အခန်း(၂၃)

49 2 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၂၃)💖

"အရိပ်... ကိုယ် လိုက်ခဲ့မယ်လေ..."
ဆွေး စျေးခြင်းတောင်းလေး ကိုင်ထားရင်းကနေ ကိုလေးကို ခေါင်းရမ်းပြလိုက်ကာ
"ရပါတယ် ကိုလေးရယ်... ဆွေးတစ်ယောက်ထဲသွားမှာမှ မဟုတ်တာ...အန်တီအေးလည်းပါတယ်လေ..."
ဒီနေ့မှ ဘာလို့ အရိပ်ကို စိတ်ပူနေမိမှန်း ရှိန်းနားမလည်ခဲ့။ အရိပ်ရဲ့မိဘတွေရောက်လာကတည်းက အရိပ်ရဲ့မျက်နှာက အမြဲတမ်းပြံုးနေတော့သည်။ အရိပ်တို့မိသားစု ပြန်ဆုံတာကိုကြည့်ပြီး သူ့ရင်ထဲမှာ ဘယ်လောက်တောင်မှ ကြည်နူးနေမိမှန်းမသိတော့။
မေမေက အရိပ်ရဲ့မိဘတွေအပေါ် အရင်တုန်းကလိုမဟုတ်တော့ဘဲ ကောင်းမွန်စွာဆက်ဆံနေသည့် အတွက်တော့ ရှိန်း အ့ံသြနေခဲ့ရသည်။ ဒါပေမယ့်လည်း မငြိုငြင်ဘဲ အိမ်မှာ အလုပ်ပြန်လုပ်ခိုင်းသဖြင့် သူလည်း ပျော်ခဲ့ရပါသည်။ အဲ့ဒါမှ သူလည်း အရိပ်နဲ့မဝေးရမှာ။
"ကိုလေး... ဆွေးသွားတော့မယ်လေ... ကိုလေးအတွက် ဆွေး ဘာဝယ်ပေးရမလဲ..."
ရှိန်း သူမကို ခေါင်းအသာရမ်းပြလိုက်ကာ
"ဟင့်အင်း... ရတယ် အရိပ် ... ကိုယ့်အတွက် ဘာမှမဝယ်ခဲ့ပါနဲ့... အရိပ်သာ ဂရုစိုက်ပြီးသွားနော်..."
"ဟုတ်ကဲ့ ကိုလေး... ဒါဆို ဆွေး သွားတော့မယ်နော်..."
"အင်း..."
"ဆွေးရေ... သွားရအောင်လေကွယ်..."
"ဟုတ်ကဲ့ အန်တီအေး... ဆွေး လာပါပြီ..."
ဆွေး ကိုလေးရှေ့ကနေ ခေါင်းငုံ့ကာထွက်လာလိုက်လေသည်။
ရှိန်း သူမရဲ့ကျောပြင်လေးကိုငေးကြည့်ကာ ရင်ခုန်သံတွေဟာ မြန်ဆန်လာခဲ့လေတော့သည်။ ဟုတ်တယ် အရိပ်ရယ်... ကိုယ် ဘယ်လိုမှ မမြိုသိပ်နိုင်တော့ဘူး... အရိပ်ပြန်လာရင် ကိုယ် ဖွင့်ပြောတော့မယ် အရိပ်ရယ်။
တွေးမိတော့လည်း ရင်ထဲမှာ ကြည်နူးလာသလိုလို နာကျင်သွားမိသလိုလို ဖြစ်သွားမိလေသည်။ ပိုင်ဆိုင်ဖို့ သေချာသလောက်နီးပါးဖြစ်နေပြီပဲ... ငါ ဘာတွေကိုစိုးရိမ်နေတာလဲ ရှိန်းအာကာရယ်။ ဟုတ်တယ်လေ အရိပ်ရဲ့မိဘတွေကလည်း သဘောတူတယ် မေမေကလည်း အရင်လို ခါးခါးသီးသီးမဟုတ်တော့ဘူး။ အဓိကက ငါအရိပ်ကိုဖွင့်ပြောနိုင်ဖို့ပဲ ကျန်တော့တာ။ ဟုတ်တယ် ငါ ဖွင့်ပြောတော့မယ်။
💕💕💕💕💕💕💕
"ဆွေးရယ်... ဟိုနားလေးက တောကနေ မုန်လာဥတွေလာရောင်းတဲ့ တောစျေးသည်လေးဆီ သွားရအောင်... မမခင်က မှာလိုက်သေးတယ်..."
"ဟုတ်ကဲ့ အန်တီအေးသွားမယ်လေ..."
လက်ထဲက စျေးခြင်းတောင်းလေးထဲမှာလည်း တော်တော်လေးစုံနေပြီဖြစ်သည်။
"မုန်လာဥဖြူတွေရောင်းတဲ့ စျေးသည်မလေးဆီက မုန်လာဥတွေက လတ်ဆတ်ပြီး ချိုတယ် ဆွေးရဲ့..."
ဆွေး စျေးပတ်ဝန်းကျင်ကိုကြည့်ကာ ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ကဲ့ အန်တီအေး... ဆွေးလည်း ကိုလေးအတွက် မုန်လာဥချဉ်ရည်ဟင်းလေး ချက်ပေးမလို့ စဉ်းစားနေတာ..."
"ကောင်းတာပေါ့ ဆွေးရယ်... ရှိန်းက ဆွေး ဟင်းချက်ပေးတဲ့နေ့ဆို ထမင်းကို နှစ်ပန်းကန်လောက်ကို စားတာ..."
အန်တီအေးစကားကြောင့် ဆွေး ပြံုးလိုက်မိလေသည်။
"အဲ့လိုနေ့များဆို တစ်ခါတစ်လေ ထမင်းကိုထပ်ချက်ရတယ်... မမခင်ကလည်း ရှိန်းထမင်းစားတာကို ကြည့်ပြီး သဘောတွေကျနေတာ..."
ဟုတ်ပါတယ် အဲ့ဒါတော့အမှန်ပါ။ အဲ့ဒါကြောင့်လည်း အန်တီခင်က ဆွေးကိုပဲ ဟင်းချက်ခိုင်းတာ။ ကိုလေးကလည်း ဆွေး ဟင်းချက်ပေးတဲ့နေ့ဆို ထမင်းကို ခဏခဏ စားနေတတ်သည်။
တဖြည်းဖြည်းနဲ့ ဟင်းရွက်အတန်းသို့ ရောက်လာကြလေသည်။ ဟင်းရွက်အတန်းမှာ ဟင်းသီးဟင်းရွက် တွေဖြင့် စိမ်းစိုနေ၏။ မနက်စျေးလေးဆိုတော့ အိမ်ရှင်မတော်တော်များများက တစ်နေ့စာလောက်သာ ဝယ်သဖြင့် လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေကိုသာ ရောင်းတတ်ကြသည်။
"ဆွေး... အန်တီအေး မုန်လာဥဖြူတွေဝယ်ထားလိုက်မယ်... ဆွေးက အသားငါးအတန်းသွားပြီး ငါးခေါင်းလေးတွေသွားဝယ်လိုက်ပါလား... အန်တီအေး ဒီမှာပဲစောင့်နေလိုက်မယ်..."
"ဟုတ်ကဲ့ အန်တီအေး..."
ဆွေး စျေးခြင်းတောင်းလေးကိုဆွဲကာ ဟင်းသီးဟင်းရွက်အတန်းလေးထဲကနေ ထွက်လာလိုက်လေသည်။ ဒီနေ့ ကိုလေးအတွက် ငါးခေါင်းဟင်းချိုလည်း ချက်ပေးရင်ကောင်းမယ်ထင်တယ်။
ဆွေး စိတ်ထဲမှာ ကိုလေးကို ဘယ်လောက်တောင်မှ ကျေးဇူးတင်နေမိမှန်းမသိတော့။ ကိုလေးကြောင့်သာ မဟုတ်ရင် ဖေဖေနဲ့မေမေ့ကိုပြန်တွေ့ရမှာမဟုတ်ပေ။ အခုတော့ ကိုလေးပြန်ရှာပေးလို့ ဆွေး ဖေဖေနဲ့ မေမေ့ကို ပြန်တွေ့ခဲ့ရပြီ။ ကိုလေးရဲ့ကျေးဇူးတွေကို ဆွေး ဘယ်လိုပြန်ဆပ်ရမလဲတောင်မသိတော့ပေ။
"အမေ့..."
ရုတ်တရက် လမ်းကြားလေးတစ်ခုကနေ ဆွေးရဲ့လက်ကိုလှမ်းဆွဲလိုက်တဲ့အတွက် ဆွေး လန့်ဖျန့်သွားလေ တော့သည်။
"ဆွေး..."
ဆွေး လက်ထဲက ဆွဲခြင်းတောင်းလေး လွတ်ကျသွားမလို ဖြစ်သွားခဲ့ပေမယ့် လွတ်မကျခဲ့ပါ။ ဆွေး ဆိုတဲ့အသံနဲ့အတူ ဆွေးရဲ့လက်ကိုဆွဲထားတဲ့လူကို ဆွေး မော့ကြည့်ကာ အ့ံသြသွားလေတော့သည်။
"ဟင်... ရှင်..."
Mask တပ်ထားရုံတင်မက မျက်မှန်ပါတပ်ထားသလို ခေါင်းစွပ်အကျႌကိုပါ ဝတ်ထားတဲ့သူ့ကို ဆွေး မှတ်မိနေခဲ့သည်။
"ဟုတ်တယ် ဆွေး... ကိုယ်ပါ..."
ဆွေး ရင်ထဲမှာ သူ့အတွက် စိုးရိမ်သွားမိတော့၏။
"ဒီကိုဘာလာလုပ်တာလဲ ကိုအက္ခရာမောင်ရယ်... ရှင့်အတွက် အရမ်းအန္တရာယ်များတယ်ဆိုတာ ရှင်မသိဘူးလား... ပြန်ပါတော့ရှင်..."
သူ သူမလက်ကိုဆုပ်ကိုင်ထားကာ
"ကိုယ် ဆွေးကိုမတွေ့ရလို့ ရူးတော့မယ် ဆွေးရယ်။ နတ်ဆိုးလက်ထဲမှာရောက်နေတဲ့ ဆွေးကို ကိုယ် ဘယ်လောက်တောင် စိတ်ပူနေတယ်ဆိုတာ ဆွေးသိရဲ့လား..."
သူ့ရင်ခုန်သံတွေကို ဆွေး ဥပေက္ခာပြုထားလိုက်မိလေသည်။
"ဆွေးရဲ့မိဘတွေကို နတ်ဆိုးက တွေ့အောင်ရှာပေးနိုင်ခဲ့တယ်... အဲ့ဒီ့အတွက်နဲ့တော့ ကိုယ် ဆွေးကို စွန့်လွှတ်မှာမဟုတ်ဘူး ဆွေး... ကိုယ် ဆွေးကိုအရမ်းချစ်တယ်... ကိုယ့်ဘဝထက် ကိုယ့်အသက် ထက်တောင် ပိုချစ်တာပါ ဆွေးရယ်..."
ရှင့်အချစ်တွေကို ဆွေး မသိကျိုးနွံ့ပြုထားပါရစေ ကိုအက္ခရာမောင်ရယ်... ရှင့်ကိုချစ်တဲ့စိတ်ကြောင့် ဆွေး နာကျင်ရမှာကြောက်တယ်။ ဆွေးအရိပ်ဆိုတဲ့ကျွန်မက သိပ်အစွဲအလန်းကြီးတာမို့လို့ပါ။
"ကိုယ့်ကို အဖြေပြန်ပေးပါတော့ ဆွေးရယ်... ကျေးဇူးပြုပြီး ကိုယ့်ကို ချစ်တယ်လို့ပြောပေးပါနော်... ကိုယ် ဆွေးကို အရမ်းချစ်မိသွားခဲ့လို့ပါ ဆွေးရယ်..."
"ဆွေး... ဆွေးတို့က မဖြစ်နိုင်ဘူးဆိုတာ ရှင်အသိဆုံးပါ မင်းသားရယ်..."
"ဘာလို့လဲ ကိုယ်တို့ကဘာဖြစ်နေလို့လဲ... ဘယ်သူက အခုလိုသတ်မှတ်လိုက်တာလဲ... ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ရင်ခုန်သံတွေ ထပ်တူညီနေပြီပဲဆွေးရယ်... ဆက်ပြီးမလိမ်ဘဲ ကိုယ့်ကို ချစ်တယ်ဆိုတာ ဝန်ခံလိုက်ပါတော့ ဆွေးရယ်..."
သူ့စကားတွေကြောင့် ဆွေးရဲ့နှလုံးသားဟာ နာကျင်လာလေတော့သည်။
"ဆွေး..."
သူ သူမလက်လေးကို သူ့ရဲ့ဘယ်ဘက်ရင်အုံမှာ ထိထားပေးလိုက်ကာ
"ဆွေး ကြားလား... ကိုယ့်နှလုံးသားလေးကလည်း ဆွေး ကိုယ့်ကိုချစ်နေတယ်ဆိုတာ သိနေတယ်တဲ့... မလိမ်တတ်ဘဲ လိမ်နေရတာ မပင်ပန်းဘူးလား ဆွေးရယ်... ကျေးဇူးပြုပြီး ကိုယ့်ကို ချစ်တယ်ဆိုတဲ့ အဖြေလေးပေးပါကွာ... ဆွေးသာ ကိုယ့်ကိုချစ်တယ်လို့ တစ်ခွန်းလေးပြောလိုက်... ကိုယ်က တစ်ကမ္ဘာလုံး နဲ့တောင် တိုက်ခိုက်နိုင်ပါတယ်..."
ဆွေး သူ့ကိုသနားလာမိတော့၏။ သူပြောနေတာတွေအားလုံးဟာ မုသားတွေမပါဘူးဆိုတာ မသိစိတ်က လက်ခံနေပေမယ့် လက်တွေ့မှာတော့ ငြင်းဆန်နေခဲ့လေသည်။
"ကိုယ် ဒီနေရာကို ဘာလို့ရောက်လာလဲဆိုတာ ဆွေးသိရဲ့လား... ကိုယ် ဆွေးကိုချစ်လို့... ဆွေးကို မတွေ့ဘဲ မနေနိုင်လို့ အခုလိုမျိုး အရဲစွန့်ပြီး လာတွေ့တာပါ... ဆွေး ဒီနေ့ စျေးကိုလာမယ်ဆိုတာ သိရဖို့အတွက် ကိုယ် ဘာတွေလုပ်ခဲ့ရတယ်ဆိုတာ ဆွေးသိရဲ့လား..."
ဆွေး သူ့ကို ခေါင်း အသာရမ်းပြလိုက်မိလေသည်။
"ရှင်နဲ့ပတ်သက်ပြီး ဆွေး ဘာမှမသိတာအမှန်ပါ..."
"ကိုယ့်ကို သေချာကြည့်ပါဦး ဆွေးရယ်... ကိုယ် ဝတ်ထားတဲ့အဝတ်အစားတွေက ဘယ်ကအဝတ် အစားတွေလို့ ဆွေးထင်လဲ..."
"အို..."
သူပြောမှပဲ ဆွေး သူ့ကို သေချာကြည့်လိုက်မိလေတော့သည်။ သူဝတ်ထားတဲ့အဝတ်အစားတွေသည် စုတ်ပြဲဟောင်းနွမ်းနေ၏။ သူများတွေကတော့ သူ့ကို ဘယ်လိုထင်မလဲမသိ ဆွေးကတော့ သူ့ကို သနားနေမိတော့သည်။ သူ့အဝတ်အစားတွေက တောင်းရမ်းစားသောက်နေတဲ့ လူတစ်ယောက်ရဲ့ အဝတ်အစားတွေနှင့် ပိုတူနေ၏။ တပ်ထားတဲ့ Mask ကလည်း စုတ်ပြတ်ပြဲနေသေးသည်။
"ကိုယ် ဒီအဝတ်အစားတွေကို ဘယ်က ရလာလဲဆိုတာ ဆွေးသိလား..."
ဆွေး သူ့ကို ခေါင်းရမ်းပြလိုက်တော့ သူက ပြံုးလိုက်ကာ စျေးပေါက်ဝဘက်သို့ လှမ်းကြည့်လိုက်ပြီး
"စျေးပေါက်ဝမှာ တောင်းရမ်းစားသောက်နေတဲ့ လူတစ်ယောက်ဆီကနေ ပိုက်ဆံပေးပြီး ငှါးလာတာ..."
"ဟင်..."
သူ့စကားကြောင့် ဆွေးက ပါးစပ်လေးဟကာ အ့ံငြနေလေတော့သည်။ ခရာ အသာလေးပြံုးလိုက်ကာ
"ကိုယ်က သိပ်အသန့်ကြိုက်တာ... ဒါပေမယ့် ကိုယ်က ဆွေးအတွက်ဆို ဘာမဆိုလုပ်မယ့်သူပါ ဆွေးရယ်... ကိုယ့်ရုပ်က သူတောင်းစားနဲ့တူနေတယ်မို့လား... ဆွေးအတွက် ကိုယ်က ဒီ့ထက်တောင်ပိုလုပ်နိုင် သေးတယ်..."
"မင်းသားရယ်..."
ဆွေး သူ့ကိုတကယ်ပဲ သနားသွားမိတော့သည်။
"အဲ့ဒါကြောင့် ကိုယ်လိုချင်တ်ဲအဖြေပေးပါတော့ ဆွေးရယ်... ဆွေးလည်း ကိုယ့်ကိုချစ်နေတယ်မို့လား..."
"ဆွေး... ဆွေး ရှင့်ကို..."
"ဆွေးရေ... သမီး..."
အန်တီအေးရဲ့အသံကြောင့် ဆွေးခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွား၏။
ခရာ သူမလက်ကိုဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်တွေကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ကာ
"ဒီတစ်ခါတော့ ကိုယ့်ကိုအဖြေမပေးဘဲ ဆွေးကို ပြန်မလွှတ်တော့ဘူး... နောက်ထပ် ဝေးနေရမယ့် ဝေဒနာတွေကို ခံနိုင်ရည်ရှိအောင် ဆွေးပါးစပ်ကနေ ချစ်တယ်ဆိုတဲ့အဖြေလေးတော့ ပေးခဲ့ပါဆွေးရယ်..."
"အို လွှတ်ပါ မင်းသားရယ်..."
ဆွေး ရှက်ရွံ့စွာ သူ့လက်ကိုရုန်းလေ သူက တင်းကြပ်စွာဆုပ်ကိုင်ထားလေမို့ ဆွေး ရုန်းလို့မရတော့ပေ။
"ပြောပါ ဆွေးရယ်... ကိုယ့်ကို တကယ်မချစ်လို့လားဟင်..."
"ဆွေး..."
"သမီးရေ.. ဘယ်ရောက်နေတာလဲ..."
"လွှတ်ပါနော် အန်တီအေး ဒီအနားရောက်လာတော့မယ်..."
"အဲ့ဒါဆို ကိုယ့်ကိုအဖြေပေးလေ..."
တဖြည်းဖြည်းနဲ့ အန်တီအေးအသံက ပိုနီးကပ်လာသဖြင့် ဆွေး ရင်တွေတုန်လာမိတော့သည်။ ဆွေး သူ့မျက်နှာကို မဝ့ံမရဲမော့ကြည့်လိုက်ကာ
"ဆွေး... ဆွေး ရှင့်ကိုချစ်ပါတယ်..."
"ဟင်... ဆွေး တကယ်ပြောတာနော်..."
ဆွေးက ပြံုးပြီး ခေါင်းငြိမ့်ပြတော့ ခရာ ဆွေးရဲ့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ တော့သည်။
"အို..."
"ပျော်လိုက်တာ ဆွေးရယ်... ကိုယ် သေပျော်ပြီသိလား... ကိုယ့်တစ်ဘဝလုံးမှာ ဒီနေ့လောက် ပျော်စရာကောင်းတဲ့နေ့ဆိုတာ မရှိခဲ့ဘူး ဆွေးရယ်..."
ဆွေးလည်းအတူတူပါပဲရှင်ရယ်။ အခုမှပဲ ဆွေးရဲ့ရင်ထဲမှာ ပေါ့ပါးသွားတော့၏။
"ဆွေး ပြန်တော့မယ် လွှတ်ပါတော့..."
"ဆွေး..."
ဆွေး သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး သူ့မျက်နှာကိုမော့ကြည့်လိုက်ကာ
"ဟုတ်..."
"ကိုယ့်ကိုလေ ကိုကိုလို်ခေါ်ပါလား..."
"ရှင်..."
ဆွေး အ့ံသြသွားတော့သည်။
"ဘာဖြစ်လဲဆွေးရယ်... ကိုယ်တို့က ချစ်သူတွေဖြစ်သွားပြီပဲ... လုပ်ပါကွာ တစ်ခါထဲပါ... တစ်ခါခေါ်ပြီးတာနဲ့ ကိုယ် ဆွေးကို ပြန်လွှတ်ပေးပါ့မယ်..."
ဆွေး ရင်တွေပိုပြီးခုန်လာတော့၏။ သူ့ကိုမော့ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး
"ကိုကို..."
"ဗျာ..."
ဆွေး ပြံုးလိုက်ကာ
"ဆွေး သွားတော့မယ်..."
"အရမ်းချစ်တယ် ဆွေးရယ်..."
ဆွေး သူ့ရှေ့ကလှည့်ထွက်လာတာတောင်မှ ရင်ခုန်သံတွေဟာ ပုံမှန်လိုမျိုး တည်ငြိမ်သွားခဲ့ခြင်းမရှိခဲ့ပေ။
ခရာ့ရင်ခုန်သံတွေဟာလည်း သံစုံတီးဝိုင်းလို မြိုင်ဆိုင်နေခဲ့လေသည်။ ကိုကိုတဲ့လား ဆွေးရယ်။
သူမ ကျွန်တော့်ကို "ကိုကို"လို့ခေါ်လိုက်တဲ့အသံလေးကြောင့် ကမ္ဘာပေါ်ကနတ်ဆိုးတွေအားလုံး ပျောက်ကွယ်သွားကြတာအမှန်ပဲဗျ... ကျွန်တော်ကတော့ သူမကို နတ်ဆိုးအားလုံးရဲ့ရန်ကနေ ကာကွယ် ပေးမယ့် နတ်စစ်သူကြီးတစ်ပါးပေါ့။ ကျွန်တော့်မှာ ဘာတန်ခိုးစွမ်းအင်မှတော့ မရှိဘူးပေါ့ဗျာ... ဒါပေမယ့် ဆွေးချစ်နေတယ်ဆိုတာလေးကပဲ ကျွန်တော့်ရဲ့စွမ်းအားတစ်ခုဖြစ်နေခဲ့တာပါ။
💕💕💕💕💕💕💕
အရိပ် စျေးကပြန်လာကာ ခြံထဲဝင်လာတာကို ရှိန်း ငေးကြည့်နေမိလေသည်။ ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်က ဘယ်လိုခံစားချက်မျိုးဆိုတာ အဓိပ္ပါယ်ဖွင့်လို့မရခဲ့တာ အမှန်ပင်ဖြစ်သည်။ အရိပ်ရဲ့မျက်နှာ သည်လည်း သိသာစွာပြံုးရွှင်နေ၏။ ဘာလို့ ဒီလောက်ပျော်နေမှန်းတော့ ရှိန်း မသိ။ စျေးထဲမှာ ပျော်စရာတစ်ခုခုနဲ့များ တွေ့ခဲ့လို့လား။ ဒါဆို အန်တီအေးရဲ့မျက်နှာလည်း ပျော်နေတဲ့ပုံပေါက်နေရမှာပေါ့။
ရှိန်း ခန်းဆီးလေးကိုချလိုက်ကာ အောက်ကိုဆင်းလာခဲ့လိုက်သည်။ ဧည့်ခန်းထဲမှာ ဘယ်သူမှမရှိပေ။ မေမေလည်းမရှိ။ မေမေက အလုပ်ကိစ္စနဲ့အပြင်ကိုသွားနေတာဖြစ်သည်။
ရှိန်း မီးဖိုခေါင်ထဲဝင်လိုက်တော့ မီးဖိုထဲမှာ အရိပ်နဲ့ဒေါ်အေးက ဟင်းချက်ဖို့ပြင်ဆင်နေကြလေသည်။ ရှိန်း အပေါက်ဝကိုကျောမှီကာ လက်ပိုက်ပြီး အရိပ်ကိုငေးကြည့်နေမိ၏။ အရိပ်ရဲ့လှုပ်ရှားမှုတိုင်းဟာ သူ့ရဲ့ အသက်ရှူသံလေးတွေကဲ့သို့ပင်။
သူ အရိပ်ရဲ့လှုပ်ရှားမှုလေးတွေကအစ မြတ်နိုးစွာချစ်တာ။ ဖွင့်ပြောမယ်ကြိုးစားလိုက်တိုင်းလည်း ဖွင့်မပြော ရက်ခဲ့။ ဘယ်လိုနှလုံးသားနဲ့များ ဆက်ပြီးမြိုသိပ်နေရမှာလဲ အရိပ်ရယ်။
ကိုကိုတဲ့လား ရှင်ရယ်... ဆွေး... ရှင်လိုချင်တဲ့အဖြေကို ဘာလို့များ ပေးခဲ့မိပါလဲ။ ဆွေး စဉ်းစားလို့မရဘူး။ အခုဆို ရှင်နဲ့ဆွေးက ချစ်သူတွေဖြစ်သွားကြပြီပေါ့။ ဘာလို့မှန်းမသိ ဆွေး ရင်တွေခုန်လိုက်တာ ရှင်ရယ်။
"ဟင် ရှိန်း ဘာလုပ်နေတာလဲ..."
"ဟင်..."
အန်တီအေးအသံကြောင့် ဆွေး နောက်ကိုလှည့်ကြည့်လိုက်တော့ ကိုလေးက မီးဖိုခန်းရှေ့မှာ မတ်တပ်ရပ်နေလေသည်။
"ကိုလေး ဘာလုပ်နေတာလဲ..."
"ကိုယ် အရိပ်ကို ပြောစရာရှိလို့ အချိန်ခဏလောက်ပေးမလား..."
"ဟုတ် ရပါတယ် ကိုလေး..."
"ဒါဆို ကိုယ် ခြံထဲမှာစောင့်နေမယ်နော်..."
"ဟုတ် ဆွေး လက်ဆေးပြီးလာခဲ့မယ်နော်..."
"အင်း..."
ဆွေး မုန်လာဥတွေကို ဓားနဲ့လှီးနေရင်းကနေ လက်ဆေးတဲ့နေရာသို့ ထသွားလေသည်။
ရှိန်း ပြံုးလိုက်ကာ ခြံထဲသို့ထွက်လာလိုက်၏။ ခြံထဲရောက်တော့ လသာပင်ကြီးအောက်မှာထိုင်လိုက်ကာ တွေးနေမိ၏။ အရိပ်ကို အခုဖွင့်ပြောရင်ကောင်းပါ့မလား။ မကောင်းဘူးထင်တယ်။ တော်ကြာ မိဘတွေကိုရှာပေးတာအခွင့်အရေးယူတယ်ဆိုပြီး အထင်လွဲသွားမှ။ ဟင့်အင်း အဲ့လို့တော့အထင်မခံနိုင်ဘူး။ ဒါဆို မနက်ဖြန် ကျောင်းရောက်မှဖွင့်ပြောတော့မယ်။
"ကိုလေး..."
"ဪ အရိပ်လာလေ..."
အရိပ် ခေါင်းငြိမ့်လိုက်ကာ ကိုလေးဘေးမှာ ဝင်ထိုင်လိုက်၏။ ကိုလေးက ကောင်းကင်ကြီးကိုမော့ကြည့်ကာ ပြံုးနေ၏။ နဂိုကတည်းက ညိုနေတဲ့ ကိုလေးရဲ့နှုတ်ခမ်းညိုညိုလေးကို ဘာရယ်မဟုတ်ဘဲ ဆွေး ငေးကြည့်နေမိသည်။ ကိုလေးက ယောက်ျားပီသပြီး ဒီလောက်ခန့်ညားတာကို ဘာလို့ချစ်သူမထားတာလဲ မသိဘူး။ ကိုလေးက အပေါ်ယံကြည့်ရင် မာနကြီးပြီး ကြမ်းတမ်းတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ကိုလေးက စိတ်ရင်းကောင်းပြီး တစ်ဖက်သားအပေါ် ညှာတာမှုရှိသူတစ်ယောက်ပါ။
"ကိုလေး ဆွေးကိုဘာပြောမလို့လဲ..."
"အင်း... ကိုယ် အရိပ်ကို အရမ်းအရေးကြီးတဲ့စကားတစ်ခွန်းပြောချင်တယ်..."
"ဟုတ် ပြောလေ ကိုလေး..."
ကိုလေးမျက်နှာက တည်ကြည်ငြိမ်သက်နေတော့ ဘယ်လောက်တောင်အရေးကြီးတဲ့စကားဆိုတာ ဆွေး သိချင်နေမိသည်။
အရိပ်က ပြောလေ ဆိုတော့မှ သူ ပိုပြီး မဝ့ံမရဲဖြစ်သွားမိလေသည်။ ကိုယ်ပြောလိုက်လို့ အရိပ်မုန်းသွား မှာလည်း ကိုယ်ကြောက်တယ်အရိပ်ရယ်။ ကိုယ်က မာနကြီးပြီး အပေါ်ယံကြမ်းတမ်းသလောက် ကိုယ့်နှလုံးသားကတော့ ယုန်သူငယ်လိုနူးည့ံလွန်းတာ အရိပ်ကတော့သိမှာမဟုတ်ပါဘူး။ ကိုယ် ဘယ်လို ပြောရမလဲ အရိပ်... အရိပ်ကိုချစ်တဲ့အကြောင်း ကိုယ် ဘယ်လိုများပြောရမလဲ။ အရိပ်ကိုချစ်နေတဲ့ အကြောင်း အရိပ်ကို တစ်ခါမှ အရိပ်အယောင်မပြခဲ့တော့ ကိုယ်သာဖွင့်ပြောခဲ့ရင် အရိပ် အရမ်းအ့ံသြသွာ းမှာလား...။
"ကိုလေး... ဘာတွေတွေးနေတာလဲဟင်..."
ရှိန်း ပြံုးပြီးခေါင်းငုံ့လိုက်မိကာ
"ဪ... ဆွေး စျေးကနေ ကိုယ့်အတွက် ဘာတွေများဝယ်လာလဲလို့ပါ..."
"အင်း... ကိုလေးကြိုက်တတ်တဲ့ ငါးခေါင်းဟင်းချိုချက်ကျွေးမလို့ ဝယ်လာခဲ့တယ်ကိုလေး..."
"ဟုတ်လား..."
ကိုလေးက ငြိမ်သွားတော့ ဆွေး နားမလည်နိုင်အောင်ဖြစ်သွားမိလေသည်။ ကိုလေးပြောချင်တဲ့စကားက ဒီစကားလား။ မဟုတ်ဘူးလို့တော့ ဆွေးစိတ်ထဲကနေ ထင်နေမိလေသည်။ ကိုလေးပြောမှာ ဘာစကားမို့လို့ ဒီလောက်ထိ ဝန်လေးနေရတာလဲ။
"ကိုယ်လေ မနက်ဖြန် ကျောင်းရောက်ရင် အရိပ် ကို ကိုယ့်ဘဝအတွက်အရေးကြီးတဲ့စကားတစ်ခွန်း ပြောချင်တယ်..."
"ဟင်..."
ကိုလေးပြောမယ့် ဘဝအတွက်အရေးကြီးတဲ့စကားဆိုတာကို ဆွေး စိတ်ဝင်စားသွားမိလေသည်။ ဘယ်လိုစကားမို့လို့လဲလို့မေးချင်ပေမယ့် ဆွေး မမေးရဲခဲ့ပါ။
"မနက်ဖြန် ကျောင်းမှာ အရိပ် ထိုင်နေကျနေရာလေးမှာ ကိုယ် စောင့်နေမယ်နော် အရိပ်..."
ဆွေး ကိုလေးကို ခေါင်းငြိမ့်ပြလိုက်ကာ
"ဟုတ် ကိုလေး..."
"အင်းပါ... ဒါဆို အရိပ်လုပ်စရာရှိတာသွားလုပ်လေ... ကိုယ် ဒီမှာ ခဏထိုင်လိုက်ဦးမယ်..."
"ဟုတ်ကဲ့ ကိုလေး..."
ဆွေး ကိုလေးကိုမျက်နှာကိုသေချာကြည့်လိုက်မိပြီးမှ ကိုလေးရှေ့ကနေ လှည့်ထွက်လာလိုက်လေသည်။ ကိုလေးမျက်နှာက တစ်ခုခုကို နင့်နင့်သီးသီးခံစားနေရသည့်ပုံပင်။
အပြာရောင်မိုးကောင်းကင်ကြီးမှာ တိမ်ဖြူတွေက လွတ်လပ်စွာ ပြေးလွှားနေကြ၏။ သူတို့များတော့လည်း ခံစားချက်မရှိဘဲ လွတ်လပ်ကြလိုက်တာ။ ကိုယ်တွေက လူသားတွေဖြစ်နေတော့လည်း အမျိုးမျိုး ခံစားနေရတာပေါ့။ တစ်ခါတစ်လေကျတော့လည်း ခံစားချက်မရှိတဲ့ လူသားတစ်ယောက်ဖြစ်ချင်မိတယ်။
အရိပ်ကိုချစ်ရတဲ့စိတ်ထက် မပိုင်ဆိုင်ရမှာကြောက်နေတဲ့စိတ်ကြောင့် ပိုပင်ပန်းရတယ်။ အရိပ်ကို ကိုအက္ခရာမောင်ချစ်နေတယ်ဆိုတာသိရတော့ သူ့ကိုမုန်းတဲ့စိတ်ကြောင့် ပင်ပန်းရတယ်။
ကိုယ်က အပြင်ပန်းမာကျောတယ်ထင်ရသလောက် အတွင်းစိတ်ကနူးည့ံလွန်းတော့ ခံစားချက်တွေဟာ မူမမှန်ခဲ့ပေ။ တစ်ခါတစ်လေ ကြမ်းတမ်းတဲ့နှလုံးသားက အရိပ်ကြောင့် နူးည့ံပျော့ပျောင်းခဲ့ရသည်။ တစ်ခါတစ်ရံ နူးည့ံလွန်းတဲ့နှလုံးသားက အရိပ်ကြောင့်ပဲ ကြမ်းတမ်းသွားတဲ့အခိုက်အတန့်တွေ ရှိခဲ့သည်။ အရိပ်ရယ်... အရိပ်နဲ့ပတ်သက်လာမှ ကိုယ်ဆိုတဲ့ နတ်ဆိုးတစ်ကောင်က ခံစားချက်ပေါင်းများစွာရဲ့ ထိုးနှက်မှုများစွာကို ခံနေခဲ့ရတာပါ အရိပ်ရယ်။ မနက်ဖြန်ဆိုရင်တော့ ကိုယ့်မှာ အဲ့ဒီလိုခံစားနေရတဲ့ ဝေဒနာတွေကနေ ကင်းလွတ်တော့မှာပါနော်။ ကိုယ့်စိတ်တွေ အရမ်းပင်ပန်းတာပဲ အရိပ်ရယ်...။
💕💕💕💕💕💕💕

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ