💕ချစ်သောကိုကို💕
💖အခန်း(၄)💖ကျောင်းပိတ်ရက်မို့လို့ ဆွေး ခြံထဲမှာ သန့်ရှင်းရေးလုပ်နေမိသည်။ ခြံထဲမှာက အရိပ်ရတဲ့အပင်တွေများတော့ အေးဆေးငြိမ်သက်လှသည်။ ဆွေး အရမ်းသဘောကျ၏။ ခြံထဲမှာက နွေရာသီဆို အပင်ရိပ်အောက်မှာ ဖျာလေးခင်းပြီးအိပ်ရရင် သိပ်အရသာရှိတာ။ ဆွေး တစ်ခါတစ်လေမှအိပ်ရတာတောင် သိပ်သဘောကျ သည်။ ငယ်ငယ်ကဆို ဖေဖေရယ် မေမေရယ် ဆွေးရယ် သရက်ပင်ကြီးအောက်မှာ ဖျာခင်းပြီးအိပ်ကြတာ။ ဆွေးက ဖေဖေ့ဘက်လှည့်ဖက်အိပ်လိုက် မေမေ့ဘက်လှည့်ဖက်အိပ်လိုက်နဲ့ သိပ်ပျော်ဖို့ကောင်းခဲ့တာ။
အခုတော့လည်း ဆွေးက အထီးကျန်သူဖြစ်ရပြီ။ ဖေဖေနဲ့မေမေတို့ကို ဆွေး ဘယ်လိုလိုက်ရှာရမလဲ။ မတွေ့ရတာနှစ်တွေကြာလို့ တွေ့ချင်လှပါပြီ။ ဘယ်ရောက်နေမှန်းမသိတဲ့မိဘတွေကို ငှက်တစ်ကောင်လို ဘဝမျိုးနဲ့ဆွေးက ဘယ်လိုများရှာရမှာလဲ။ သူများတွေပြောတဲ့စကားတစ်ခွန်းတော့ ဆွေးကြားဖူးသည်။ ဘဝက ခါးလိုက်တာတဲ့။ ဆွေးဘဝက ခါးနေတာမဟုတ်ဘဲ ချဉ်တူးနေတယ်လို့သာ ဆွေးတွေးနေမိသည်။
တံမြက်စည်းရှည်ကိုကိုင်ကာ ငြိမ်သက်နေတဲ့အရိပ်ကို သူ သူ့အခန်းထဲကနေ လှမ်းငေးကြည့်နေမိ၏။ အရိပ်ကိုတစ်ခါမြင်မိတိုင်း ရင်ထဲမှာ ခံစားချက်အသစ်တစ်ခုက ပေါက်ဖွားလာမြဲပင်။ အဲ့ဒါကို ဘယ်လိုခေါ်လဲ သူမသိ။ သေချာတာတစ်ခုကတော့ သူ့လိုနတ်ဆိုးတစ်ကောင်အတွက် အရိပ်ဆိုတာမရှိမဖြစ်ပင်။ အမှန် အတိုင်းပြောရမယ်ဆိုရင် သူ အရိပ်ကို သူ့တစ်ဘဝလုံးစာအတွက်လိုအပ်တယ်။
ဟိုနေ့က အရိပ်ရဲ့နောက်မှာ မင်းတိမ်လွှာကို တွေ့ခဲ့ရလို့ သူ့စိတ်ထဲမှာ ခါးသီးစွာခံစားလိုက်ရသည်။ ဘာကို အလိုမကျလို့အလိုမကျမှန်းလည်း သူမသိ။ အဲ့ဒီ့နေ့က သူ မင်းတိမ်လွှာကို ရန်ရှာမလို့စဉ်းစားနေခဲ့တာ။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ပါဘူး။
သူနဲ့ မင်းတိမ်လွှာက မေဂျာတခုထဲ၊ အခန်းတစ်ခန်းထဲ။ တစ်ခါမှစကားမပြောဖြစ်ကြပေမယ့်လည်း သူက တစ်ကျောင်းလုံးရဲ့အော့ကြောလန်လို့ သတ်မှတ်ခံထားရနဲ့သူဆိုတော့ မျက်မှန်းတန်းမိနေကြသည်။ သူ့အကိုက ရုပ်ရှင်မင်းသားဆိုတော့ သူ့ပုံစံကလည်း အလန်းဇယားဖြစ်သည်။ ဘယ်လိုခေါ်မလဲ ကျောင်းက ယောက်ျားလေးတော်တော်များများက သူ့စတိုင်ကို သဘောကျတာများသည်။ ယောက်ျားလေးအချင်းချင်း တောင် အားကျရတဲ့ဘဝမျိုးကို ပိုင်ဆိုင်ထားတယ်ပဲပြောရမလား။ ဒါပေမယ့် သူကတော့ မင်းတိမ်လွှာပုံစံကို လုံးဝသဘောမကျပေ။
အခုလည်း အရိပ်ရဲ့အနားကို ဘာရည်ရွယ်ချက်နဲ့လာကပ်တာလည်းမသိ။ အရိပ်က ဘာမှသိတာမဟုတ် ဘူး။ ကျွတ်... မဖြစ်သေးပါဘူး ဒီကောင့်ကို နည်းနည်းတော့ ပညာပေးမှဖြစ်မယ်။
ရှိန်း တိမ်လွှာ့ကို ဘယ်လိုပညာပေးရင်ကောင်းမလဲဆိုတာ စဉ်းစားနေလေသည်။ သူ့နောက်မှာ သူ့လူတွေ လည်းရှိသင့်သလောက်တော့ရှိမှာပဲ။ ဒါပေမယ့် သူ အရိပ်ကို နောက်ထပ်နှောက်ယှက်မှပဲ ပညာပေးမယ်။ အခုလောလောဆယ်တော့ သူ့ကိုသေချာစောင့်ကြည့်ရမယ်။ အလကားသက်သက် ဘဝင်မြင့်နေတဲ့ မင်းတိမ်လွှာ... အခုတော့ နတ်ဆိုးနဲ့တွေ့ပြီပေါ့။
သူမ အမှိုက်တွေကြံုးကာ တောင်းထဲထည့်ပြီးတော့ တံမြက်စည်းကို သရက်ပင်မှာထောင်ထားလိုက်ပြီး ခုံတန်းရှည်လေးမှာထိုင်လိုက်လေသည်။ အဲ့ဒီ့နေ့က ကားနဲ့တိုက်မိမလိုဖြစ်သွားခဲ့တဲ့ အဲ့ဒီ့လူရဲ့အသံကို ဆွေး ရင်းနှီးနေပေမယ့် ဘယ်လိုမှစဉ်းစားလို့မရ။ ဟင်... မှတ်မိပြီ။ ဟိုတစ်ခါ အန်တီခင် တီဗွီကြည့်နေတော့ ကြားလိုက်ရတဲ့အသံပဲ။ ဟုတ်ပါတယ် အဲ့ဒီ့ရုပ်ရှင်မင်းသားရဲ့အသံပါ။ ဆွေး စိတ်ထဲအထိ စွဲလမ်းသွားခဲ့တဲ့ အသံလေး။
"အရိပ်..."
ဆွေး ကိုလေးရဲ့အသံကိုကြားလိုက်ရသဖြင့် ထိုင်ရာကနေထလိုက်ပြီး ကိုလေးကိုလှည့်ကြည့်လိုက်လေ သည်။ ကိုလေးက ဆွေးရဲ့အနောက်မှာရောက်နေ၏။
"ကိုလေး... ဘာခိုင်းစရာရှိလို့လဲ..."
ကိုလေးက ဆွေးကိုခေါင်းရမ်းပြပြီး ခုံတန်းရှည်လေးမှာဝင်ထိုင်လိုက်ကာ
"မေးချင်တာရှိလို့..."
ကိုလေးမျက်နှာက အမြဲလိုလိုပြံုးနေတတ်သည်။ ကျောင်းကသူငယ်ချင်းတွေကို စရလို့ပဲဖြစ်ဖြစ် ဆွေးကို အနိုင်ကျင့်ရလို့ပဲဖြစ်ဖြစ် ကိုလေးက ပျော်နေတတ်၏။ ဆွေး ကိုလေးကိုနားလည်ပါတယ်။ ဟိုးငယ်ငယ် ကတည်းက ကိုလေးက ဆွေးလောက်အထီးမကျန်ပေမယ့်လည်း အထီးကျန်စွာ နေခဲ့ရသည်။ ကိုလေး ဖေဖေက ကိုလေးကိုသိပ်ချစ်တာ။ သိပ်လည်းအလိုလိုက်သည်။ ဒါပေမယ့် ကိုလေးရှစ်တန်းအောင်တဲ့နှစ်မှာ ကိုလေးရဲ့ဖေဖေ ဦးထွန်းဆုံးသွားခဲ့တော့ ကိုလေးရဲ့စိတ်တွေဟာ ကြမ်းတမ်းခဲ့၏။
တဖြည်းဖြည်းနဲ့ ကိုလေးက လူဆိုးလေးတစ်ယောက်လိုဖြစ်လာခဲ့တော့သည်။ အဲ့ဒီ့အချိန်ကတည်းက ဆွေး ကိုလေးအပေါ် နားလည်ခဲ့သလို သနားလည်း သနားလာခဲ့မိတာ။ ဆွေးကိုအနိုင်ကျင့်လည်း ဆွေးက ငြိမ်ခံနေခဲ့သည်။ ကိုလေးနဲ့ဆွေးက ကျောင်းတက်တော့လည်း တစ်ကျောင်းတည်း။ အဲ့ဒီ့ကတည်းက ကိုလေးရဲ့စာအုပ်တွေမှာ ဆွေးရဲ့လက်ရေးတွေသာရှိခဲ့တာ အခုချိန်ထိပါပဲ။ ကိုလေးဆယ်တန်းရောက်တော့ နတ်ဆိုးဆိုတဲ့နာမည်တွင်ခဲ့တာပါပဲ။ ဟုတ်ပါတယ် အားလုံးသိကြသလိုပဲ ကိုလေးကသိပ်ဆိုးတာ။ ကိုလေး ဘယ်လောက်ဆိုးလဲဆိုတာ ဆွေးကအသိဆုံး။
တစ်ခါတစ်လေ ဖေဖေက ဆွေးကို မုန့်ဖိုးပေးလိုက်လို့ ဆွေးကမုန့်ဝယ်စားခဲ့ရင်တောင် ကိုလေးက ဆွေးလက်ထဲက လုစားတတ်သည်။ ဆွေးမှာ မျက်ရည်တွေကြားထဲကနေ ကိုလေးကိုကြည့်ကာ ဘာမှမပြောရဲခဲ့။ ဒါပေမယ့် ဆွေး ကိုလေးကို မမုန်းရက်ခဲ့ပါဘူး။ ကိုလေး ဆွေးကို အနိုင်ကျင့်ခဲ့ပေမယ့် ဘယ်တုန်းကမှ ဆွေး မမုန်းခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဆွေး ကိုလေးကို နားလည်လို့ပါ။
"အရိပ် ငါမေးနေတာကြားလား..."
"ဟင်... ကိုလေး ဘာမေးလိုက်တာလဲ..."
ကိုလေးက ဆွေးကို စိတ်မရှည်စွာကြည့်လိုက်ပြီး
"မင်းတိမ်လွှာကို သိလားလို့မေးနေတာ..."
ဆွေး ကိုလေးပြောတဲ့နာမည်ကို တခါမှမကြားဖူးခဲ့ပါ။
"ဟင့်အင်း... ဆွေးမသိဘူး ကိုလေး..."
"ဒါဆို ဟိုတစ်နေ့က နင့်နောက်ကနေထွက်လာတဲ့ကောင်က ဘယ်သူလဲ..."
"ဟင်..."
ကိုလေးပြောတဲ့လူကို ဆွေး စဉ်းစားလိုက်မိ၏။ ကိုလေးပြောတဲ့လူဆိုတာ ဟိုနေ့က ဆွေးထိုင်နေကျနေရာ လေးမှာ တွေ့ခဲ့တဲ့လူကိုပြောတာလား။ ကိုလေးပြောသလိုဆို သူ့နာမည်က မင်းတိမ်လွှာလား။
"ဟင့်အင်း... ဆွေးမသိဘူး ကိုလေး..."
အရိပ် ပုံစံက တကယ်ကိုမသိတဲ့ပုံစံဆိုတော့ သူ ဘာဆက်ပြောရမှန်းမသိတော့။ မင်းတိမ်လွှာက ကျောင်းမှာ ကင်းဆိုတာလည်း အရိပ် သိမှာမဟုတ်ပါဘူး။ ဘာဆိုဘာမှမသိတဲ့အရိပ်ကို သူ စိတ်ပူတာ မမှားပါဘူး။
"ဘာဖြစ်လို့လဲ ကိုလေး..."
သူခေါင်းရမ်းပြီး ထလိုက်ကာ
"ဘာမှမဟုတ်တော့ဘူး..."
သူ ဆက်ပြောနေလည်း အရိပ်က ဘာမှသိမှာမှမဟုတ်တာ။
"ဆွေးအရိပ်ရေ... လာဦး..."
ဆွေး ကမန်းကတန်းလေးမတ်တပ်ရပ်လိုက်ကာ
"ဟုတ်ကဲ့ အန်တီခင်..."
ဆွေး ကိုလေးကိုကြည့်လိုက်တော့ ကိုလေးကလည်း မေးထောက်ကာ ဆွေးကိုကြည့်နေလေသည်။
"အန်တီခင်ခေါ်နေလို့ ဆွေးသွားလိုက်ဦးမယ် ကိုလေး..."
ရှိန်း အရိပ်ကို ခေါင်းငြိမ့်ပြလိုက်တော့ အရိပ်က သူ့ရှေ့ကနေထွက်သွားတော့သည်။ သူ ဘယ်လိုလုပ်ရမှန်း မသိတော့။ သူကသာ အရိပ်အတွက်စိတ်ပူနေတာ အရိပ်က မင်းတိမ်လွှာကိုလုံးဝမသိပေ။ ဒါပေမယ့် မင်းတိမ်လွှာကို ဒီအတိုင်းလွှတ်ပေးထားလို့တော့မရ သူ စောင့်ကြည့်နေမှဖြစ်မယ်။ တွေးနေရင်းကနေ ရှိန်း အ့ံသြနေမိ၏။ သူ ဘာလို့ အရိပ်အတွက် အခုလိုစိတ်ပူပေးနေရတာလဲ။ သူ ဘယ်တုန်းကများ အခုလို စိတ်ပူပေးခဲ့လို့လဲ။ သူ ဘာတွေဖြစ်နေတာလဲ။ သူ အရိပ်ပေါ်မရိုးသားတော့တာလား...။ ဟင့်အင်း... မဖြစ်နိုင်ပါဘူး... အရိပ်က သူ့ဘဝအတွက် မရှိမဖြစ်တဲ့လူတစ်ယောက်ဆိုပေမယ့် အဲ့ဒါဟာ မရိုးသားတဲ့စိတ် ကြောင့်တော့မဟုတ်။ ဒါဆို ဘာလို့လဲ။ နတ်ဆိုးတစ်ကောင်ရဲ့ရင်ခုန်ခြင်းကို ဘယ်သူကများ ခိုးယူနိုင်မှာ မို့လို့လဲ။
💕💕💕💕💕💕💕
တိမ်လွှာ ကိုကို့ကို အ့ံသြကြီးစွာကြည့်နေမိတော့သည်။ ဒီလိုစကားတွေကိုပြောနေတာ သူ့ကိုကို အက္ခရာမှ ဟုတ်ပါရဲ့လားလို့လည်း တွေးနေမိ၏။
"ညီ... ကိုကိုမေးနေတယ်လေကွာ..."
သူ့ကိုသေချာကြည့်နေတဲ့ညီ့ပခုံးကို ခရာ ဆွဲလှုပ်ကာပြောလိုက်တော့မှ ညီက တခြားဘက်သို့လှည့်ကာ ပါးစပ်ကိုအသာပိတ်ကာရယ်နေတော့၏။ ညီ့အပြုအမူကြောင့် ခရာလည်း ညီ့ကိုနားမလည်နိုင် အောင်ဖြစ်သွားတော့သည်။
"ညီ ဘာရယ်နေတာလဲ..."
"ဪ... အခုလိုမျိုးမေးခွန်းတွေမေးနေတာ ညီ့ကိုကိုမှဟုတ်ရဲ့လားလို့ စဉ်းစားမိလို့ပါ..."
သူ့စကားကြောင့် ကိုကိုကလည်း ပြံုးနေတော့သည်။ ကိုကိုပြံုးရင် သိပ်ပြီးကြည့်လို့ကောင်းတာ။ ကိုကိုနဲ့ သူကရုပ်ချင်းဆင်တယ်လို့ တချို့ကပြောကြသည်။ အဲ့ဒါတော့ သူ ဝန်ခံပါတယ်။ ကိုကိုက ရုပ်ချော သလောက် အသန့်အပြန့်ကြိုက်သည်။ နောက်ပြီး ကိုကိုက သဘောလည်းကောင်း၏။
ကိုကိုနဲ့သူနဲ့ဆို အရပ်ချင်းကလည်းမတိမ်းတယိမ်းပင်။ အသားဖြူကြတာလည်း အတူတူပါပဲ။ ဒါပေမယ့် ကိုကိုက သူ့ထက်နည်းနည်းတော့ပိန်သည်။ ဒါကလည်း ကိုကို့အလုပ်ကြောင့်ပါပဲ။ ကိုကိုက မေမေ့ ထိန်းချုပ်မှုအောက်မှာနေရတာဆိုတော့ လွတ်လပ်မှုမရှိတာကြောင့် စိတ်ပင်ပန်းရသည်။
ကိုကိုကပြံုးခဲတော့ ကိုကို့အပြံုးအစစ်ကိုတွေ့ရခဲသည်။ သရုပ်ဆောင်ရင်တော့ ကိုကိုက အများအားဖြင့် ပြံုးတာများပါတယ်။ ဒါပေမယ့် အိမ်မှာတော့ ကိုကိုက တစ်နေ့ကိုတစ်ခါတောင်ပြံုးခဲသည်။ ကိုကိုက အဝတ်အစားဝတ်ရင်လည်း အမြဲတမ်းစတိုင်ကျသည်။ ကိုကိုက အိမ်နေရင်းတောင် ဘာဝတ်ဝတ် စတိုင်ကျနေတာ။
"ညီ... ဘာတွေတွေးနေတာလဲ... ကိုကိုမေးတာကိုစဉ်းစားနေတာလား..."
"ဗျာ... ဟုတ်ကဲ့ကိုကို... ကိုကိုက ညီ့ကျောင်းကိုတကယ်ရောက်လာတာပေါ့..."
"တကယ်ရောက်လာလို့ အိပ်ပျော်နေတဲ့ ကိုကို့နှလုံးသားကို လှုပ်နှိုးနိုင်ခဲ့တဲ့မိန်းကလေးနဲ့ တွေ့ခဲ့ရတာပေါ့ ညီရယ်..."
ကိုကို့စကားကြောင့် တိမ်လွှာသဘောကျစွာ ပြံုးလိုက်မိလေသည်။
"အဲ့ဒါကြောင့်လည်း ညီ့ဆီက အကူအညီတောင်းနေရတာ... ကိုကို့အတွက် စုံစမ်းပေးမယ်မို့လား..."
"အဲ့ဒီ့ကောင်မလေးပုံစံက ဘယ်လိုမျိုးလဲဆိုတာ ကိုကိုမှတ်မိလား..."
ခရာ ညီ့ကို ခေါင်းငြိမ့်ပြလိုက်ကာ သူ့နှလုံးသားထဲမှာ စွဲမြဲနေတဲ့ရုပ်ပုံလွှာလေးကို နှလုံးသားလေးကနေ တဆင့် မျက်လုံးမှာမြင်ယောင်လိုက်ကာ
"အရပ်ကတော့ ကိုကို့ပခုံးလောက်ပဲရှိမယ်... ဆံပင်ကခါးလောက်ထိရှည်မယ်... အသားကလည်း ဖြူတယ် ကွာ..."
ကိုကို အဲ့ဒီ့မိန်းကလေးကို ဘယ်လောက်တောင်မှ စွဲလမ်းနေပြီဆိုတာ သူ ကောင်းကောင်းသိပါပြီ။ အဲ့ဒီ့မိန်းကလေးရဲ့ပုံစံကိုပြောပြနေတဲ့ ကိုကို့မျက်နှာမှာ တွေ့နေကျမဟုတ်တဲ့အပြံုးတွေကိုတွေ့နေရသည်။
"အင်း... ဟုတ်ပါပြီ... သူနဲ့ကိုကိုဘယ်လိုများဆုံခဲ့တာလဲ..."
"ကျောင်းကကားပါကင်မှာ သူ့ကို ကားနဲ့တိုက်မလိုဖြစ်ခဲ့တာ..."
"ကိုကိုရယ်... ကိုကို သူ့ကိုဘာမှမလုပ်ပေးခဲ့ဘူးလား..."
"ကိုကို အစက ဆေးရုံကိုဖြစ်ဖြစ်လိုက်ပို့ပေးမလို့ပဲ... ဒါပေမယ့် သူ့ပုံစံက အရမ်းကြောက်နေတဲ့ပုံစံနဲ့ ဘာမှမဖြစ်ဘူးဆိုတော့ ကိုကိုကလည်း လိုက်မပို့တော့တာ..."
"အင်း... အဲ့ဒါလည်း ကောင်းပါတယ်... တော်ကြာ ကိုကိုကပြဿနာတက်ဦးမယ်... အဲ့ဒါဆို ကိုကို သူ့ဆီက ဖုန်းနံပါတ်တော့တောင်းခဲ့မှာပေါ့..."
"ဖုန်းနံပါတ်..."
ဟုတ်သားပဲ။ ညီပြောမှသူသတိရသည်။ သူ ဖုန်းနံပါတ် မတောင်းမိခဲ့ဘူးပဲ။
"ကိုကိုမတောင်းခဲ့ဘူးလား..."
ခရာ ခေါင်းငြိမ့်ကာ
"အင်း... ကိုကို မတောင်းမိခဲ့ဘူး ညီ..."
"ဘယ်လို... အင်းပါ... ဒါဖြစ်သင့်ပါတယ်လေ..."
ညီက နားလည်စွာခေါင်းငြိမ့်ပြီးပြောနေ၏။
"နာမည်တော့ ကိုကိုသိမှာပါနော်..."
"နာမည်..."
ကိုကိုကခေါင်းကုပ်ကာ တွေဝေသွားပြန်လေတော့ တိမ်လွှာ ကိုကို့ကိုအ့ံသြပြီးရင်း အ့ံသြနေတော့၏။
"ကိုကို နာမည်လည်းမသိဘူးလား..."
"အင်း... ကိုကို သူ့ကိုဘာမှကိုမမေးခဲ့မိတာညီရယ်..."
"အဲ့တော့ မိန်းကလေးတွေ အများကြီးရှိနေတဲ့ တက္ကသိုလ်ကြီးမှာ ကိုကိုပြောတဲ့မိန်းကလေးကို ညီဘယ်လိုရှာရမှာလဲ... နာမည်လေးတစ်ခွန်းတောင်မသိဘဲနဲ့ ကိုကိုက ဘယ်လိုများစိတ်ဝင်စားသွား ရတာလဲ ကိုကိုရယ်..."
"ဟင်... ညီ ခနလေး... သူ့နာမည်တစ်လုံးတော့ ကိုကိုသိတယ်..."
ကိုကိုပျော်သွားသလို သူလည်း ရှာပေးဖို့ အားတက်သွားတော့၏။
"ဘယ်သူတဲ့လဲ ကိုကို..."
"သူ့ကိုယ်သူ ဆွေးလို့ပြောတယ် ညီ..."
"ဗျာ... ဆွေး ဟုတ်လား ကိုကို..."
"အင်း ဟုတ်တယ် ညီ..."
ချက်ချင်းဆိုသလို တိမ်လွှာ့မျက်လုံးထဲမှာ ကောင်မလေးတစ်ယောက်ကိုမြင်ယောင်သွားတော့၏။ သူကတော့ ဆွေးအရိပ်ဆိုတဲ့ ကောင်မလေး။ အဲ့လိုနာမည်မျိုးကတော့ တူစရာအကြောင်းမရှိ။ ကိုကိုတွေ့ခဲ့ တာလည်း သူပဲနေမှာ။
"ညီ... သိလား..."
တိမ်လွှာ စဉ်းစားသလို ခေါင်းကုပ်လိုက်လေသည်။ ကိုကို့ကိုဘယ်လိုပြောရမလဲ။ နတ်ဆိုးနဲ့ပတ်သက်နေလို့ သူလည်း ဆွေးအရိပ်အကြောင်းကို စိတ်ဝင်စားနေခဲ့တာ။
"အဲ့ဒီ့နာမည်ကို ညီ ကြားတော့ကြားဖူးတယ် ကိုကို..."
"ဟင်... ဟုတ်လား ညီ..."
ညီ့စကားကြောင့် ခရာ တကယ်ပဲဝမ်းသာသွားတော့သည်။ ဒါဆို အဲ့ဒီ့ကောင်မလေးနဲ့သူ နီးစပ်ရတော့ မှာပေါ့။
"ကိုကို သူ့ကိုကြွေသွားတာလား..."
ခရာ့မျက်လုံးထဲမှာ ဆွေးဆိုတဲ့ကောင်မလေးရဲ့မျက်နှာကို ပြန်မြင်ယောင်လာမိကာ ပြံုးမိသွားပြန်လေသည်။ သူမရဲ့ခန္ဓာကိုယ်လေးကို ထိန်းထားတဲ့အချိန်မှာ ခံစားခဲ့ရတဲ့ အထိအတွေ့ကို သူ အခုချိန်ထိ ခံစားနေရသလို ရင်တွေခုန်နေ၏။ ဟုတ်ပါတယ်... အမှန်အတိုင်းပြောရမယ်ဆိုရင် သူ ဆွေးဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပြီ။
တိမ်လွှာ ကိုကို့ကိုကြည့်ကာ နားလည်သွားခဲ့ပြီဖြစ်သည်။ ဒါပေမယ့် အဲ့ဒီ့ကိစ္စက ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း သူသိသည်။ ဘာလို့လဲဆိုတော့ မေမေက ဘယ်လိုမှသဘောတူမှာမဟုတ်ဘူး။
"ကိုကို... ညီတစ်ခုမေးချင်လို့..."
"အင်း မေးလေ ညီ..."
"ကိုကိုနဲ့ဆောင်းရတုကို မိဘချင်းသဘောတူထားကြတာဆို..."
"ဟင်..."
ကိုကို့မျက်နှာကအပြံုးတွေဟာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့၏။ အဲ့လိုကျတော့လည်း တိမ်လွှာ ကိုကို့ကိုသနားသွားမိလေသည်။ သူ့ကြောင့် ကိုကို့အပျော်တွေကို မပျက်စေချင်ပါ။
"ဆောရီးပါ ကိုကို... ညီ့ကြောင့် ကိုကိုစိတ်ညစ်သွားရပြီ..."
ခရာ ညီ့ကို ခေါင်းရမ်းပြလိုက်ကာ
"ကိုကိုသိပါတယ်... ကိုကို သူ့ကိုလက်ထပ်ဖို့ တွေဝေနေတာ... ကိုကိုမှ သူ့ကိုမချစ်တာညီရယ်... ဒါပေမယ့် မေမေ့ဆန္ဒကို ကိုကိုလွန်ဆန်လို့ကလည်း မဖြစ်သေးဘူးလေ..."
မေမေ့စကားဆို တသွေမတိမ်းလိုက်နာတတ်တဲ့ ကိုကို့စိတ်ဓာတ်ကို သူ လေးစားပါတယ်။ ဒါပေမယ့် တစ်သက်လုံးကြီး ဒီလိုမျိုးနေသွားလို့မှမရတာ။
"ကိုကို... ဒါဆို ကိုကို ဆောင်းရတုကိုလက်ထပ်မှာမို့လား..."
အဲ့လိုကျတော့လည်း ကိုကိုကမဖြေဘဲ ငြိမ်သက်နေပြန်သည်။ သူ ကိုကို့ကို အဲ့ဒါတွေသဘောမကျတာ။ ကိုကိုက အရမ်းတော်တာမှန်ပါတယ်။ အဲ့ဒါငယ်ငယ်ကတည်းက မေမေ့စကားကို နားထောင်ခဲ့တာတွေ ကြောင့်ဆိုတာဆိုလည်းမမှားပေ။
"အင်းပါ... ကိုကို့ကိုညီအများကြီးတော့မပြောချင်ပါဘူး... ဘာလို့လဲဆိုတော့ ကိုကိုကညီ့ထက်အကြီး... နောက်ပြီး ကိုကိုက မေမေ့ကိုပိုပြီးနားလည်နိုင်တဲ့သူပါ..."
"ညီပြောနေတာတွေကို ကိုကိုနားလည်ပါတယ်... ဒါပေမယ့် ဆွေးဆိုတဲ့မိန်းကလေးကိုတော့ ကိုကို တကယ်ချစ်မိသွားခဲ့တာပါ ညီ..."
အခုချိန်က မေမေလည်းအိမ်မှာရှိမနေတော့ ကိုကို့အခန်းထဲမှာ သူတို့ညီအကိုနှစ်ယောက် စကားပြောနေ ကြတာဖြစ်သည်။
"အဲ့ဒါက မဖြစ်နိုင်ဘူးဆိုတာ ညီ့ထက် ကိုကိုကပိုသိပါတယ်..."
ခရာ သက်ပြင်းချလိုက်ကာ စားပွဲပေါ်မှာတင်ထားတဲ့ သူ့ဓာတ်ပုံသူပြန်ကြည့်နေမိလေသည်။ cele တစ်ယောက်ဖြစ်ရတာကို သူ ခနခနမုန်းခဲ့ပေမယ့် မိန်းကလေးတစ်ယောက်ကို ရင်ထဲကနေ နှစ်နှစ်ကာကာ ချစ်မိသွားတဲ့အခါမှာ ဒီဘဝကို သူပိုပြီးမုန်းလာမိတော့လေသည်။
"နောက်ပြီး ကိုကိုသိထားရမှာက... မေမေ့ကိုမလွန်ဆန်နိုင်သရွေ့ ကိုကိုဘယ်အရာကိုမှ ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး..."
ညီပြောနေတာတွေအားလုံးဟာ အမှန်တရားတွေဆိုတာကို သူနားလည်သည်။ ဟုတ်တယ် မေမေ့ကို မလွန်နိုင်သရွေ့ သူချစ်တယ်ဆိုတဲ့ ဆွေးကိုလည်းပိုင်ဆိုင်ရမှာမဟုတ်ဘူး... အဲ့ဒီ့တော့ သူ ဘာဆက်လုပ် ရမှာလဲ...
"ကိုကိုစဉ်းစားသင့်ပြီကိုကို... ဒါပေမယ့် ကိုကိုဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ညီက ကိုကို့ဘက်ကပဲ ရှိနေမယ် ဆိုတာတော့ ကိုကိုယုံထားလိုက်ပါ... နောက်ပြီး ဆွေးဆိုတဲ့ကောင်မလေးအကြောင်းကိုလည်း ညီအားလုံး စုံစမ်းပေးမှာပါ... ကိုကိုက သူ့ကိုပိုင်ဆိုင်ချင်တယ်ဆိုရင်တောင် ညီက ကူညီပေးမှာပါ..."
ကိုကို့ရဲ့လက်ဝါးတွေက သူ့ပခုံးပေါ်သို့ ရောက်လာလေသည်။
"ကိုကို တကယ်ကျေးဇူးတင်တယ် ညီ... ကိုကိုကြိုးစားမှာပါ... ဆွေးကိုပိုင်ဆိုင်နိုင်ဖို့ပေါ့..."
မေမေ့ကိုလွန်ဆန်နိုင်ဖို့ပဲ ကိုကိုလိုတာပါလို့တော့ သူ ကိုကို့ကိုပြောမထွက်ခဲ့ပါ။ အဲ့ဒါက ဖြစ်မှမဖြစ်နိုင်တာ။
"သားရေ... သား... ဒီနေ့ရှူတင်ရှိတယ်လေကွယ်..."
"ဟင် မေမေလာပြီ... ညီ..."
ညီက သူ့ကိုခေါင်းငြိမ့်ပြပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်လေသည်။
"ညီ သွားတော့မယ် ကိုကို..."
"အင်း... ကိုကို အကူအညီတောင်းတာကိုမမေ့နဲ့နော်..."
တိမ်လွှာ ကိုကို့ကိုပြံုးပြီး ခေါင်းပဲငြိမ့်ပြလိုက်လေသည်။
"ကျွီ..."
မေမေက တံခါးဖွင့်ပြီးဝင်လာလေသည်။
"ဪ... ညီအကိုနှစ်ယောက် စကားပြောနေကြတာကိုး..."
"ဟုတ်ကဲ့ မေမေ..."
မေမေက သူတို့အနားကိုရောက်လာကာပြောတော့ သူတို့တွေခေါင်းကိုပြိုင်တူငြိမ့်လိုက်ကြလေသည်။
"ကဲ သားရေ... သွားရအောင်... အားလုံးပြင်ဆင်ပြီးသွားပြီ..."
"ဟုတ်ကဲ့..."
မေမေ့မျက်နှာကတော့ အမြဲတမ်းပြံုးရွှင်နေလေသည်။ ကိုကို့အတွက်လည်း မေမေကအရမ်းဂုဏ်ယူခဲ့တာ။ အဲ့ဒါကြောင့်လည်း ကိုကိုက မေမေ့ကိုမလွန်ဆန်ရဲခဲ့တာပေါ့။
"သားငယ်... အိမ်မှာနေဦးနော်... မေမေ ခနနေပြန်လာခဲ့မှာ..."
"ဟုတ်ကဲ့ မေမေ..."
သူ မေမေ့ကိုဘာမှဆက်မပြောတော့ဘဲ ကိုကို့အခန်းထဲကနေထွက်လာလိုက်လေသည်။ သူကတော့ ကိုကို့လောက် မေမေနဲ့ရင်းနှီးမှုမရှိပေ။ အဲ့ဒါကြောင့် တော်ရုံဆိုရင် မေမေက သူ့ကိုဘာမှသိပ်မပြော။ သူနေချင်သလိုနေလို့ရသည်။ ဒါပေမယ့် သူ့ကြောင့်တော့ ကိုကို့အောင်မြင်မှုကိုမထိခိုက်စေနဲ့တဲ့။ တစ်ခါတစ်လေ မေမေက ကိုကို့အတွက် သိပ်အတ္တကြီးလွန်းသည်လို့ သူထင်မိသည်။
ဆောင်းရတုနဲ့ သဘောတူတယ်ဆိုတဲ့စကားကိုကြားတော့ သူ တကယ် မယုံနိုင်ခဲ့။ ဒါပေမယ့် သေချာ စဉ်းစားကြည့်လိုက်တော့မှ သူ နားလည်သွားခဲ့တာ။ ဒါ ကိုကို့အတွက်ပဲ။ ကိုကို့အတွက်ဆို မေမေကဘာပဲ လုပ်ရလုပ်ရ လုပ်မယ့်လူမျိုးလို့သူထင်မိသည်။ ဒါပေမယ့် ဆွေးအရိပ်နဲ့ပတ်သက်လာခဲ့မယ်ဆိုရင် မေမေနဲ့ကိုကို့ကြားမှာ ဘယ်လိုတွေဖြစ်လာမှာလဲဆိုတာ သူသိချင်သည်။ နောက်ပြီး ကိုကို့ကိုပြောင်းလဲ လာအောင်လည်း သူ လုပ်ပေးချင်တယ်။ အဲ့ဒါ ဆွေးအရိပ်နဲ့ကိုကို ချစ်သူတွေဖြစ်ဖို့အတွက်ပဲ။ ဟုတ်တယ်... ဘယ်လိုအခက်အခဲတွေပဲကြံုကြံု သူ ကိုကို့ကိုကူညီမယ်။
💕💕💕💕💕💕💕#####
အိပ်မက်ကြယ်
VOUS LISEZ
ချစ်သောကိုကို (Completed)
Roman d'amourနိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်သော်လည်း အနားမှာရှိသော ဂုဏ်ရည်တူမိန်းကလေးတွေထက် သာမန်မိန်းကလေးတစ်ယောက်ကို သဘောကျခဲ့မိတဲ့ "အက္ခရာမောင်" ငယ်စဥ်ကတည်းက မိဘမဲ့ခဲ့တဲ့အပြင် ကျောင်းမှာလည်းဆိုးသွမ်းလွန်းလို့ တစ်ကျောင်းလုံးက "နတ်ဆိုး"ခေါ်ခံရတ...