အခန်း(၈)

75 4 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၈)💖

ရင်ထဲမှာခံစားနေရတဲ့ဝေဒနာက အမည်ဖော်လို့တောင်မှမရခဲ့။ ပူလောင်တယ်… ပူလောင်နေတာတောင်မှ ရင်ထဲမှာ မီးပုံကြီးတစ်ခုရှိနေသလိုမျိုး ပူလောင်နေခဲ့တာ။
အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်သာလမ်းလျှောက်နေတာ စိတ်ထဲမှာ လမ်းလျှောက်နေတယ်လို့တောင်မှ မထင်ခဲ့။ သူမအပေါ် နတ်ဆိုးက ဘာလို့ အဲ့လောက်တောင် နိုင်စားနေရတာလဲ။ ဘယ်လိုတွေများ ပတ်သက်မှုတွေရှိနေခဲ့လို့ အခုလိုဆက်ဆံရတာလဲ။ နတ်ဆိုး သူမလက်ကိုဆွဲကာ သူ့ရှေ့ကနေ ထွက်သွား တဲ့ပုံကို သူ့မျက်လုံးထဲကနေ ဘယ်လိုမှ ဖျောက်လို့မရခဲ့။ သူမပုံစံက နတ်ဆိုးရဲ့အကျဉ်းသားတစ်ယောက် လိုမျိုး ဖြစ်နေခဲ့လေသည်။
တိမ်လွှာ ကိုကို့ကိုကြည့်ကာ ဘယ်လိုဖျောင်းဖျပေးရမှန်းမသိခဲ့။ ကိုကို အရမ်းပဲခံစားနေရမယ်ဆိုတာ သူသိပါတယ်။
“ကိုကို…”
ခရာ ညီ့ကိုတစ်ချက်လှည့်ကြည့်လိုက်ကာ
“ညီ… ကိုကိုဘယ်လိုလုပ်ရမှာလဲ…”
တိမ်လွှာ သက်ပြင်းတစ်ခုကိုသာသာလေးချလိုက်မိလေတော့သည်။ သူ ကိုကို့ကို ဘယ်လိုကူညီရမလဲ ဆိုတာ စဉ်းစားလို့မရသေး။ ကူညီချင်ပါတယ်… သူ ကိုကို့ကို တကယ်ပဲကူညီချင်တာ။
“ညီ ကိုကို့အတွက်ပဲ စဉ်းစားပေးနေတာပါ ကိုကို… ကိုကို ငြိမ်ငြိမ်လေးထိုင်နေပါဦးလား… ကိုကို့ပုံစံက ဘယ်လောက်တောင်ခံစားနေရလဲဆိုတာ ညီနားလည်ပါတယ်… ညီတို့ အတူတူစဉ်းစားကြတာပေါ့ ကိုကိုရယ်…”
ခရာ ညီ့ဘေးကခုံမှာဝင်ထိုင်လိုက်ကာ ညီ့ကို အားကိုးတကြီးကြည့်လိုက်မိတော့သည်။
“ပြောပါဦး ညီရယ်… ကိုကိုတော့ ရင်တွေပူနေပြီ… နတ်ဆိုးနဲ့ဆွေး ဘယ်လိုပတ်သက်တယ်ဆိုတာ ကိုကိုသိရမှ ဖြစ်တော့မယ်…”
တိမ်လွှာ ကိုကို့စကားကိုနားထောင်ကာ ခေါင်းတစ်ချက်ငြိမ့်လိုက်မိလေသည်။ ဟုတ်ပါတယ်… ကိုကိုက ဆွေးအရိပ်နဲ့ပတ်သက်ပြီး နာမည်ကလွဲလို့ ဘာကိုမှမသိဘဲနဲ့ ချစ်ခဲ့မိတာ။
“ညီ့သူငယ်ချင်းတစ်ယောက်ကို ညီ စုံစမ်းခိုင်းထားတယ် ကိုကို… ခဏလောက်စောင့်ပါဦး… နောက်ပြီး ကိုကို့ကို ညီတစ်ခုမေးချင်တာက တကယ်လို့ နတ်ဆိုးနဲ့ဆွေးအရိပ်တို့သာ တစ်ခုခုပတ်သက်ခဲ့မယ်ဆိုရင် ကိုကိုဘယ်လိုလုပ်မှာလဲ…”
သူ့စကားကိုနားထောင်ကာ ကိုကိုမျက်နှာပျက်သွားလေသည်။ ဒါပေမယ့် တစ်ခုခုကို သေချာဆုံးဖြတ် ထားခဲ့ပြီးသည့်ပုံဖြင့် သူ့ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး
“အဲ့ဒီ့ပတ်သက်မှုက ဘယ်လိုမျိုးလဲဆိုတာကို ကိုကိုသိချင်ခဲ့တာ… ကိုကို့ဘက်က ရှေ့ဆက်တိုးလို့မရနိုင် တော့မယ့် အခြေအနေဆိုရင်တောင်မှ ကိုကို ဆွေးကို ထာဝရချစ်သွားမှာ ညီ…”
ပတ်သက်မှုဆိုတာ ဒီလောက်အထိရှုပ်ထွေးနေခဲ့တာလား။ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဘယ်လို မျိုးသော အခြေအနေတွေက ဝေးကွာခြင်းတွေကို သယ်ဆောင်လာစေခဲ့တာလဲ။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီး တိမ်လွှာ သူငယ်ချင်းတစ်ယောက်ကို စုံစမ်းခိုင်းထားခဲ့ပြီးပြီဖြစ်သည်။ နတ်ဆိုးနဲ့ ဆွေးအရိပ်တို့က ဘယ်လို ပတ်သက်တာလဲ။ အဲ့ဒီ့နေ့က အဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် နတ်ဆိုးကို ဆွေးအရိပ်က ကြောက်ရသည့်ပုံ။ နတ်ဆိုးနောက်ကို အရုပ်လေးတစ်ရုပ်လိုမျိုး ဆွေးအရိပ်ပါသွားပုံမှာ ကိုကို့ရင်ထဲက ဒဏ်ရာကို ပိုပြီးနာကျင်စေခဲ့သည်။
“ညီ့ဘက်ကရော ကိုကို့အတွက် ဘယ်လိုစဉ်းစားထားလဲ…”
တိမ်လွှာ လက်ထဲကဖုန်းကိုကြည့်လိုက်ပြီးမှ ကိုကို့ဆီသို့ အကြည့်တွေရောက်သွားကာ
“အကောင်းဆုံးပေါ့ ကိုကိုရယ်… ကိုကို့အတွက် ညီက အကောင်းဆုံးကိုပဲ စဉ်းစားထားတာပါ…”
“ကျေးဇူးတင်ပါတယ်ညီ…”
ခရာ ခေါင်းငြိမ့်လိုက်ပြီး အကြည့်တွေကို အခန်းအပြင်သို့ လွှဲလိုက်မိလေသည်။ ဒီအချိန်ဆို မေမေက အိမ်မှာမရှိတတ်လို့သာ သူတို့ညီအစ်ကိုနှစ်ယောက် အခုလို စကားအေးအေးဆေးဆေးပြောနိုင်တာ။ မေမေရှိရင် မေမေ့စကားတွေကို နားထောင်နေရတာနဲ့ သူတို့မှာအချိန်မရှိခဲ့။
“တီ… တီ… တီ…”
လက်ထဲကနေ အသံထွက်လာတဲ့ဖုန်းကြောင့် တိမ်လွှာကြည့်လိုက်လေသည်။ အခုမှပဲ သူမျှော်နေတဲ့ဖုန်းက လာတော့သည်။ ဖုန်းသံကြောင့် ကိုကိုကလည်း သူ့ကိုစိတ်ဝင်တစား လှည့်ကြည့်လာခဲ့၏။
“ဟယ်လို…”
“တိမ်လွှာ… ငါပါ…”
“အေး ငါသိတယ်… အခြေအနေဘယ်လိုလဲ… ”
“သူတို့နှစ်ယောက်က ဘာမှမတော်ဘူး… ဒါပေမယ့် တစ်အိမ်ထဲမှာနေကြတာ…”
“ဟင်… မင်းပြောတာ ဘာအဓိပ္ပာယ်လဲ…”
“ဟုတ်တယ် တိမ်လွှာ… သူတို့တစ်အိမ်ထဲနေကြတာတော့ အမှန်ပဲ… အဲ့ဒီ့အိမ်မှာ အဒေါ်ကြီး တစ်ယောက်ရယ် နတ်ဆိုးရယ် အဲ့ဒီ့ကောင်မလေးရယ်ပဲရှိကြတာ…”
“မင်း ပတ်ဝန်းကျင်က လူတွေဆီကနေပြီးတော့ရော ဘာတွေ စုံစမ်းလို့ရခဲ့လဲ…”
“နတ်ဆိုးတို့က အဲ့ဒီ့ရပ်ကွက်ထဲကိုပြောင်းလာတာသိပ်မကြာသေးဘူးတဲ့ကွ… သိပ်မကြာသေးဘူးဆိုပေမယ့် လည်း နှစ်နဲ့တော့ချီပြီပေါ့ကွာ… ဒါပေမယ့် သူတို့က ဘယ်သူနဲ့မှ ပတ်သက်ဆက်ဆံမှုသိပ်မရှိကြဘူးလို့ ကြားထားတယ်… အဲ့ဒီ့အိမ်က အဒေါ်ကြီးက သိပ်ပြီးမောက်မာတဲ့ပုံပဲ…”
သိချင်တဲ့အကြောင်းအရာနဲ့ သိနေတဲ့အကြောင်းအရာ ဆက်စပ်နေပေမယ့် သူလိုချင်သော သတင်း အတိအကျမဟုတ်သဖြင့် တိမ်လွှာ အလိုမကျမိတာတော့အမှန်ပင်။
ညီနဲ့သူ့သူငယ်ချင်းက ဘာတွေပြောနေမှန်းတော့ ခရာ မကြား။ ဒါပေမယ့် ညီ့ပုံစံက အလိုမကျသလို အ့ံသြနေသလိုလိုဖြစ်နေတော့ သူ စိတ်ဝင်စားသွားမိသည်။
“အဲ့ဒါဆိုရင် မင်းဆက်ပြီးစုံစမ်းပေးကွာ… နတ်ဆိုးနဲ့ ဆွေးအရိပ်ရဲ့ပတ်သက်မှုကို ငါ ဒီနေ့သိရမှကိုဖြစ်မှာမို့လို့ မင်းကျေးဇူးကိုမမေ့ပါဘူးကွာ…”
“တိမ်လွှာရာ… ငါတို့က အဲ့လိုပြောရမယ့်လူတွေမှမဟုတ်တာ… စိတ်ချပါ ငါ မင်းကို ဒီနေ့ သိရအောင်ကိုစုံစမ်းပေးမယ်…”
“ကျေးဇူးပါကွာ…”
“ဗျာ… အန်တီ တကယ်ပြောတာလား…”
တိမ်လွှာ ဖုန်းပြောနေရင်းနဲ့တောင် အံ့သြသွားသည်။ သူငယ်ချင်းဖြစ်သူက ဘယ်သူ့ကိုစကားတွေလှည့်ပြီး ပြောနေမှန်းမသိ။ တစ်ဖက်ကလူက အမျိုးသမီးတစ်ယောက်ဖြစ်ပုံရသည်။
“ဘာဖြစ်လို့လဲ … အသိနဲ့တွေ့လို့လား မင်းသူ…”
တိမ်လွှာမေးလိုက်ပေမယ့် သူငယ်ချင်းက ချက်ချင်းပြန်မဖြေဘဲ စကားတွေသာပြောနေလေသည်။ သူကြားနေရတာကတော့ ဆွေးအရိပ်ရဲ့နာမည်နဲ့ ရှိန်းအာကာဆိုတဲ့နာမည်။
“ဟယ်လို မင်းသူ…”
“ဟယ်လို တိမ်လွှာ… ငါအခုနည်းနည်းတော့သိရပြီကွ…”
“ဟင် ဟုတ်လား… မင်း ဘာတွေသိတာလဲ…”
ခရာ ညီတို့ပြောနေတာတွေကို အသာလေးငြိမ်ကာ နားထောင်နေမိလေသည်။
“တကယ်တော့ သူတို့နှစ်ယောက်က ဘာမှမတော်ဘူးတဲ့… ဟိုးငယ်ငယ်ကတည်းက ဆွေးအရိပ်က နတ်ဆိုးတို့အိမ်မှာနေလာတာ အခုချိန်ထိပဲ…”
“အင်း… ပြီးတော့ရော…”
“ဆွေးအရိပ်ကို နတ်ဆိုးက နိုင်လာတာ ဟိုးငယ်ငယ်ကတည်းကပဲ… ဆွေးအရိပ်ကလည်း အခုချိန်ထိ စကားတစ်ခွန်းတောင်မှ အာခံပြီးမပြောရဲခဲ့ဘူး…”
ကိုကိုသိရင် ဘယ်လောက်တောင်များ ခံစားနေရမယ်ဆိုတာ တိမ်လွှာမသိ။ ကြားနေရတဲ့သူတောင်မှ အလကားနေရင် ဒေါသတွေထွက်နေမိလေသည်။ အဲ့ဒါကြောင့် ဆွေးအရိပ်ပုံစံက အဲ့လိုပုံစံဖြစ်နေခဲ့တာ လား။ တစ်ယောက်ယောက်ရဲ့ အနိုင်ကျင့်မှုကြောင့် တစ်သက်လုံးမလန်းဆန်းနိုင်တဲ့ ပန်းတစ်ပွင့်လိုမျိုး ဖြစ်နေခဲ့တာ။
“နောက်ပြီးတော့… တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် နတ်ဆိုးနဲ့ ဆွေးအရိပ်တို့က မဖြစ်မနေယူရမယ့် လူတွေတဲ့…”
“ဘာ…”
“ညီ ဘာဖြစ်လို့လဲ…”
ဒီတစ်ခါ ထိတ်လန့်သွားမိသူကတော့ ခရာပါ။ ဟိုဘက်ကဘာတွေပြောလို့များ ညီက အခုလိုမျိုး အော်ကြီးဟစ်ကျယ်ဖြစ်သွားရတာလဲ။
“ဟုတ်တယ်… တိမ်လွှာ…”
“မင်းကိုဘယ်သူပြောတာလဲ မင်းသူ…”
“အဒေါ်ကြီးတစ်ယောက်ပဲကွ… သူကတော့ ဒီရပ်ကွက်မှာ နေတာကြာနေပြီတဲ့… နောက်ပြီး သူက နတ်ဆိုးရဲ့အမေနဲ့သူငယ်ချင်းတွေလို့ပြောတယ်…”
တိမ်လွှာ စဉ်းစားသွားတော့သည်။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထား။ သူ့အမေရဲ့သူငယ်ချင်း ကိုယ်တိုင်ကပြောတာဆိုတော့ ဖြစ်နိုင်တဲ့ရာခိုင်နှုန်းကများနေတာတော့ သေချာသည်။
“အင်း… ကျေးဇူးပဲ မင်းသူ…”
“ငါ ဘာမေးပေးရဦးမလဲ တိမ်လွှာ… အဲ့ဒီ့အဒေါ်ကြီးရှိနေသေးတယ်…”
“ရတယ် သူငယ်ချင်း… ငါ မမေးတော့ဘူး..”
“သြော်… အေးအေး တိမ်လွှာ…”
တိမ်လွှာ ဖုန်းချလိုက်ကာ သူ့ကို အားကိုးတကြီးကြည့်နေတဲ့ကိုကို့ဆီသို့ အကြည့်တွေရောက်သွားပြီးမှ အကြည့်တွေကို လွှဲလိုက်မိတောာ့သည်။
“ညီ… ဘာတဲ့လဲ…”
“၀ှူး…”
တိမ်လွှာ လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ပြီးမှ ကိုကို့ကိုပြန်ကြည့်လိုက်ကာ
“ယုံနိုင်စရာတော့မကောင်းဘူး ကိုကို…”
“ဘာမို့လို့လဲ ညီရယ်…”
ကိုကိုက အလွန်အမင်းသိချင်နေပြီဆိုတာ တိမ်လွှာသိပေမယ့် ပြောပြရမှာ ဆွံ့အနေမိတော့သည်။ သူကိုယ်တိုင်လည်း မယုံကြည်နိုင်ခဲ့။
“နတ်ဆိုးနဲ့ ဆွေးအရိပ်နဲ့က တစ်အိမ်ထဲ အတူတူနေကြတာတဲ့…”
“ဟင်… ဘယ်လို…”
ကိုကိုတောင်မှ ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။
“ဟုတ်တယ် ကိုကို… နောက်ပြီး… သူတို့နှစ်ယောက်က တစ်ချိန်ချိန်မှာ လက်ထပ်ရမယ့်လူတွေ…”
ဒီတစ်ခါတော့ ခရာ့ ပါးစပ်ကနေ ဘာအသံမှထွက်မလာတော့ဘဲ တိမ်လွှာ့ကိုသာ သေချာစိုက်ကြည့် နေတော့သည်။ ခရာ အံ့သြလွန်းသဖြင့် ပြောချင်တဲ့စကားလုံးတွေတောင်မှ ပါးစပ်ကနေ ထွက်မလာတော့။
“ညီ… ညီ ပြောတဲ့အဓိပ္ပာယ်က…”
တိမ်လွှာ စိတ်မကောင်းဖြစ်စွာဖြင့် ခေါင်းကိုငြိမ့်လိုက်မိလေသည်။
“ဟုတ်တယ် ကိုကို… ကိုကို သူ့ကိုပိုင်ဆိုင်ဖို့အတွက် မဖြစ်နိုင်တော့ဘူး… ဖြစ်နိုင်မယ်ဆိုရင်တောင်မှ ဘယ်လိုမှမလွယ်ကူနိုင်တဲ့ကိစ္စပဲ ကိုကို...”
ကိုကိုက သူ့ကိုမကြည့်တော့ဘဲ ကျောခိုင်းလိုက်ကာ ခေါင်းကိုအသာရမ်းရင်းကနေ
“ဟင့်အင်း… မဖြစ်နိုင်ဘူး ညီ… ကိုကို ကိုကို ဆွေးကို…”
ကိုကို့အဖြစ်က သနားစရာကောင်းလွန်တယ်လို့ တိမ်လွှာ တွေးလိုက်မိသည်။ သူ ကိုကို့အတွက် ဆက်ပြီးဘာလုပ်ပေးလို့ရမလဲကိုပါ သူ စဉ်းစားနေလိုက်မိသည်။
“ကိုကို…”
ခေါင်းထဲမှာ မူးပြီးတောင် နောက်လာခဲ့တော့၏။ ပိုင်ဆိုင်မယ်လို့ကြိုးစားမယ်ဆိုမှ ဆုံးရှုံးမှုက ကြိုဆီးနေ တော့ သူ့ရင်ထဲက မီးပုံကြီးဟာ တငွေ့ငွေ့နဲ့လောင်ကျွမ်းနေပြီဖြစ်သည်။ ဟင့်အင်း… သူ ဆွေးကို ဘယ်လိုနည်းနဲ့မှ စွန့်လွှတ်မှာမဟုတ်ဘူး။ နတ်ဆိုးလက်ထဲက လုယူသင့်ရင် သူလုယူရတော့မှာပဲ။
“ကိုကို ဘာတွေတွေးနေတာလဲ…”
ညီက သူ့လက်ကိုလာကိုင်ကာလှုပ်ပြီးမေးလိုက်တော့မှ သူ အသိပြန်ဝင်လာတော့သည်။
“ညီ…”
ကိုကို့မျက်နှာက မိုးရွာခါနီး တိမ်တွေညိုမှိုင်းနေသလိုမျိုးဖြစ်နေလေသည်။ ကိုကို့ရင်ထဲမှာ ဘယ်လောက်တောင် နာကျင်နေပြီလဲဆိုတာ သူ မေးစရာတောင်မှ မလိုတော့။
“ကိုကို … ညီ့အထင်ပြောရရင် ဆွေးအရိပ်က နတ်ဆိုးကို သဘောကျတဲ့ပုံမပေါ်ပါဘူး ကိုကိုရယ်… ကိုကို့ဘက်က အခုလိုဖြစ်နေလို့ ဘယ်ဖြစ်မလဲ… နောက်ပြီး သူတို့က လက်ထပ်ရသေးတာမှမဟုတ်တာ ကိုကို့မှာ ကြိုးစားပိုင်ခွင့်အပြည့်ရှိသေးတယ်… ကိုကို အားမလျှော့လိုက်ပါနဲ့…”
ညီက သူ့ကိုအားပေးစကားပြောနေပေမယ့် သူ ဟန်ဆောင်ပြီးတောင်မှ မပြံုးနိုင်ခဲ့ပါ။
“နတ်ဆိုးနဲ့ ဆွေးတို့က တစ်ချိန်ချိန်မှာ လက်ထပ်ရမယ့်လူတွေဆိုတာ ကိုကို မယုံဘူး ညီ…”
ကိုကို့စကားကို သူ လက်ခံပါတယ်။ ကိုကို့စိတ်ထဲမှာ ပိုင်ဆိုင်ဖို့ပဲသိတော့ ဆုံးရှုံးမှုကို ဘယ်လက်ခံနိုင်ပါ့မလဲ။ အခုမှ ကြိုးစားမယ်ဆိုပြီး ခြေလှမ်းတစ်လှမ်းစလိုက်တုန်းမှာပဲ အရှုံးက ဆီးကြိုနေခဲ့တော့ ကိုကို ဘယ်ခံနိုင်ရည် ရှိပါ့မလဲ။
“ညီ နားလည်ပါတယ် ကိုကို… ကိုကို ဘာမှမပူပါနဲ့… ဒီနေ့သိခဲ့ရသမျှ သတင်းတွေဟာ ကောလဟာလလို့ပဲ ကိုကိုတွေးပြီးနေလိုက်ပါ… ကိုကို့အတွက် ညီကိုယ်တိုင် ပြန်စုံစမ်းပေးပါ့မယ်…”
ခရာ ညီ့ကိုခေါင်းရမ်းပြလိုက်ကာ
“ဟင့်အင်း… ကိုကို ကိုယ်တိုင်ပဲစုံစမ်းမယ် ညီ… ညီ့ကို ကိုကိုဒုက္ခမပေးတော့ပါဘူး…”
တိမ်လွှာ ကိုကို့မျက်နှာကိုသေချာကြည့်လိုက်ကာ
“မဖြစ်ဘူး ကိုကို… မေမေသိသွားရင် ကိုကိုလွယ်မှာမဟုတ်ဘူး… ”
ညီက သူ့အတွက် စိုးရိမ်စွာပြောနေပေမယ့် ခရာ ဂရုမစိုက်နိုင်တော့။ မေမေ့ကို လွန်ဆန်ဖို့ ခွန်အားတွေ ရလာတာမဟုတ်ပေမယ့်လည်း သူမအတွက်တော့ သူ စွန့်စားရတော့မှာပဲ။ ဒါဟာ မေမေ့အာဏာဖြစ်ခဲ့ရင် တောင်မှပေါ့။
ဟန်ဆောင်မှုတွေနဲ့ပြည့်နှက်နေတဲ့ နှလုံးသားတစ်စုံက သူမနဲ့တွေ့မှ စစ်မှန်သော ခံစားချက်တွေဖြစ်ပေါ်လာခဲ့တာကို သူမကတော့ သိနိုင်မှာမဟုတ်ပါဘူး… ဒါပေမယ့် ကျွန်တော် သူမကို ချစ်တယ်…
💕💕💕💕💕💕💕
“ကျေးဇူးတင်ပါတယ် အဒေါ်… ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး…”
“အေးပါကွယ်…”
မင်းသူ ကားပေါ်တက်ပြီးထွက်သွားတော့မှ ရှိန်း လမ်းကြားလေးထဲကနေ ထွက်လာလိုက်လေသည်။ ဒေါ်အေးမြ ရှိန်းကိုမြင်တော့ ပြံုးလိုက်ပြီး
“ဘယ်လိုလဲ ငါ့တူ အဒေါ်တော်တယ်မို့လား…”
ရှိန်း ပြံုးပြီး ခေါင်းငြိမ့်လိုက်ကာ အိတ်ကပ်ထဲက ပိုက်ဆံအိတ်လေးကိုထုတ်လိုက်ပြီး တစ်သောင်းတန် တစ်ရွက်ထုတ်လိုက်ပြီး ဒေါ်အေးမြကိုပေးလိုက်လေသည်။
“ကျေးဇူးပဲ ဒေါ်အေးမြ…”
“အဒေါ်က ငါ့တူပြောသလို သရုပ်ဆောင်နေတာကို သူတကယ်ယုံသွားတယ်… ငါ့တူနဲ့ ဆွေးက တစ်ချိန်ချိန်မှာ လက်ထပ်တော့မယ်လည်းဆိုရော သူ့မျက်နှာက သွေးမရှိတော့သလို ဖြူဖတ်သွားတာပဲ ငါ့တူရယ်…”
ဒေါ်အေးမြဆိုသူက သူမကြံုတွေ့ခဲ့တာတွေအားလုံးကို အားရပါးရတွေပြောနေလေသည်။
“သူ့ဆီကိုဖုန်းလာတော့လည်း သူက အဲ့ဒီ့အကြောင်းတွေပြန်ပြောပြနေသေးတာကွဲ့… ကြည့်ရတာ သူ့ကိုလည်း တခြားတစ်ယောက်ယောက်က စုံစမ်းခိုင်းတာဖြစ်ရမယ်…”
“ဟုတ်ကဲ့ ဒေါ်အေးမြ… တကယ်တော့ သူတို့က ပိုက်ဆံသာရှိတာ လူကောင်းတွေမဟုတ်ကြဘူး… ကျွန်တော်နဲ့ကလည်း ရန်ဘက်တွေ… အရိပ်ကိုလည်း ကြိုက်နေတာ… အဲ့ဒါကြောင့် ကျွန်တော်နဲ့ အရိပ်အကြောင်းကို လိုက်စုံစမ်းနေကြတာ…”
“သြော်… အဲ့ဒီ့လိုလား…”
ဒေါ်အေးမြက နားလည်သွားသည့်ပုံဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။
“ဒီခေတ်လူငယ်တွေကိုတော့ အဒေါ်လည်း သိပ်ပြီးနားမလည်ပါဘူးကွယ်… ကဲပါ ဒါဆို အဒေါ် သွားတော့မယ် ငါ့တူ…”
“ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ် အဒေါ်…”
“ရပါတယ်ကွယ်… တစ်ရပ်ကွက်တည်းသားချင်းတွေပဲ ကူညီရမှာပေါ့… နောက်လည်းလိုအပ်ရင်ပြောပါ…”
“ဟုတ်ကဲ့…”
ရှိန်း ပိုက်ဆံအိတ်ကို အိတ်ကပ်ထဲပြန်ထည့်လိုက်ကာ သဘောကျစွာပြံုးလိုက်မိတော့သည်။ ဒေါ်အေးမြက တကယ်ပဲ သရုပ်ဆောင်တော်တာဆိုတော့ ဟိုကောင်က တကယ်ယုံသွားခဲ့တာဖြစ်သည်။ သိသားပဲ… ဒီလိုတွေစုံစမ်းလာတော့မယ်ဆိုတာကို အဲ့ဒါကြောင့်လည်း သူ့ဘက်က ကြိုပြီး ကာကွယ်ထားတာ။
မင်းတိမ်လွှာက အရိပ်ရဲ့အကြောင်းကိုစုံစမ်းခိုင်းတယ်ဆိုတော့ အရိပ်ကိုကြိုက်နေတာက မင်းတိမ်လွှာလား။ ဒါဆို အဲ့ဒီ့နေ့က သူနဲ့အတူတူထွက်သွားတဲ့လူက ဘယ်သူလဲ။ မင်းတိမ်လွှာရဲ့သူငယ်ချင်းပဲလား။ နောက်ကနေမြင်လိုက်ရတဲ့ပုံစံက သူ့သူငယ်ချင်းတွေထဲက တစ်ယောက်နဲ့မှတော့မတူဘူး။ ဒါပေမယ့် သူ့သူငယ်ချင်းသာဆို သူသိရမှာပေါ့။
ဒီအရပ်… ဒီပုံစံနဲ့လူမျိုးတော့ မင်းတိမ်လွှာရဲ့သူငယ်ချင်းတွေထဲမှာ တစ်ခါမှမမြင်ဖူးဘူး။ ဘယ်သူလဲ… ရှိန်း တကယ်ကို စဉ်းစားလို့မရခဲ့။ သူက တစ်ကျောင်းလုံးရဲ့အော့ကြောလန်ဆိုတော့ တော်တော်များများက သူ့ကို သိသလို သူကလည်း တော်တော်များများကို သိခဲ့တာပဲ။ ဘယ်လောက်တောင်သိသလဲဆိုရင် လူတစ်ယောက်ကို နောက်ကနေမြင်ရုံနဲ့ ဘယ်သူလဲဆိုတာအထိ သိတာ။ ဒီတစ်ယောက်ကိုတော့ သူ တစ်ခါမှမမြင်ဖူးဘူး။ အပြင်ကလူလား။ အပြင်ကလူဆိုရင်လည်း မင်းတိမ်လွှာနဲ့ဘယ်လိုပတ်သက်တာလဲ။
ကျွတ်… စဉ်းစားလို့မရလေ စိတ်တိုလာလေဖြစ်လာတော့သည်။ အရိပ်ကို လုယူမယ့်လူဆိုတာကိုသိပေမယ့် ဘယ်သူလဲဆိုတာကို ရေးရေးလေးတောင်မှ တွေးလို့မရခဲ့။ အဲ့ဒါကိုက အရိပ်ကို စွန့်လွှတ်ရမယ့် အားနည်းချက်ဆိုရင် သူ အရိပ်ကို ဆုံးရှုံးရတော့မှာအမှန်ပင်။ အဲ့လိုတွေစိုးရိမ်လွန်းလို့လည်း အရိပ်ကို ကျောင်းမသွားခိုင်းတော့တာ နှစ်ရက်ရှိနေပြီ။ ကျောင်းကကောင်ဆိုရင်တော့ အရိပ်ရဲ့အခန်းအနားကို ရောက်လာမှာပဲ။ အဲ့ဒီ့အတွက်လည်း သူ စီစဉ်ထားပြီးသား။ အရိပ်ရဲ့အခန်းထဲမှာ အရိပ်ကိုစောင့်ကြည့်ဖို့ သူငယ်ချင်းတစ်ယောက်ရဲ့ ညီမရှိတယ်။ ဒါပေမယ့် ဘယ်သူစိမ်းမှ အခန်းအနားကိုရောက်မလာဘူးတဲ့။ အဲ့ဒီ့အချက်ကြောင့်ပဲ အပြင်ကလူဆိုတာ သေချာသလိုရှိလာခဲ့တာ။
အရိပ်ကိုလည်း ဘာမှမေးလို့မရ။ မေးမယ်လို့ စကားလေးတစ်ခွန်းဟလိုက်မိတာနဲ့ သူမမျက်လုံးထဲက သူ့ကို ကြောက်ရွံ့မှုတွေကို သူမုန်းလွန်းလို့ မမေးရက်ခဲ့။ သူ့အသံကြားတာနဲ့ ကြောက်နေတတ်တဲ့အရိပ်ကို သူ ဘယ်လိုလုပ်ပေးရမှန်းမသိ။ ဟိုးငယ်ငယ်ကတည်းက ဒီလိုပုံစံမျိုးနဲ့ရှင်သန်လာခဲ့တဲ့သူဆိုတော့ ပြင်ပေးဖို့ဆိုတာ သူ့အတွက်မလွယ်သလို အရိပ်အတွက်ကလည်း ခက်ခဲခဲ့သည်။
“သားရေ… သား…”
အိမ်ထဲကနေ မေမေရဲ့ခေါ်သံကြောင့် ရှိန်း အိမ်ထဲကိုအပြေးလေးဝင်လိုက်လေသည်။ ခုနက အပြင်မှာ မင်းတိမ်လွှာရဲ့သူငယ်ချင်းရောက်နေတာကြောင့် အိမ်ရှေ့တည့်တည့်မှာဆိုတော့ သူ့ဆီလာမှန်းသိတာနဲ့ သူလည်းအပြင်ကိုအသာလေးထွက်ပြီး ဒေါ်အေးမြကို အကူအညီတောင်းခဲ့ရတာ။
“မေမေ ဘာဖြစ်လို့လဲ…”
မေမေက အိမ်ရှေ့ထွက်လာသဖြင့် သူနဲ့မေမေ အိမ်ရှေ့တံခါးပေါက်မှာပင် ဆုံသွားကြသည်။
“မိဆွေးကို ဘာလို့အပြင်မထွက်ခိုင်းတာလဲ…”
“ကိစ္စရှိလို့ပါ မေမေ…”
“ဘာမို့လို့လဲ သားရယ်…”
မေမေယုံအောင် ဘယ်လိုပြောရမလဲ ရှိန်းစဉ်းစားလို့မရခဲ့။ မတတ်နိုင်ဘူး ဘာသံသယမှမဝင်အောင်တော့ ပြောရမှာပဲ။
“ကျောင်းမှာ ကောင်တစ်ကောင်က အရိပ်ကို ရည်းစားစကားလိုက်ပြောနေလို့ တမင်သက်သက် ကျောင်းကိုပါ မတက်ခိုင်းတော့တာ မေမေ … ဘာမှမပူပါနဲ့ သားကြည့်ရှင်းလိုက်ပါ့မယ်…”
မေမေက နားမလည်သည့်ပုံဖြင့် သူ့ကိုကြည့်ကာ
“အခု မေမေကော်ဖီသောက်ချင်လို့ မိဆွေးကို ဖျော်ခိုင်းမလို့ပါဆို သားရယ်…”
ရှိန်း မေမေ့ပခုံးကိုဖက်လိုက်ကာ
“လာပါ မေမေရာ… မေမေ့ကို သားကိုယ်တိုင်ဖျော်တိုက်ပါ့မယ်…”
မေမေက မယုံကြည်နိုင်သော မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ
“သား တကယ်ပြောတာနော်…”
ရှိန်း ပြံုးပြီးခေါင်းငြိမ့်လိုက်လေသည်။ ကဲ… အရိပ်ကိုယ်စား ဒီနေ့တော့ မေမေ့ကို သူ ကော်ဖီ ဖျော်တိုက်ရတော့မယ်။ အရင်နေ့တွေတုန်းကတော့ အရိပ်ကသာ မေမေ့ကို ကော်ဖီဖျော်တိုက်တာမို့လို့ သူဖျော်ပေးစရာမလိုပါ။ ထို့နောက် ရှိန်းတို့သားအမိနှစ်ယောက် အိမ်ထဲသို့ ၀င်သွားကြလေတော့သည်။
💕💕💕💕💕💕💕
ဘာများ မှားလို့လဲလို့ ဆွေး ကိုလေးကိုမမေးရဲခဲ့ပါ။ ဒါပေမယ့် ဆွေး ဒီအခန်းထဲမှာပိတ်မိနေခဲ့တာ နှစ်ရက် မကတော့ပေ။ အန်တီခင်လည်း အိမ်မှာမရှိ။ ခရီးထွက်သွားသည်ထင်သည်။ နေ့လည် ဆယ့်နှစ်နာရီတောင် ထိုးပြီပဲ။ ဗိုက်ထဲကနေလည်း တဂွီဂွီနဲ့အော်မြည်လာခဲ့လေသည်။
ဆွေး ငိုချင်တဲ့စိတ်ကိုမနည်းမြိုသိပ်ထားရလေသည်။ အခုတလော အိမ်နားကိုရောက်ရောက်လာတတ်တဲ့ လူစိမ်းတစ်ချို့... နောက်ပြီး အနက်ရောင်မှန်လုံကားတစ်စီး... အဲ့ဒါတွေဟာ မင်းသားနဲ့ပတ်သက်နေတဲ့ လူတွေလား။ မဖြစ်နိုင်တဲ့အရာကိုမှ ရှင်ကလိုချင်ခဲ့တာလား ရှင်ရယ်။ ဆွေးလိုမျိုး သူများအိမ်က အကျဉ်းသားတစ်ယောက်နဲ့ ရှင့်လို့မင်းသားတစ်ပါးက မတန်မရာပဲဆိုတာ ရှင်သိသင့်တယ်။ အခုတော့ ရှင့်ကြောင့် ဆွေးလည်း ကျောင်းမတက်ရဘူး။ ရှင်ရော... အခု ဘယ်လိုဖြစ်နေပြီလဲ။ ဆွေး အခုလို ဖြစ်နေတာကို ရှင်သိမှာမဟုတ်ပေမယ့် ရှင်ကတော့ ရှင့်အလုပ်ရှင် အေးအေးဆေးဆေး လုပ်နေလောက်ပြီ ပေါ့။ တကယ်ဆိုရင် ရှင် ဆွေးနဲ့ လာပြီးမပတ်သက်သင့်ဘူး။ အခုတော့ ရှင့်ကြောင့် ဆွေး မိဘတွေကိုရှာဖို့ လည်း လွယ်ကူမှာမဟုတ်တော့ဘူး။ ကိုလေးက ဆွေးကို အိမ်ထဲကနေ အိမ်ပြင်တောင်ထွက်ခိုင်းတော့မှာ မဟုတ်ဘူး။
"ဒေါက်... ဒေါက်..."
တံခါးခေါက်သံကြောင့် ဆွေး လန့်သွားကာ မျက်လုံးပြူးသွားလေသည်။
"အရိပ် တံခါးဖွင့်ဦး..."
ဆွေး အမြန်လေးထလိုက်ကာ တံခါးသွားဖွင့်လိုက်လေသည်။ ကိုလေးလက်ထဲမှာ ထမင်းပန်းကန်နဲ့ ဟင်းပန်းကန်တွေကို တွေ့လိုက်ရသဖြင့် ဆွေး အ့ံသြသွားကာ
"ကိုလေး ဒါတွေက..."
"အရိပ်အတွက်..."
ကိုလေးမျက်နှာက တစ်စုံတစ်ခုအပေါ် ကျေနပ်နေသည့်ပုံပင်။ အရင်နေ့တွေက ကိုလေးက အခုလိုမျိုး ထမင်းလာပို့တာမဟုတ်သဖြင့် ဆွေးအ့ံသြနေတာဖြစ်သည်။
"တံခါးပြန်ပိတ်လိုက်..."
ဆွေး ခေါင်းငြိမ့်ကာ တံခါးပြန်ပိတ်လိုက်တော့
"လာ ထမင်းလာစား..."
ကိုလေးက ခုနကဆွေးထိုင်နေတဲ့နေရာမှာထိုင်နေသဖြင့် ဆွေး ခွေးခြေခုံလေးမှာထိုင်လိုက်ပြီး စားပွဲပေါ်မှာ တင်ထားတဲ့ ဆွေးတို့မိသားစုပုံလေးကိုသေချာကြည့်နေတဲ့ ကိုလေးကိုမော့ကြည့်လိုက်ကာ
"ကိုလေး..."
ကိုလေးက ဆွေးကိုလှည့်မကြည့်ဘဲ ပုံကိုပဲသေချာကြည့်နေလေသည်။
"ဘာလဲ ထမင်းစားလေ..."
"ဆွေးကို ဘာလို့..."
"ဘာလဲ ကျောင်းမသွားခိုင်းတာလဲ မေးမလို့လား..."
ဆွေး ခေါင်းငုံ့သွားတော့ ရှိန်း အလိုမကျစွာနဲ့ ဓာတ်ပုံဆီကနေ အကြည့်တွေကိုခွာလိုက်လေသည်။
"အဲ့ဒီ့နေက မင်းတိမ်လွှာနဲ့အတူထွက်သွားတဲ့လူက ဘယ်သူလဲဆိုတာ အရိပ် တကယ်မပြောပြဘူးလား..."
ဆွေး လိမ်ပါရစေ ကိုလေးရယ်... ဆွေးအမှန်အတိုင်းပြောလိုက်ရင် ကိုလေး သူ့ကို ရန်သွားရှာမှာကို ဆွေး မလိုချင်လို့ပါ။ ဆွေး တောင်းပန်ပါတယ်။
"အရိပ်..."
ပြောချင်တဲ့စကားတွေကများလွန်းနေတော့လည်း နှုတ်ခမ်းဝမှာတင် ပျောက်ဆုံးသွားကြလေသည်။ ဆွေးကို ကျောင်းမသွားခိုင်းတာ ဝဏ္ဏဆိုတဲ့ကောင်ကြောင့်လည်းပါတယ်။
"ဆွေး တကယ်မသိတာပါ ကိုလေးရယ်..."
"ဒါဆို သူတို့အရိပ်ကို ဘာတွေပြောကြတာလဲ..."
"ဟင့်အင်း... ဘာမှမပြောပါဘူး... ဆွေး စာကြည့်တိုက်ကနေပြန်လာတော့ ဗိုက်နာနေတာနဲ့ အိမ်သာ သွားတက်နေမိတာ... အဲ့ဒီ့ကပြန်လာပြီး ကိုလေးစောင့်နေတဲ့နေရာရောက်တော့ ကိုမင်းတိမ်လွှာတို့နဲ့ တွေ့တာပါ... သူတို့ဆွေးကိုဘာမှမပြောပါဘူး ကိုလေးရယ်... ဆွေးကို ကျောင်းသွားခွင့်ပေးပါနော် ဆွေး တောင်းပန်ပါတယ်..."
မဟုတ်ဘူး အရိပ်... မင်း ကိုယ့်ကိုလိမ်နေတာ ကိုယ်သိတယ်။ သူတို့ မင်းကိုဘာမှမပြောဘူးဆိုရင် ကိုယ်လာမှ သူတို့တွေဘာလို့ အလျင်အမြန်ထွက်သွားကြတာလဲ။ မင်း လိမ်နေတာ အရိပ်။ သူမလိမ်နေမှန်း သိပေမယ့် လိမ်နေတယ်လို့ ရှိန်း ပြောမထွက်ခဲ့ပါ။ အရိပ်ကတော့ ငြိမ်သက်စွာ သူ့ကိုကြည့်နေလေသည်။ သူ အရိပ်မသိအောင် သက်ပြင်းကိုအသာလေးချလိုက်မိတော့၏။
"ကောင်းပြီလေ... ဒါဆို အရိပ် ကိုယ့်ကိုကတိတစ်ခုပေး... အဲ့ဒါဆိုရင် အရိပ်ကို ကျောင်းပြန်တက်ခိုင်း မယ်..."
"ဟင် တကယ်လား ကိုလေး... ပြောပါ ဘာကတိပဲဖြစ်ဖြစ် ဆွေး ပေးပါ့မယ်..."
သူမပုံစံက အရမ်းကိုပျော်နေတော့ သူ့စိတ်ထဲမှာလည်း ကြည်နူးသွားသလိုလို။
"မင်းတိမ်လွှာနဲ့ လုံးဝမပတ်သက်ပါနဲ့... တကယ်လို့ စကားလာပြောခဲ့ရင်လည်း ကိုယ့်ကိုပြောပြရမယ်..."
"ဟုတ် ဆွေး ကတိပေးပါတယ် ကိုလေး..."
"ဟင့်အင်း... အရိပ် သူနဲ့လုံးဝမပတ်သက်ရဘူး... သူစကားလာပြောလည်း လုံးဝပြန်မပြောရဘူး... ရှင်းရှင်း ပြောမယ် အရိပ်ရာ... အရိပ်ကိုသူ့ရဲ့အနားမှာကို လုံးဝမမြင်ချင်ဘူး..."
"ဟုတ် ရပါတယ်... အရိပ် အခန်းထဲကနေ လုံးဝမထွက်တော့ပါဘူး ကိုလေးရယ် အရိပ်ကို ကျောင်းတက် ခွင့်ပဲပေးပါနော်..."
အရိပ်က ကတိတွေပေးကာ ကျောင်းတက်ခွင့်ကိုပဲ အတင်းတောင်းနေလေတော့သည်။
"နေပါဦး... ဘာလို့ဒီလောက်တောင် ကျောင်းတက်ချင်နေရတာလဲ..."
အရိပ်ရဲ့အကြည့်တွေက စားပွဲပေါ်ကဓာတ်ပုံဆီသို့ရောက်သွားကာ
"ဆွေး ဖေဖေနဲ့မေမေ့ကိုတွေ့ချင်လို့ပါ... ဖေဖေနဲ့မေမေကို ဆွေး လိုက်ရှာချင်တယ် ကိုလေး..."
အရိပ်ရဲ့စကားကြောင့် သူ တကယ်ပဲငိုင်သွားလေတော့သည်။ သူ လုံးဝမထင်ထားမိ။ အရိပ်ရဲ့မိဘတွေကို သူတို့သားအမိ မေ့ထားသလိုပဲ အရိပ်လည်း မေ့လောက်ပြီလို့ ထင်ထားခဲ့တာ။ အရိပ်ငယ်ငယ်ကတည်းက အဖြစ်အပျက်တွေဆိုတော့ အရိပ်လုံးဝမမှတ်မိနိုင်လောက်ဘူးလို့ တွေးထင်ထားခဲ့တာ... မဟုတ်ပါလား။
ဦးအောင်သူနဲ့ ဒေါ်ခင်ပိုးတို့ဟာ အရိပ်ရဲ့မိဘတွေဖြစ်သလို သူတို့မိသားစုနဲ့လည်း ရင်းနှီးသူတွေဆိုလည်း မမှားပါ။ အရိပ်ရဲ့အဖေနဲ့ ရှိန်းရဲ့ဖေဖေတို့က ငယ်သူငယ်ချင်းတွေဖြစ်သည်။ အရိပ်တို့မိသားစုကို အိမ်ပေါ် ခေါ်တင်လာခဲ့တာလည်း ဖေဖေပါပဲ။ ဖေဖေဆုံးသွားတော့မှ အရိပ်မိဘတွေနဲ့ မေမေ့ကြားမှာ ပြဿနာတွေ တက်လာခဲ့တာ။ မေမေက အရိပ်ရဲ့အဖေ ဦးအောင်သူကို ငွေအလွဲသုံးစားလုပ်တယ်ဆိုပြီး အိမ်ပေါ်ကနှင်ချ ခဲ့သည်။ အရိပ်မိဘတွေကလည်း ကိုယ့်ကျင့်တရားကိုအထိခိုက်မခံနိုင်ဘဲ ချက်ချင်းပင်ဆင်းသွားကြ လေသည်။ မေမေက အရိပ်ရဲ့မိဘတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ငွေတွေပြန်ပေးနိုင်မှ အရိပ်ကိုပြန်လာခေါ်ဖို့ ပြောခဲ့ပေမယ့် အခုချိန်ထိ အရိပ်ကို လာမခေါ်ခဲ့ပါ။
လူကြီးတွေဖြစ်ကြတဲ့ကိစ္စမှာ ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်ဆိုတာ ရှိန်းမသိပေမယ့် အရိပ်ကို တော့ ဘယ်ကိုမှမသွားစေချင်ခဲ့ပေ။ အဲ့ဒီ့ကတည်းက အရိပ်ကို သူ့ဘေးမှာပဲရှိစေချင်ခဲ့တာ။ အမြဲထာဝ ရှိသွားမယ်လို့လည်း သူယုံကြည်တယ်။ အတ္တကြီးတယ်ပဲပြောပြော သူကတော့ အရိပ်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်။
"ကိုလေး..."
"ဟင် ဘာလဲ..."
"အရိပ် ကိုလေးကို ကျေးဇူးတင်ပါတယ်..."
"ဘာအတွက်လဲ..."
ကိုလေးက ပါးစပ်ကသာအပြောကြမ်းတာ စိတ်ထားကောင်းတယ်ဆိုတာတော့ ဆွေး သိပါတယ်။
"ဆွေးကို ကျောင်းပြန်တက်ခွင့်ပေးလို့ပါ..."
"မင်းကို တက်ခိုင်းချင်လို့တက်ခိုင်းတယ်များ အောက်မေ့နေလား... ငါ့စာတွေကူးပေးခိုင်းမလို့... ငါ စာလိုက်မရေးတာ လေးရက်ရှိနေပြီ အဲ့ဒါ မင်းအကုန်ပြန်ကူးပေးရမှာ..."
"ဟုတ် ဆွေး ကူးပေးပါ့မယ်..."
"ပြီးရော ထမင်းစားတော့..."
"ဟုတ်..."
ကိုလေးထထွက်သွားတော့ ဆွေး ကိုလေးရဲ့ကျောပြင်ကိုငေးကြည့်ရင်းနဲ့ ပျော်ရွှင်စွာ ကျန်ခဲ့လေတော့သည်။
ရှိန်းရဲ့မျက်နှာမှာလည်း အပြံုးတွေဖြင့်။ သူမပျော်နေတာကို သူ မြင်လိုက်သားပဲ။ အဲ့လိုပါပဲ သူမက ပြံုးခဲသည်။ ပြံုးပြီဆိုရင်လည်း သူမအပြံုးကြောင့် ပန်းတွေတောင် ပွင့်လာနိုင်တယ်လို့ ရှိန်းထင်မိ၏။
ဘာပဲဖြစ်ဖြစ် အခုချိန်ကစပြီး အရိပ်ကို လုံးဝလွှတ်ထားလို့မဖြစ်တော့ပေ။ မင်းတိမ်လွှာကို သေချာသတိထား ရတော့မယ်။ ဝဏ္ဏကိုလည်းလွှတ်ထားလို့မရ သူ့ရှေ့မှာတောင် အရိပ်ကိုကြိုက်နေတဲ့အကြောင်း ပွင့်ပွင့် လင်းလင်းပြောရဲတဲ့ကောင်။ ဟင်... ငါ ဘာလို့ အရိပ်အတွက် ဒီလောက်တောင်စိတ်ပူနေရတာလဲ။ မဟုတ်သေးပါဘူး... ငါ အရင်တုန်းက ဒီလိုမဟုတ်ပါဘူး။
ရှိန်း သူခံစားနေရတဲ့နာကျင်မှုတွေကိုလည်း နားမလည်တော့။ အရိပ်အပေါ်မှာ စိုးရိမ်လာတတ်တဲ့ သူ့ရဲ့စိတ်တွေက အရင်လိုမဖြူစင်တော့ဘူးဆိုတာ သူ့ကိုယ်သူလည်းမသိ။ သူသိတာက အရိပ်ကို အရုပ် တစ်ရုပ်လိုပဲသဘောထားပြီး တခြားလူတစ်ယောက်လက်ထဲရောက်မသွားဖို့ပဲဖြစ်လေသည်။ ဒါပေမယ့် သူ့မသိစိတ်ထဲမှာ အရိပ်ကိုချစ်နေပြီ ဆိုတာကိုတော့ သူ လုံးဝမသိပေ။
💕💕💕💕💕💕💕

#####
အိမ်မက်ကြယ်

ချစ်​သောကိုကို (Completed)Onde histórias criam vida. Descubra agora