💕ချစ်သောကိုကို💕
💖အခန်း(၁၂)💖"မယ်ခင်ရယ်... သမီးလေးကိုလွမ်းလိုက်တာ... သမီးလေး ဘယ်တွေရောက်နေတာလဲမသိပါဘူးကွာ..."
ဦးအောင်သူ့စကားကြောင့် မိန်းမသားဖြစ်တဲ့ ဒေါ်ခင်ပိုး ချက်ချင်းပဲ မျက်ရည်ဝဲလာမိတော့လေသည်။
"ကိုအောင်သူရယ်... ကျွန်မလည်း သမီးလေးကို နေ့တိုင်းလွမ်းနေခဲ့ရတာပါရှင်..."
"ငါတို့ ဘာမကောင်းမှုတွေများလုပ်ခဲ့လို အခုလို သမီးလေးနဲ့ ဝေးနေခဲ့ရတာလဲ မယ်ခင်ရယ် ပြောစမ်း ပါဦး..."
ဦးအောင်သူ ဒေါ်ခင်ပိုးကိုကြည့်ကာ နားမလည်စွာမေးလိုက်မိတော့ ဒေါ်ခင်ပိုး ခေါင်းကိုဖြည်းညင်းစွာ ရမ်းလိုက်ပြီး
"ကျုပ်တို့ ဘာမကောင်းမှုမှ မလုပ်ခဲ့ပါဘူးရှင်... ဒါ မမခင် တမင်လုပ်ခဲ့တာ... မမခင်ကြောင့် ကျွန်မတို့ သမီးလေးနဲ့ ဝေးနေရတာ..."
"တော်တော်ယုတ်မာတဲ့မိန်းမ... တမင်လှည့်ကွက်တွေဆင်ပြီး ငါတို့ကို အိမ်ပေါ်ကနေနှင်ချခဲ့တာ... ငါ လုံးဝမကျေနပ်ဘူး မယ်ခင်ရယ်... "
ယောက်ျားဖြစ်သူ ဦးအောင်သူက မခံမရပ်နိုင်ဘဲပြောနေသဖြင့် ဒေါ်ခင်ပိုး ခေါင်းငြိမ့်လိုက်ကာ
"ကျွန်မလည်း အတူတူပါပဲ ကိုအောင်သူရယ်... ကျွန်မတို့ ဘာအပြစ်မှမကျူးလွန်ခဲ့ဘဲနဲ့ စွပ်စွဲပြီး နှင်ချခဲ့ တာ... သူတို့က ကျွန်မတို့ရဲ့ကျေးဇူးရှင်ပါ... သူတို့ထင်သလိုမျိုး ကျွန်မတို့ ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့..."
ပြောနေရင်းနဲ့ ဒေါ်ခင်ပိုး မျက်ရည်တွေကိုသုတ်လိုက်လေတော့သည်။ သမီးလေးနဲ့မတွေ့ရတာ နှစ်တွေ ကြာနေခဲ့ပြီ။ သမီးလေး ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာကို သိချင်မိသည်။ သူတို့လင်မယားနှစ်ယောက်လုံး သမီးလေးကိုလိုက်ရှာနေခဲ့တာကြာနေပြီဖြစ်သော်လည်း အခုချိန်ထိ သတင်းအစအနလေးတောင်မှ မရခဲ့ပါ။
"တကယ်ဆိုရင် သူ ငါတို့အပေါ် အခုလိုမလုပ်သင့်ပါဘူးမယ်ခင်ရာ..."
ဒေါ်ခင်ပိုးနားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
"ဟုတ်တယ် ကိုအောင်သူ... သူ့မှာလည်း သားတစ်ယောက်ရှိနေတာပဲ သားသမီးချင်းကိုယ်ချင်းစာ သင့်တယ်... အခုတော့ ကျွန်မတို့နဲ့ သမီးလေးကို ခွဲထားရက်တယ်..."
မီးဖိုထဲဝင်လာမိတဲ့ တိမ်လွှာ့ခြေလှမ်းတွေ တန့်သွားမိလေသည်။ မီးဖိုဆောင်အပေါက်ကနေထွက်နေတဲ့ အသံတွေကို ပီသစွာကြားနေရ၏။
ကိုကို အလုပ်ခန့်ထားတဲ့ လင်မယားနှစ်ယောက်ရဲ့အသံ။ တိမ်လွှာ အဒေါ်ကြီးပြောနေတဲ့စကားကို တစ်စွန်း တစ်စကြားလိုက်ရပေမယ့် ချက်ချင်းပဲနားလည်လိုက်တော့သည်။ သူတို့က သူတို့သမီးနဲ့ကွဲနေလို့ လိုက်ရှာ နေကြတာဖြစ်သည်။
"ကိုအောင်သူ... ရှင်လည်း အားတဲ့အချိန်တိုင်း သမီးလေးကိုလိုက်ရှာပါ..."
"ငါ ရှာနေတာပါ မယ်ခင်ရယ်... မနက်ဖြန် သူဌေးဆီက ခွင့်တစ်ရက်တောင်းပြီး မြို့ထဲကိုသွားပြီး သမီးကို လိုက်ရှာမယ်..."
ဒေါ်ခင်ပိုး ဦးအောင်သူပြောတာကို နားထောင်ပြီး ခေါင်းငြိမ့်လိုက်ကာ
"အင်း... ဒါနဲ့ ကျွန်မတို့သူဌေးက သဘောကောင်းတယ်နော် ကိုအောင်သူ...".
"ငါတို့ သူဌေးမကြီးကိုတော့ မြင်ဖူးပါတယ်ကွာ... ဒါပေမယ့် ငါတို့ကို အလုပ်ခန့်တယ်ဆိုတဲ့ မင်းသားကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး..."
"ဟုတ်တယ် တော်ရေ... နောက်ပြီး မင်းသားရဲ့ညီကိုလည်း မမြင်ဖူးသေးဘူး... မင်းသားကိုတော့ မနက်က နံနက်စာစားတဲ့အချိန်မှာ ဘေးကနေမြင်လိုက်ရတယ်..."
"အေးပေါ့ကွာ... သူတို့အားလုံးက ငါတို့ရဲ့ကျေးဇူးရှင်တွေပဲ... သူတို့မကြိုက်တာကို ငါတို့ မလုပ်မိအောင် သတိထားရမယ်နော် မယ်ခင်..."
"ကျုပ်သိပါတယ်တော်..."
"ငါတို့ရဲ့အဓိကရည်ရွယ်ချက်က သမီးလေးကို ပြန်တွေ့ဖို့ဆိုတာ မမေ့နဲ့... ကဲ... ငါသွားလိုက်ဦးမယ် မယ်ခင်..."
"ကောင်းပါပြီတော်... ကျုပ်လည်း ချက်စရာပြုတ်စရာတွေရှိသေးတယ်..."
ဦးအောင်သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် မီးဖိုထဲကနေထွက်လာလေသည်။
တိမ်လွှာ ဧည့်ခန်းထဲသို့ အမြန်ပြေးလိုက်ကာ ထိုင်ပြီး သတင်းစာဖတ်နေလိုက်၏။ ဧည့်ခန်းထဲမှာ သူ့ကို တွေ့လိုက်ရသဖြင့် ဦးအောင်သူရဲ့ခြေလှမ်းတွေ တန့်သွားကာ တိမ်လွှာ့ကို ကိုယ့်ကျေးဇူးရှင်လို သဘောထားသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ
"သခင်လေး... မင်္ဂလာနံနက်ခင်းလေးပါ..."
သခင်လေးဆိုတဲ့အခေါ်အဝေါ်ကြောင့် တိမ်လွှာ အားနာမိသွားကာ သတင်းစာကိုချလိုက်ပြီး ဦးအောင်သူကို ကြည့်လိုက်ကာ
"အဲ့လိုမခေါ်ပါနဲ့ ဦးရယ်... ကျွန်တော့်ကို ရင်းရင်းနှီးနှီး လူလေးပဲဖြစ်ဖြစ်... ငါ့တူပဲဖြစ်ဖြစ် ခေါ်ပါ... ဒါမှမဟုတ် သူများတွေခေါ်သလို တိမ်လွှာလို့ခေါ်လည်းရပါတယ်..."
ဦးအောင်သူက သူပြောတာကို နားလည်သည့်ပုံဖြင့် ခေါင်းငြိမ့်ပြနေလေသည်။
"ကျေးဇူးတင်ပါတယ် လူလေး... လူလေး ကျောင်းမသွားသေးဘူးလား..."
"ဟုတ် ခနနေသွားတော့မှာပါ..."
"ဦးလေးလိုက်ပို့ပေးရမလား လူလေး..."
"ရပါတယ် ဦးလေးရယ်..."
"ကောင်းပါပြီ... လူလေး တစ်ခုခုခိုင်းချင်ရင် ဦးလေးကို ခေါ်လိုုက်နော် ဦးလေး ခြံပေါက်ဝမှာ ရှိပါတယ်..."
"ဟုတ်ကဲ့ပါ ဦးလေး..."
ဦးအောင်သူ ထွက်သွားတော့ ဧည့်ခန်းထဲမှာ တိမ်လွှာတစ်ယောက်ထဲ ကျန်ခဲ့လေတော့သည်။ ဪ... ဒီဦးလေးကြီးတို့လင်မယားက သနားစရာကောင်းလိုက်တာ။ သူတို့ရဲ့သမီးလေးကို အရမ်းချစ်ကြတာပဲ။ အခုချိန်ဆို သူတို့သမီးလေးအရွယ်ရောက်လောက်ပြီ။ သူတို့အရမ်းတွေ့ချင်နေမှာပဲ။
ဗိုက်ဆာနေတဲ့စိတ်က ဘယ်ရောက်သွားမှန်းမသိ။ တိမ်လွှာ့စိတ်ထဲမှာ သနားသွားမိတော့သည်။ ဖြစ်နိုင်ရင် သူကိုယ်တိုင်ရှာပေးလိုက်ချင်ပါတယ်။ သူတို့မိသားစုလေး ပြန်ဆုံစည်းတဲ့အချိန်ဆို အရမ်းပျော်စရာကောင်း မှာပဲ။
အင်း... နောက်ကြံုတော့မှပဲ သေချာမေးပြီးရှာပေးရမယ်။ တိမ်လွှာ နာရီကိုကြည့်လိုက်ကာ
"ကျောင်းသွားဖို့ ပြင်တော့မယ်... ကိုကိုကတော့ ဒီနေ့ရိုက်ကွင်းရှိတော့ ကျောင်းကိုရောက်နေလောက်ပြီ..."
တိမ်လွှာ တစ်ယောက်ထဲရေရွတ်ပြီးမှ ထိုင်နေရာကနေထပြီး အိမ်အပေါ်ထပ်ကို တက်သွားလေတော့သည်။
ဒီအချိန်ဆို ကိုကို ဘယ်လောက်တောင်မှ ရင်တွေခုန်နေပြီလဲမသိဘူး။ ပြောသာပြောရတာ ဆွေးအရိပ်နဲ့ လည်း တွေ့ချင်မှတွေ့ရမှာပါ။ ကိုကိုက ရိုက်ကွင်းမှာ မေမေနဲ့ရှိနေရသလို သူကလည်း သူ့အခန်းထဲမှာပဲ ရှိနေမှာပဲ။ သူ့အခန်းထဲမရှိရင်တောင် နတ်ဆိုးနဲ့ရှိနေမှာ...။
နတ်ဆိုးဆိုတဲ့ကောင်ကလည်း ဘာကောင်မှန်းမသိဘူး။ သူကိုယ်တိုင်ကလည်း ကြားထဲကနေ ဆွေးအရိပ် ကို သဘောကျနေတာမဟုတ်ဘဲ ဝင်ရှုပ်နေတယ်။ ဒီနတ်ဆိုးနဲ့လည်း မလွယ်ပါလားနော်... သူနဲ့ ဆွေးအရိပ် က တစ်ချိန်ချိန်မှာ မဖြစ်မနေယူရမယ့်လူတွေဆိုတာလည်း သူပဲ သတင်းလွှင့်ထားတာနေမှာ။ ဒါပေမယ့် အခုတော့ အမှန်တရားကိုသိသွားပြီးမို့လို့ ကိုကို့အတွက်လည်း စိတ်မပူရတော့ပါဘူး။
💕💕💕💕💕💕💕
"ရှိန်း... မင်း အခုနောက်ပိုင်း တော်တော်လေးငြိမ်သွားတယ်နော်... "
"ဟုတ်တယ် ရှိန်း... မင်း ဘာတွေဖြစ်နေတာလဲ... မင်း အိမ်မှာတစ်ခုခုဖြစ်လာခဲ့တာလား..."
ရှိန်း ခေါင်းရမ်းလိုက်ကာ ေြထောက်နားမှာရှိနေတဲ့ ကျောက်ခဲလေးတစ်ခဲကို ကန်လိုက်လေသည်။ ကျောက်ခဲလေးက သူ့ရှေ့မှာရှိနေတဲ့ ရေကန်ထဲသို့ကျသွားကာ လှိုင်းဂယက်ထကာ ရေပွက်လေးတွေ ထသွား၏။
"ဟင့်အင်း... ငါ ဘာမှမဖြစ်ပါဘူး..."
သူ့သူငယ်ချင်းသုံးယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ မေးငေါ့လိုက်ကြ၏။
"ရှိန်း..."
သူ နောက်ထပ် ကျောက်ခဲတစ်လုံးကို ထပ်ပြီး ကန်လိုက်ပြန်သည်။ ဒီတစ်ခါတော့ အားနည်းနည်း ပါသွားသဖြင့် ရေကန်ရဲ့အလယ်နီးပါးလောက်ကို ကျောက်ခဲကရောက်သွားတော့သည်။
"မင်းရင်ထဲမှာ တစ်ခုခုခံစားနေရတယ်ဆိုတာ ငါတို့သိတယ် ရှိန်း..."
"ဟုတ်တယ် ရှိန်း... အဲ့ဒါဘာလဲ ငါတို့ကိုပြောပြပါ..."
ဝဏ္ဏရဲ့စကားကို သူငယ်ချင်းတွေအားလုံးက ထောက်ခံနေသဖြင့် ရှိန်း စိတ်မပါလက်မပါ ပြံုးလိုက်မိလေ သည်။ ငါ့ရင်ထဲမှာ မိန်းကလေးတစ်ယောက်ကြောင့် နာကျင်နေရတယ်လို့သာ ပြောလိုက်ရင် အားလုံးက ယုံကြမှာပါ။ ဒါပေမယ့် အဲ့ဒီ့မိန်းကလေးက အရိပ်ဆိုတာသာသိရင်တော့... ရှိန်း ခေါင်းရမ်းလိုက်ကာ ကန်ရေပြင်ကြီးကိုငေးကြည့်လိုက်လေသည်။
"ဟင့်အင်း... ငါ ဘာမှမဖြစ်ပါဘူး..."
သူ သူငယ်ချင်းတွေကိုတောင် ဖွင့်မပြောရဲခဲ့ပါ။ အားလုံးကယုံကြည်မှာမဟုတ်ဘူးဆိုတာသိနေသလို ရင်ဖွင့်ဖို့အတွက်လည်း သူ သတ္တိမရှိခဲ့။
ဒီစကားတစ်ခွန်းထဲကို နှစ်ခါပြန်ပြောနေတဲ့ ရှိန်းကို ဝဏ္ဏတို့တွေ နားမလည်စွာကြည့်နေမိကြ၏။
"မဟုတ်ဘူး ရှိန်း... မင်း တစ်ခုခုဖြစ်နေတယ်ဆိုတာ ငါတို့သိတယ်...မင်း ငါတို့ကိုမှရင်မဖွင့်ရင် ဘယ်သူ့ကို ရင်ဖွင့်မှာလဲ ရှိန်းရာ..."
သူငယ်ချင်းတစ်ယောက်က ရှိန်းရဲ့ပခုံးကိုပုတ်လိုက်ကာ
"ဘာလို့လဲ ရှိန်း... ဆောင်းရတုမှာ သဘောတူထားတဲ့သူရှိနေလို့လား..."
"ဟင်... ဘာဖြစ်တယ် သီဟ..."
သူတို့သူငယ်ချင်းသုံးယောက် ခေါင်းချင်းဆုံသွားကြပြန်လေသည်။ သူတို့အကြည့်တွေက ရှိန်း ပြန်မေးနေတာကို နားမလည်ကြသည့်အကြည့်တွေပင်။
"ရှိန်းအာကာ မင်းမသိသေးဘူးလား..."
သူ တကယ်မသိပါ။ ရတုမှာ ဘယ်တုန်းက သဘောတူတဲ့သူရှိသွားတာလဲ။ ကျောင်းမှာ ရတုကို သဘောကျတဲ့သူတွေများတယ်ဆိုတာကိုသူသိပေမယ့် ရတုက ဘယ်သူ့ကိုမှ တူတယ်တန်တယ်လို့ သဘောထားခဲ့တာမဟုတ်။ အဲ့ဒါကြောင့် သူလည်းအမြင်ကပ်ပြီး ရတုကို ကြိုက်ချင်ယောင်ဆောင်နေခဲ့တာ။
"မင်း တကယ်မသိသေးတာပါလား ရှိန်း..."
"ဟုတ်တယ်... မင်း ပိုပြီးအ့ံသြသွားမှာတာကတော့ ရတုနဲ့သဘောတူထားတဲ့သူက နိုင်ငံကျော်မင်းသား အက္ခရာမောင်ဆိုတဲ့လူပဲ..."
"ဟင်..."
ရှိန်း ဘယ်လိုမှထင်မှတ်မထားတဲ့စကားကြောင့် တကယ်ပဲ အ့ံသြသွားမိလေသည်။
"ဘယ်လိုလုပ်ပြီး ရတုနဲ့ အက္ခရာမောင်က..."
သူတို့ထင်သလိုဖြစ်လာတဲ့အတွက် သူတို့တွေ သဘောကျစွာပြံုးလိုက်ကြပြီး
"ဟုတ်တယ် ရှိန်း... ဒီနေ့တောင် ငါတို့ကျောင်းကိုလာပြီး ရုပ်ရှင်လာရိုက်ကြမှာပေါ့..."
"ဟာ... ဟိုမှာ မင်းသား... မင်းသား..."
ကန်တင်းထဲကနေ ပြေးထွက်သွားကြတဲ့ မိန်းကလေးတစ်ချို့ရဲ့အသံကြောင့် ရှိန်း ခေါင်းထောင်ကာ ကြည့်လိုက်မိလေသည်။
"ရှိန်း... မင်း ဒီအချိန်မှာ တွေဝေမနေနဲ့တော့... မင်း ရတုကိုကြိုက်နေတာကြာနေပြီပဲ... ဒါပေမယ့် မင်း အခုချိန်ထိ တစ်ခါမှ ဖွင့်ပြောရသေးတာမဟုတ်ဘူးနော်... "
"ဟုတ်တယ် ရှိန်း... မင်းသာ ဖွင့်မပြောရင် ရတုက ဟိုမင်းသားနောက်ကို ပါသွားတော့မှာနော် ရှိန်း..."
သူ့သူငယ်ချင်းတွေအားလုံးကလည်း သူ ရတုကို တကယ်ချစ်တယ်ပဲ ထင်နေကြတာဆိုတော့ တစ်ယောက် တစ်ပေါက်စီပြောနေကြလေသည်။ သူတို့ထင်ရင်လည်း ထင်သင့်ပါတယ်လေ။ သူ ဇွဲရှိရှိနဲ့လိုက်ခဲ့တာဆိုလို့ ရတုတစ်ယောက်ပဲရှိခဲ့တာ။
"ရှိန်း မင်း လက်မလျှော့လိုက်နဲ့နော်... ဟိုမင်းသားက ဘာမှဟုတ်တာမဟုတ်ဘူး... မင်းတိမ်လွှာရဲ့ အကိုဆိုတာ သိလိုက်ကတည်းက ငါတို့တွေ အလိုလိုမုန်းသွားကြတာ..."
သူငယ်ချင်းတွေအားလုံးက တစ်စိတ်ထဲဖြစ်နေကြလေသည်။ မင်းတိမ်လွှာဆိုတဲ့နာမည်ကြောင့် ရှိန်း လှုပ်လှုပ်ရှားရှားဖြစ်သွားမိလေသည်။ အခုချိန်က ထမင်းစားကျောင်းဆင်းတဲ့အချိန်ဆိုတော့ အရိပ်က သူရှိနေကျနေရာမှာရှိနေမှာပဲ။ အဲ့ဒါကိုသိတာဆိုလို့ မင်းတိမ်လွှာပဲရှိတာ။
"ငါ အခုသွားရမယ်..."
"ဟုတ်တယ် ရှိန်း... ငါတို့လည်းလိုက်ခဲ့မယ်..."
သူသွားမှာကအရိပ်ရှိတဲ့နေရာကိုသွားမှာ... သူငယ်ချင်းတွေကတော့ ရတုဆီသွားမယ်ထင်ကာ လိုက်မယ်လို့ ပြောနေကြ၏။ သူ ဘယ်သူ့ကိုမှဖြေရှင်းချက်မပေးချင်တော့သဖြင့် ဘာမှမပြောတော့ဘဲ ကန်တင်းကနေ ထွက်လာလိုက်လေသည်။ သူ့နောက်မှာ သူ့သူငယ်ချင်းတွေကလည်း ပါလာကြ၏။
သူ့ခေါင်းထဲမှာလည်း ရတုနဲ့အက္ခရာမောင်တို့ရဲ့ပတ်သက်မှုကို ဆက်စပ်ကာတွေးကြည့်လိုက်တော့ အဖြေက ချက်ချင်းပဲ ပေါ်လာတော့၏။ ဟုတ်တယ်... ရတုရဲ့ မိဘတွေက ရုပ်ရှင်ထုတ်လုပ်သူတွေ။ သူတို့ကို မိဘချင်းသဘောတူထားတယ်ဆိုတာလည်း မိဘတွေက ရေရှည်ကိုစဉ်းစားပြီး သဘောတူကြ တာပဲဖြစ်မယ်။ သူတို့အချင်းချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် ကြိုက်ကြတယ်ဆိုတာမဖြစ်နိုင်ဘူး။ ရှိန်းရဲ့ခြေလှမ်းတွေက အရိပ်ရှိနေကျနေရာလေးဆီသို့ တရွေ့ရွေ့သွားနေလေသည်။ ရုတ်တရက် ရှိန်းရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားသဖြင့် သူ့သူငယ်ချင်းတွေကလည်း ရပ်တန့်သွားကြ၏။
"ရှိန်း ဘာဖြစ်လို့လဲ..."
ရှိန်းရဲ့အကြည့်တွေက ရှေ့တည့်တည့်မှာရှိနေတဲ့ စာကြည့်တိုက်ဆီသို့ရောက်သွားကာ
"မင်းတိမ်လွှာ..."
အရိပ်ရှိနေတဲ့နေရာက စာကြည့်တိုက်ရဲ့ဘေးက သစ်ပင်ရိပ်လေးတစ်ခုဖြစ်သည်။ အခု မင်းတိမ်လွှာရဲ့ ခြေလှမ်းတွေကလည်း ထိုနေရာသို့ ဦးတည်နေသဖြင့် ရှိန်းရဲ့ရင်ထဲမှာ အလိုလိုဒေါသထွက်လာမိကာ ခြေလှမ်းတွေကိုအမြန်ဆုံးလှမ်းလိုက်ပြီး
"မင်းတိမ်လွှာ..."
သူတို့နှစ်ယောက်ရဲ့အကွာအဝေးကလည်း သိပ်အလှမ်းမဝေးတော့ တိမ်လွှာကကြားသွားကာ ခြေလှမ်း တွေကိုရပ်လိုက်ပြီး ရှိန်းကိုလှည့်ကြည့်လာလေသည်။
"နတ်ဆိုး ဘာကိစ္စလဲ..."
ရှိန်းရဲ့အနောက်မှာလည်း သူငယ်ချင်းတွေက အရန်သင့်ရှိနေကြ၏။ ရှိန်း တိမ်လွှာ့ကိုကြည့်လိုက်ကာ
"မင်းအကို ဒီကျောင်းကိုရုပ်ရှင်လာရိုက်တာဆို မင်းမသွားဘူးလား..."
"ကိုကိုက သူ့အလုပ်သူလုပ်နေတာလေ ငါက ဘာသွားလုပ်ရမှာလဲ..."
အရိပ်ကိုသာ သူအမိန့်ပေးလို့ရတာပါ မင်းတိမ်လွှာကိုအမိန့်ပေးလို့မရဘူးဆိုတာ သိနေသဖြင့် ရှိန်း ဘာပြန်ပြောလိုက်ရမလဲမသိ။ တကယ်တော့ မင်းတိမ်လွှာ အရိပ်ရှိတဲ့နေရာကိုသွားမှာ သူ ကြောက်နေခဲ့ မိတာဖြစ်သည်။
"ဒါနဲ့ မင်းကိုကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေသလိုပဲ ရှိန်းအာကာ..."
သူ့ပါးစပ်ကနေ တကယ်ပဲပြောမထွက်ခဲ့။ သူ စိုးရိမ်နေတဲ့အကြောင်းကို သူငယ်ချင်းတွေသိသွားမှာလည်း သူကြောက်မိတာဖြစ်သည်။
သူ့ကိုကြည့်ကာ ဆွံ့အနေတဲ့ ရှိန်းကိုကြည့်ပြီး တိမ်လွှာပြံုးလိုက်မိလေသည်။
"ဒီမှာ ရှိန်းအာကာ... မင်း ဘာစကားမှပြောစရာမရှိဘဲနဲ့တော့ ငါကိ့ုမခေါ်ပါဘူးနော်... မင်း ဘာပြောချင် တာလဲ ပြောလေ..."
"ရှိန်း... မင်း သူ့ကိုဘာပြောချင်လို့လဲ... ပြောလိုက်လေကွာ... မင်းနောက်မှာ ငါတို့လည်းရှိနေတာပဲ..."
ရှိန်းရဲ့အကြည့်တွေက အရိပ် ထိုင်နေကျနေရာလေးဆီသို့ ရောက်သွားကာ
"မင်း ဘယ်သွားမလို့လဲ မင်းတိမ်လွှာ..."
တိမ်လွှာ့အကြည့်တွေကလည်း ရှိန်းကြည့်နေတဲ့နေရာသို့ရောက်သွားပြီး
"ငါဘယ်သွားသွား မင်းကိုပြောပြရမှာလား... ဘာလဲ ငါ ဆွေးအရိပ်ဆီသွားမှာစိုးလို့လား..."
"ဟင်..."
"ဒီမှာ ရှိန်းအာကာ... မင်းစိုးရိမ်နေတဲ့ကိစ္စကို ငါမသိဘဲနေမလား... ဒါပေမယ့် စိတ်ချပါ... မင်း ထင်နေတာ တွေ လုံးဝဖြစ်လာမှာမဟုတ်ဘူး..."
"မင်းတိမ်လွှာ မင်းဘာတွေပြောနေတာလဲ..."
"မင်းကပဲ ပြောရဲတယ်... ဆောင်းရတုကို ရှိန်းကြိုက်နေတယ်ဆိုတာ ဒီတစ်ကျောင်းလုံးသိတယ်... မင်းအကိုကသာ..."
"မင်းတို့ကဘာမို့လို့ ကိုကို့ကိုပြောရတာလဲ..."
သူငယ်ချင်းတွေက ထင်တာတွေစွတ်ပြောနေကြပေမယ့် သူနဲ့မင်းတိမ်လွှာကတော့ သူတို့ပြောချင်တဲ့ အကြောင်းကိုတော့ သူတို့ကိုယ်တိုင်သိကြသည်။
"ဘာ... တောက်..."
ဝဏ္ဏစိတ်တိုသွားကာ တိမ်လွှာ့ရဲ့အကျႌလက်ကိုလှမ်းဆွဲလိုက်သဖြင့် ရှိန်း ဝဏ္ဏရဲ့လက်ကိုဆွဲထားလိုက်က.
"ဝဏ္ဏ တော်တော့..."
ဝဏ္ဏ ရှိန်းကို အ့ံသြတကြီးကြည့်လိုက်ကာ
"ရှိန်း မင်း ဘာတွေတွေဝေနေတာလဲ... မင်း ရတုကိုချစ်တယ်မို့လား... မင်း စွန့်လွှတ်မလို့လား..."
"ဒီမှာ ဝဏ္ဏ... မင်းသူငယ်ချင်းကို မင်းသေချာမေးကြည့်ပါဦး... သူကြိုက်နေတာ ဆောင်းရတုလား ဆွေးအရိပ်လားဆိုတာ..."
"ဟင်..."
"ဘာ..."
အားလုံးရဲ့ပါးစပ်ကနေ အာမေဋိတ်သံတွေထွက်သွားကြကာ ရှိန်းကိုအ့ံသြတကြီး ကြည့်လိုက်ကြတော့ သည်။ ရှိန်းကတော့ တိမ်လွှာ့ကို စိတ်တိုနေသောမျက်လုံးဖြင့် သေချာစွာစိုက်ကြည့်နေလေတော့သည်။
တိမ်လွှာ သူ့လည်ပင်းကအကျႌစကိုဆွဲထားတဲ့ ဝဏ္ဏရဲ့လက်ကို ဆောင့်ပြီးဖြုတ်လိုက်ကာ
"မင်းတို့သူငယ်ချင်း ဘာတွေဖြစ်နေတာလဲဆိုတာ သေချာမသိဘဲနဲ့ မင်းတို့ထင်တာတွေလျှောက်ပြီး လုပ်မနေကြနဲ့..."
အားလုံးက ရှိန်းကိုရော တိမ်လွှာ့ကိုပါ နားမလည်စွာကြည့်နေကြလေသည်။
"ရှိန်းအာကာ... ငါက ဆွေးအရိပ်ကိုကြိုက်နေတယ်လို့ မင်းထင်နေတယ်မို့လား... ဆောရီး မင်းထင်နေတာ တွေမှားနေပြီ ရှိန်းအာကာ..."
တိမ်လွှာ့မျက်လုံးတို့က လှောင်ရယ်နေသလို ပြံုးနေကြလေသည်။
"တကယ်တော့ ဆွေးအရိပ်ကိုကြိုက်နေတာက ငါ့ကိုကို အက္ခရာမောင်ပဲ..."
"ဘာ..."
မျက်လုံးတွေပါ ပြူးကုန်ကြတော့၏။ အထူးသဖြင့် ရှိန်းက ပိုဆိုးနေလေသည်။ ဒါပေမယ့် ချက်ချင်းပဲ ပြံုးလာပြီး တိမ်လွှာ့ကိုကြည့်လိုက်ကာ
"မင်းပြောတဲ့ဟာသက တကယ်ရယ်ဖို့ကောင်းတာပဲ မင်းတိမ်လွှာ..."
"ငါပြောတာ ဟာသဟုတ်မဟုတ်ဆိုတာ ဆွေးအရိပ်အသိဆုံးပဲ... ဆွေးအရိပ်က မင်းကိုကြောက်ရတယ် မို့လား... မယုံရင် မင်း သူ့ကိုသွားမေးကြည့်လေ... ပြောသာပြောရတာပါ အခုချိန်လောက်ဆို ဆွေးအရိပ်က ကိုကိုရုပ်ရှင်ရိုက်နေတဲ့နေရာမှာ ရှိနေလောက်ပြီလားမသိဘူး..."
"ဘာ..."
ရှိန်း အလွန်အမင်းစိတ်တိုသွားကာ တိမ်လွှာ့ရဲ့လည်ပင်းကအကျႌစကိုဆွဲလိုက်ကာ
"မင်းတိမ်လွှာ မင်းပြောနေတဲ့စကားရဲ့အဓိပ္ပါယ်ကိုရော မင်းသိရဲ့လား..."
"ငါသိသလို မင်းလည်းသိတာပဲ နတ်ဆိုး..."
နှစ်ယောက်လုံးရဲ့အကြည့်တွေက ဓားသွားလိုထက်မြက်နေခဲ့လေသည်။
"မင်းပြောသလိုသာဖြစ်နေခဲ့ရင် ငါ ဘယ်သူ့ကိုမှ ခွင်လွှတ်မှာမဟုတ်ဘူးနော်... မင်းအကိုအပါအဝင် မင်းကိုရော အရိပ်ကိုရော..."
"အဲ့ဒါ အမှန်ဟုတ် မဟုတ် မင်း သိလာတော့မှာပါ... နောက်ပြီး မင်းသိထားရမှာက ဆွေးအရိပ်နဲ့ ပတ်သက်ပြီး ငါ့ကိုကိုနဲ့ငါက ရာမနဲ့လက္ခဏမဟုတ်သလို မင်းကလည်း ဒဿဂီရိမဟုတ်ဘူး ရှိန်းအာကာ... မင်းက နတ်ဆိုးတစ်ကောင်သက်သက်ပဲ..."
ရှိန်း တိမ်လွှာ့ကိုဆောင့်တွန်းလိုက်ကာ
"အဲ့ဒီ့နတ်ဆိုးက ဘာလုပ်နိုင်တယ်ဆိုတာကို မင်းတို့ညီအကိုနှစ်ယောက်လုံးသိရတော့မှာပါ..."
တိမ်လွှာ သဘောကျစွာပြံုးလိုက်ပြီး
"ကောင်းပါပြီ ငါ မင်းကိုစောင့်ကြည့်နေမယ် နတ်ဆိုး..."
တိမ်လွှာ သူ့ရှေ့ကနေ လှည့်ထွက်သွားတော့ ရှိန်း ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ရုပ်ရှင်ရိုက်ကွင်းရှိရာသို့ ပြေးထွက်သွားလေတော့သည်။ ကျေးဇူးပြုပြီး အဲ့ဒီ့နေရာမှာရှိမနေပါနဲ့ အရိပ်ရယ်။ အရိပ်သာ အဲ့ဒီ့နေရာမှာ ရှိနေခဲ့ရင် ကိုယ် ဘာတွေလုပ်မိမယ်ဆိုတာကို ပြောနိုင်မှာမဟုတ်ဘူး။ နောက်ပြီး မင်းတိမ်လွှာပြောတာတွေ ကလည်း အမှန်တရားတွေမဟုတ်ပါစေနဲ့လို့ ကိုယ်ဆုတောင်းပါရစေ အရိပ်ရယ်။
💕💕💕💕💕💕💕#####
အိမ်မက်ကြယ်
VOCÊ ESTÁ LENDO
ချစ်သောကိုကို (Completed)
Romanceနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...