစားချက်တွေရော တစ်ကိုယ်လုံးကအားအင်တွေကိုရော လက်ထဲက ဂစ်တာဆီသို့ မြှုပ်နှံထား လိုက်ပြီး နှလုံးသားထဲကလာတဲ့အသံတစ်မျိုးနဲ့ သူ ဆိုနေမိလေသည်။ ရူးတယ်ပဲဆိုဆို သူ ဒါမျိုး တစ်ခါမှ လုပ်ဖူးတာမဟုတ်။ ဒီနေ့မှ ဘာစိတ်ကူးပေါက်ပြီး သူ သီချင်းဆိုနေမိလဲဆိုတော့ သူ တစ်ယောက်ယောက်ကို ချစ်နေမိတဲ့အကြောင်း ဘယ်သူ့ကိုမှ ရင်မဖွင့်ချင်တော့လို့ပါ။
သူ ချစ်နေတဲ့လူက ကျောင်းက မိန်းကလေးတစ်ယောက်ယောက် ဒါမှမဟုတ် ဆောင်းရတုဖြစ်နေခဲ့မယ် ဆိုရင်တောင် သူ ဘယ်သူ့ကိုမဆို ရင်ဖွင့်ရဲသေးသည်။ ဒါပေမယ့် သူတို့တွေမဟုတ်ဘဲ အရိပ်ဖြစ်နေ ခဲ့တော့...?
သူ သတ္တိမရှိတာမဟုတ်ပါ။ ရလာမယ့် ရလဒ်ကို လက်မခံရဲခဲ့တာ။ သူ အရိပ်ကို ဘယ်အချိန်ကတည်းက ချစ်မိသွားခဲ့တယ်ဆိုတာမသိ။ အဲ့လို ချစ်နေမိတာကိုက သူ နာကျင်စွာခံစားနေရခြင်းပင်။ သူ့လက်ထဲက ဘယ်သူကမှ ဘယ်တော့မှ လုယူလာမှာမဟုတ်တဲ့ အရုပ်လေးကို သူ မက်မောနေခဲ့သည်။ ဘာလို့လဲ...? သူ တကယ်သိချင်မိတာပါ။
သူ ဆွေးကို ဘာလို့ချစ်မိသွားခဲ့တာလဲ... ဘယ်တုန်းကချစ်မိသွားခဲ့လို့ အခုချိန်မှ သူ ဒီလိုမျိုးအပြုအမူတွေ လုပ်လာရတာလဲ။
သူ သူငယ်ချင်းတွေကို ဖွင့်မပြောရဲခဲ့ပါ။ သူငယ်ချင်းတွေ ဘာပြောမယ်ဆိုတာမသိပေမယ့် သူ တစ်ခုခုကို သိနေသလိုလိုမျိုး။ အဲ့လိုနဲ့ပဲ သူ အရိပ်ကို ဘယ်တော့မှဖွင့်ပြောဖြစ်မှာမဟုတ်ဘူး။ မေမေကိုပြောဖို့တော့ ဘယ်တော့မှ မစဉ်းစားနဲ့။ ဒီဘဝမပြောနဲ့ နောင်ဘဝတောင်မှ စဉ်းစားရဲမှာမဟုတ်။ အခုတလော သူ အရိပ်အပေါ်မှာ ဂရုစိုက်နေခဲ့လို့ မေမေက သင်္ကာမကင်းဖြစ်နေတာ သူ သိပါတယ်။
အင်း... ဘယ်လိုပြောရမလဲ... အခုချိန်မှာ သူ အရမ်းကိုနာကျင်နေမိတယ်။ သီချင်းဆုံးသွားတာတောင်မှ ပူနွေးနေတဲ့ရင်ခွင်က ဆောင်းညရဲ့အရှိန်ကြောင့်ဆိုပြီး ယောင်လို့တောင်မှ အေးမြသွားခြင်းမရှိပေ။ ဆောင်းက အေးလွန်းပေမယ့် သူ့ရင်ကတော့ ပူလောင်နေခဲ့တာကို ဘယ်သူမှသိမှာမဟုတ်ပါဘူး။
💕💕💕💕💕💕💕###
အိမ်မက်ကြယ်

ESTÁS LEYENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...