အခန်း(၂၈) ပထမတွဲဇာတ်သိမ်း

164 4 0
                                    

💕ချစ်သောကိုကို💕
💖အခန်း(၂၈)💖
💕ပထမတွဲဇာတ်သိမ်း💕

မျက်ခွံတွေက လေးလံနေသဖြင့် တော်တော်နဲ့ဖွင့်လို့မရခဲ့ပေ။ ခေါင်းထဲမှာ မူးနောက်နေတာကတော့ ပျောက်မသွားခဲ့။
"အား... ကျွတ်... ကျွတ်..."
"ဟင် သား... သတိရလာပြီ..."
"ရှိန်း..."
မေမေနဲ့သူငယ်ချင်းတွေရဲ့အသံက သူ့နားထဲမှာ ပဲ့တင်ထပ်နေသလိုလို။ သူ မျက်လုံးကိုအားယူပြီး ဖွင့်ကြည့် လိုက်တော့ မေမေက မျက်ရည်တွေကြားထဲကနေ သူ့ကိုကြည့်နေလေသည်။ သူငယ်ချင်းတွေကလည်း မျက်နှာမကောင်းကြ။
"မေမေ..."
"သား သက်သာရဲ့လား..."
သူ ခုတင်ပေါ်ကနေ အားယူပြီးထလိုက်တော့ မေမေက သူ့ကိုထူပေးပြီး ကိုဖြိုးက သူ့ကျောနောက်က ခေါင်းအုံးကို သူမှီလို့ရအောင် ထောင်ပေး၏။ သူ ခေါင်းအုံးကို မှီပြီးထိုင်လိုက်ကာ မေမေ့ကိုကြည့်လိုက်ပြီး
"အရိပ် ဘယ်မှာလဲ မေမေ..."
"သူ ပြန်မလာဘူး သား..."
အံကိုအသာကြိတ်လိုက်မိတော့ မေးကြောတွေနဲ့အတူ နားထင်ကြောတွေပါ ထောင်တက်လာတော့၏။ သူ ကိုဖြိုးဆီသို့ အကြည့်တွေကိုလွှဲလိုက်ကာ
"ကိုဖြိုး... မင်းရော ဘာတွေကြားထားသေးလဲ..."
ကိုဖြိုး၊ သီဟ၊ ကိုဇွဲတို့တွေ မျက်နှာမကောင်းကြ။ ရှိန်းကိုကြည့်ကာ ခံပြင်းနေကြသလို ဘာမှလုပ်မပေးနိုင်တဲ့ အတွက်လည်း စိတ်မကောင်းဖြစ်နေကြလေသည်။
"ငါကြားထားတာတော့ ဟိုလူ့မိသားစုဘက်မှာလည်း မိုးမီးလောင်နေပြီ ရှိန်း... မနက်ဖြန်ဆို မင်္ဂလာပွဲက စပြီ... ဆောင်းရတုတို့ဘက်ကလည်း အသည်းအသန်လိုက်ရှာနေကြတယ်..."
"သူ ဒီလိုတွေလုပ်မယ်ဆိုတာကို ဘယ်သူမှကြိုမသိကြဘူးဆိုတဲ့ သဘောပေါ့..."
"အခုပုံစံက အဲ့လိုဖြစ်နေတာ ရှိန်း..."
"ငါဖြစ်ချင်ခဲ့တာက အဲ့လိုမှမဟုတ်ခဲ့တာ..."
ရှိန်း မေမေ့ကိုကြည့်လိုက်ကာ
"မေမေ သားဖုန်းရော..."
"ဘာလုပ်မလို့လဲ သားရယ်... နားနားနေနေ နေပါဦး... သားရဲ့စိတ်တွေမွန်းကြပ်နေလို့ အခုလိုမျိုး မေ့လဲသွားရတာမို့လို့ အနားယူဖို့လိုတယ်လို့ ဆရာဝန်ကမှာသွားတယ်..."
သူ မေမေ့ကိုစိတ်မရှည်စွာကြည့်လိုက်ကာ
"အခုလိုချိန်မှာ သား ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေးနေနိုင်မှာလဲ မေမေရယ်... သား ရင်ထဲမှာ ဘယ်လောက်တောင်နာကျင်နေတယ်ဆိုတာ မေမေ မသိပါဘူး..."
"သားရယ်..."
ဒေါ်ခင်ခင် သားဖြစ်သူကိုကြည့်ကာ သနားဂရုဏာသက်မိသလို နားလည်းလည်သွားမိကာ ဖုန်းကိုထုတ်ပေး လိုက်လေသည်။
သူ မေမေ့လက်ထဲကဖုန်းကိုယူလိုက်ကာ မင်းတိမ်လွှာကို ဖုန်းခေါ်လိုက်၏။
"တီ... တီ... တီ..."
"ဟယ်လို..."
"မင်းတိမ်လွှာ..."
"ဘာလဲ နတ်ဆိုး..."
"အက္ခရာမောင် ဘယ်မှာလဲ..."
"မင်း တကယ်မသိတာလား... ဒါမှမဟုတ်..."
"တော်စမ်း မင်းတိမ်လွှာ... သူ အရိပ်ကို ခိုးပြေးသွားတယ်ဆိုတာ မင်း မသိဘူးလို့တော့ ငါ့ကိုလာမပြောနဲ့..."
"မင်းလည်းသိနေတာပဲ... ဒါဆို ငါ့ကို ဘာလို့လာမေးနေသေးလဲ..."
"ငါ သိချင်တာ သူ ဘယ်မှာရှိလဲဆိုတာကို သိချင်တာ..."
"အဲ့ဒါ ငါလည်းသိချင်နေတာ နတ်ဆိုး... ငါတစ်ယောက်ထဲတင်မဟုတ်ဘူး ငါ့မိသားစု... ဆောင်းရတုတို့ မိသားစု... မီဒီယာတွေ အားလုံးကသိချင်နေကြတာကွ မင်းတစ်ယောက်ထဲမဟုတ်ဘူး...i
"သူရှိတဲ့နေရာ မင်းမသိဘူးလို့တော့ ငါ့ကိုမပြောနဲ့နော် မင်းတိမ်လွှာ..."
"ငါမသိဘူး... ကိုကိုတို့ ဘယ်မှာရှိတယ်ဆိုတာကို ဘယ်သူမှမသိဘူး..."
"ဘာ..."
ဖုန်းပြောနေရင်းတောင်မှ ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားလေသည်။
"ဟုတ်တယ် မနက်ဖြန်ဆို ကိုကို့မင်္ဂလာပွဲ... ဆောင်းရတုတို့ဘက်ကလည်း ကိုကိုတို့ကို မြေလှန်ပြီး ရှာနေကြတာ... အိမ်မှာလည်း ကိုကိုပျောက်သွားလို့ မိုးမီးလောင်နေပြီ..."
ဟင်... မျက်ရည်တွေက ဝဲလာတော့လေသည်။ ဒါဆို အရိပ်ကို သူ့ဘဝထဲကနေ ထာဝရခေါ်သွားခဲ့တာလား အက္ခရာမောင်။ ဟင့်အင်း... အဲ့လိုတော့အဖြစ်မခံနိုင်ဘူး။ ငါသေမှပဲ ရမယ်။
"မင်းအသံက တော်တော်ခံစားနေရပုံပဲ နတ်ဆိုး... ငါ စိတ်တော့မကောင်းဘူးကွာ..."
"မင်း ငါ့ကို သနားနေစရာမလိုဘူး... မင်းအကိုကိုသာပြောထားပါ... ငါနဲ့ ဘယ်တော့မှ ထိပ်တိုက်မတွေ့ စေနဲ့လို့..."
"တွေ့ရင် ဘာဖြစ်မှာမို့လို့လဲ..."
သူ့ရင်ထဲက ဒေါသကို ဆွနေတယ်လို့ ထင်လိုက်မိလေသည်။
"အရိပ်ကို ငါ့ဘဝထဲကနေ ထုတ်သွားတဲ့သူ့ကို ငါ လက်စားပြန်ချေမယ်..."
"အဟွန့်... ရှိန်းအာကာ... ရှိန်းအာကာ မင်း အခုချိန်ထိ အမှန်တရားကို လက်မခံသေးဘူးပဲ..."
"ဟင် မင်းပြောတာ ဘာအဓိပ္ပါယ်လဲ မင်းတိမ်လွှာ..."
မေမေအပါအဝင် သူငယ်ချင်းတွေအားလုံးရဲ့အကြည့်တွေက စိုးရိမ်တကြီး သူ့ဆီမှာသာ ရှိနေကြ၏။ သူ အကြည့်တွေကိုလွှဲလိုက်ကာ စားပွဲပေါ်က ပန်းအိုးသို့ရောက်သွား၏။
"ဆွေးအရိပ်က ကိုကို့ကိုပဲချစ်တယ်ဆိုတာ မင်းလည်းအသိပဲ... အဲ့ဒါကို ဘာလို့ လက်မခံနိုင်ဖြစ်နေခဲ့တာလဲ ရှိန်းအာကာ..."
အမှန်တရားဟာ ဆေးခါးတစ်ခွက်ပဲ။ ရောဂါပျောက်တဲ့ဆေးဆိုတာကိုသိရဲ့နဲ့ ခါးခါးသီးသီး ငြင်းဆန်နေခဲ့ တာဟာ သူ အရိပ်ကိုသိပ်ချစ်လို့ဆိုတာ ဘာလို့ ဘယ်သူမှမသိရတာလဲ။
"မင်းအကိုက အရိပ်ကို လိမ်ပြီးခေါ်သွားတာ... အရိပ်က ဘာမှမသိဘူး မင်းတိမ်လွှာ..."
"ဆွေးအရိပ်က ကော်ရုပ်တစ်ရုပ်မဟုတ်သလို ကလေးတစ်ယောက်လည်းမဟုတ်ဘူး ရှိန်းအာကာ... သူလည်း ကိုကို့ကိုချစ်လို့ ကိုကို့နောက်ကို လိုက်သွားတာပဲ... မင်း တစ်ဖက်သတ်ခံစားမနေနဲ့တော့ ရှိန်းအာကာ... မင်း ရူးသွားမယ်...."
"ဟုတ်တယ် အခု ငါရူးနေပြီ... အရိပ်ကိုသာ ပြန်ရှာမတွေ့ရင် ငါ တကယ်ရူးမှာ..."
"ဟွန့်..."
မင်းတိမ်လွှာရဲ့အသံက သူ့ကိုလှောင်ပြောင်နေသည့်အသံမို့လို့ သူ ဒေါသထွက်သွားမိလေသည်။
"မင်း ငါ့ကိုမလှောင်နဲ့... မင်း လူတစ်ယောက်ကို ချစ်ဖူးလို့လား... မချစ်ဖူးဘဲနဲ့တော့ မင်းငါ့ခံစားချက်တွေကို နားလည်မှာမဟုတ်ဘူး... ဒါပေမယ့် မင်းကိုတစ်ခု သတိပေးလိုက်မယ်... မင်းအကို အခုလိုမျိုးအထိ လုပ်လာအောင် မင်းဘက်က တွန်းအားပေးခဲ့တယ်ဆိုတာ ငါသိတယ်... အဲ့ဒါကြောင့် ငါ အရိပ်ကိုပြန်မရရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူး..."
"အဲ့ဒါတော့ မင်းအပိုင်းပဲ... မင်းပြောချင်တာ ဒါပဲမို့လား... ငါဖုန်းချလိုက်တော့မယ်..."
မင်းတိမ်လွှာ ဖုန်းချသွားတော့ သူ့ရင်ထဲက ဒဏ်ရာတွေက သွေးတွေဆူလာခဲ့လေတော့သည်။
"အက္ခရာမောင် ငါ မင်းကို ခွင့်မလွှတ်ဘူး..."
"သား... သား..."
ရင်ထဲက နာကျင်နေတဲ့နှလုံးသားလေးက ဒဏ်ရာတွေက မခံမရပ်နိုင်အောင် နာကျင်လာသဖြင့် သူ ဘယ်ဘက်ရင်အုံကို အသာလေးဖိထားလိုက်မိလေသည်။
"သား ဘာဖြစ်တာလဲ..."
"ရှိန်း... သူငယ်ချင်း..."
"ဘာဖြစ်တာလဲ ရှိန်း..."
"ခံစားရလွန်းလို့ သူ့ရင်ဘတ်တွေနာကျင်နေတာ..."
"ဟင်..."
"ငါ... ငါ အရိပ်ကိုချစ်ခဲ့မိတာအမှားလားကွာ... အခုတော့ ငါ ခံစားနေရပြီ..."
"ရှိန်းရာ..."
သူတို့တွေ စိတ်မကောင်းဖြစ်သွားကြတာ မျက်နှာတွေကို လွှဲထားကြလေတော့သည်။
"သားလေးရယ်..."
ဒေါ်ခင်ခင် သားဖြစ်သူကိုကြည့်ကာ မျက်ရည်တွေကျလာတော့၏။
ရှိန်း မျက်လုံးတွေကိုအသာမှိတ်လိုက်ကာ ခေါင်းအုံးကို မှီလိုက်လေသည်။
"မေမေ သားတစ်ယောက်ထဲနေချင်တယ်..."
"ဟင်... သားတစ်ခုခုဖြစ်သွားမှာကို မေမေ..."
"သား... ကိုယ့်ကိုကိုယ်တော့ သတ်မသေပါဘူး မေမေ... အရိပ်ကို ပြန်မတွေ့မချင်း သား ကျန်းကျန်းမာမာနဲ့ ရှိနေမှာပါ... အဲ့ဒါမှ သား အရိပ်ကိုရှာနိုင်မှာလေ..."
"အင်းပါ သားရယ်... "
"သူငယ်ချင်းတို့... မင်းတို့လည်း ထွက်သွားပေးကြပါ... ငါ့အတွက် အရိပ်နဲ့ပတ်သက်သမျှသတင်းတွေ စုံစမ်းပေးပါ..."
"ကောင်းပြီ ရှိန်း... ငါတို့အခုပဲ သွားလိုက်ပါ့မယ်... မင်းသာ ကျန်းမာရေးဂရုစိုက်ပါ..."
သူ ဘယ်သူ့ကိုမှ ဘာမှပြန်မပြောမိ။ ရင်ထဲက ဒဏ်ရာတွေက ဘယ်လိုနည်းနဲ့မှ ပြန်လည်ကုစားလို့ရမှာ မဟုတ်။ အချိန်တွေကလည်း ကုစားသွားမှာမဟုတ်တဲ့ သေရာပါမယ့်ဒဏ်ရာတွေ။ ဒီဒဏ်ရာတွေကိုကုသဖို့ တစ်ခုတည်းသောနည်းလမ်းက အရိပ်ပဲ။ ဒါပေမယ့် အခု အရိပ်ဘယ်မှာလဲ။ သူ အရိပ်ကို ဘယ်မှာသွားရှာ ရမှာလဲ။ အရိပ်ရယ်... ကိုယ် သေသွားတာကမှ ပိုကောင်းဦးမယ်ကွာ...။ အဲ့ဒီ့အချိန်ကတည်းက ရှိန်းရဲ့ဘဝထဲကနေ အရိပ်ဆိုတဲ့ကောင်မလေး ပျောက်ဆုံးသွားခဲ့လေသည်။
💕💕💕💕💕💕💕
⏳⏳⏳(၁)နှစ်ခန့်ကြာပြီးနောက်...⏳⏳⏳
မိုးလေးတွေက ခြံထဲက အပင်လေးတွေပေါ်သို့ တဖွဲဖွဲရွာကျနေလေသည်။ မှန်တံခါးကိုဖွင့်ကာ မိုးရေတွေကို ငေးကြည့်နေတဲ့လူတစ်ယောက်။ မိုးနဲ့အတူပါလာတဲ့ လေတစ်ချို့ကြောင့် သူ့ဆံပင်တွေဟာ မှန်ပြတင်းမှာ လွင့်ပျံနေကြလေသည်။ ပခုံးအပေါ် မရောက်တရောက်ဖြစ်နေတဲ့ ဆံပင်ရှည်တွေက တစ်ချက်တစ်ချက် မျက်နှာပေါ်သို့ရောက်ရောက်သွားသလို နှုတ်ခမ်းမွှေးတွေမှာလည်း ကပ်ငြိနေကြ၏။ ဒါပေမယ့် သူကတော့ မိုးရေတွေကိုသာငေးနေပြီး မျက်နှာပေါ်ကဆံပင်တွေကိုမဖယ်သလို နှုတ်ခမ်းမွှေးနဲ့ကပ်ငြိနေတာတွေကို လည်း မဖယ်ရှားခဲ့။
"တီ... တီ... တီ..."
ဖုန်းသံကြောင့် သူ့ခန္ဓာကိုယ် ဆတ်ကနဲတုန်သွားကာ ဖုန်းရှိရာကုတင်အနားသို့ အပြေးလေးရောက်သွား၏။ ခေါင်းအုံးတွေ စောင်တွေ ဖက်လုံးတွေကိုဖယ်ကာ ဖုန်းကိုလိုက်ရှာပေမယ့် မတွေ့ပေ။ ထို့နောက် သူ ခဏငြိမ်သွားကာ လက်ထဲကခေါင်းအုံးကိုပစ်ချလိုက်ပြီး စားပွဲကအံဆွဲကိုဆွဲဖွင့်လိုက်ကာ အံဆွဲထဲက တစ်စုံတစ်ခုကိုထုတ်ယူလိုက်၏။ ဖုန်းနံပါတ်ကိုကြည့်ကာ သူ ကတုန်ကယင်ဖြစ်သွားမိတော့သလို သူ့ရဲ့ အညိုရောင်နှုတ်ခမ်းကနေလည်း နာမည်တစ်ခုကို တိုးတိုးလေးရေရွတ်လိုက်မိလေသည်။
"ဝဏ္ဏ..."
ထို့နောက် သူ ဖုန်းကိုချက်ချင်းကိုင်လိုက်ကာ
"ဟယ်လို..."
"ရှိန်း... မင်းဆန္ဒတွေပြည့်ပြီ..."
"ဟင်..."
"သူတို့တွေ ဒီနေ့ ရန်ကုန်ကိုသွားကြမှာ..."
"မင်း တကယ် အရိပ်ကိုတွေ့ပြီပေါ့ ဝဏ္ဏ..."
"အင်း... မင်းပျော်လိုက်တော့ ရှိန်း..."
"သူတို့အခုဘယ်မှာလဲ..."
"အမြန်လမ်းပေါ်မှာ... ငါ အခုသူတို့ကားနောက်ကိုလိုက်နေတာ ရှိန်း..."
"ငါအခုလိုက်ခဲ့မယ် ဝဏ္ဏ... မင်းဖုန်းကို Location ဖွင့်ထားလိုက်..."
"အင်း... ငါ့ကားပေါ်မှာ ဟိုကောင်တွေလည်းပါတယ်..."
"ဟုတ်လား ကောင်းတာပေါ့... ဒါဆို ဖုန်းချလိုက်တော့မယ်..."
"အင်း... အင်း..."
ဖုန်းချပြီးတော့ သူ့ရင်ဘတ်သူ အသာပြန်ဖိထားလိုက်ကာ
"ကျွန်တော့်နှလုံးသားလေး အသက်ပြန်ရှင်လာပြီ..."
ကျွန်တော့်ဘဝထဲကနေ အရိပ်ထွက်သွားတာ ဘာလိုလိုနဲ့ ရာသီနှစ်ရာသီတောင် ကျော်သွားခဲ့ပြီ။ အရိပ် မရှိတဲ့အချိန်တွေမှာ မစားနိုင်မသောက်နိုင်နဲ့ ကျွန်တော် အရူးတစ်ပိုင်းဖြစ်ခဲ့ရတယ်။ ဒါတွေကို ကျွန်တော့် သူငယ်ချင်းတွေကလွဲပြီး ဘယ်သူမှမသိကြဘူး။
အရိပ်အကြောင်း သတင်းအစအနမရလေ အသက်ရှူရတာခက်လာလေပဲ။ ကြာလာတော့ ရှင်သန်ဖို့ ကိုတောင် ကျွန်တော် အရမ်းကြောက်လာခဲ့တာ။ အရိပ်မရှိတဲ့အချိန်တွေဟာ ကျွန်တော့်အတွက်တော့ ရှင်နေရက်နဲ့သေနေရသလိုပါပဲဗျာ။ အခုတော့ ကျွန်တော် အရိပ်ကိုပြန်တွေ့ရတော့မယ်။ လွမ်းလိုက်တာ အရိပ်ရယ်။
သူ ရေချိုးခန်းထဲသို့ဝင်လာလိုက်လေသည်။ မှန်ထဲသို့ကြည့်လိုက်ကာ ရှည်လျားနေတဲ့ဆံပင်တွေနဲ့ နှုတ်ခမ်းမွှေးတွေကိုကြည့်လိုက်ပြီး အသာပွတ်သပ်လိုက်မိကာ အသာပြံုးလိုက်မိ၏။ မှန်မကြည့်မိတာ ဘယ်လောက်တောင်ကြာနေပြီလဲမမှတ်မိတော့။ မှန်ရှေ့ကစင်ပေါ်မှာရှိနေတဲ့ နှုတ်ခမ်းမွှေးရိတ်မယ့် ဓားကို ယူလိုက်ကာ မှန်ကိုကြည့်ပြီး နှုတ်ခမ်းမွှေးတွေကို ရိတ်နေမိလေသည်။ မှန်ထဲကသူ့ရုပ်သူကြည့်ကာ အညိုရောင်နှုတ်ခမ်းအစုံဟာ ပြံုးရောင်သမ်းသွားပြန်လေသည်။ သူ ပြံုးတာ ဘယ်နှစ်ခါရှိပြီမှန်းလည်း မသိတော့။ အရိပ်ရယ်... ကိုယ့်ပုံစံကိုသာ အရိပ်မြင်မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ ကိုယ်သိချင်လိုက်တာ။
💕💕💕💕💕💕💕
ခရာ ကားကိုမနည်းသတိထားမောင်းနေရ၏။ မိုးကရွာနေပြီး မီးကလည်းပြတ်နေသေးသည်။ လမ်းပေါ်မှာ ရေတွေကရွှဲနေတော့ ကားဘီးချော်သွားမှာကိုလည်း ကြောက်နေရ၏။
"ကိုကို... သတိထားနော်..."
"မကြောက်ပါနဲ့ ဆွေးရယ်... ဆွေးဘေးမှာ ကိုကိုုတစ်ယောက်လုံးရှိပါတယ်..."
ဆွေး ကိုကို့ကိုကြည့်ကာ ပြံုးလိုက်မိလေသည်။
"ဆွေးမကြောက်ပါဘူး ကိုကိုရဲ့... ကိုကိုတစ်ယောက်လုံး ဆွေးရဲ့ဘေးမှာရှိနေတာပဲ... ဆွေးက ကိုကို့အ တွက် စိုးရိမ်တာပါ..."
ခရာ ကြည်နူးစွာပြံုးလိုက်မိကာ ကားမောင်းနေတဲ့လက်တစ်ဖက်နဲ့ ဆွေးရဲ့လက်ကိုဆုပ်ကိုင်လိုက် လေသည်။
"အဲ့ဒါတွေကြောင့် ချစ်ဇနီးလေးကို ချစ်မဝဖြစ်နေရတာ..."
"ဆွေးလည်း တူတူပါပဲ ကိုကိုရယ်..."
တူတူပါပဲလို့ပြောတာတောင်မှ သူမရင်ထဲမှာ ကိုလေးကိုသတိရသွားမိကာ စို့နင့်သွားရလေသည်။
"ဆွေး စိတ်မကောင်းဖြစ်နေတာလား... လာ ကိုယ့်ရင်ခွင်ထဲလာ... ကိုယ် နှစ်သိမ့်ပေးပါရစေ..."
သူမ ခေါင်းလေးအသာရမ်းလိုက်ကာ
"ဆွေး ဘာမှမဖြစ်ပါဘူး ကိုကိုရယ်..."
"လာပါ ဆွေးရယ်..."
သူမဘာမှမပြောတော့ဘဲ ကိုကို့ရင်ခွင်ထဲသို့ တိုးဝင်လိုက်လေတော့သည်။ ခရာ သူမပခုံးကိုဖက်ထားရင်း ကနေ သူမနဖူးလေးကို ငုံ့နမ်းလိုက်လေသည်။
"ဟင် ကိုကို ရှေ့မှာ..."
"ဟာ..."
သူ လန့်သွားကာ ဘရိတ်အုပ်လိုက်ပေမယ့် မမှီတော့ဘဲ ကားကဘေးသို့ဦးတည်သွားကာ ကုုက္ကိုပင်ကြီးကို အရှိန်နဲ့ဝင်တိုက်လိုက်လေတော့သည်။
"ဒုန်း..."
"ဟာ... တိုက်ကုန်ပြီ..."
ဝဏ္ဏ ကားမောင်းရင်းကနေ ရှေ့ကိုကြည့်ကာ အလန့်တကြား အော်ဟစ်လိုက်လေသည်။
"အနောက်မှာ ရှိန်းရဲ့ကားပါလာတယ်... ငါတို့ ကျော်သွားရအောင်... ကျန်တာ ရှိန်းဆက်လုပ်လိမ့်မယ်..."
"အင်း..."
သူတို့တွေ ခရာတို့ကားကို တမင်ကျော်သွားလိုက်လေသည်။ ရှိန်း သူတို့ကားကျော်သွားတာကိုမြင်ပေမယ့် ဘာမှမပြောမိ။ သူ့ကားကို ခရာ့ကားနောက်မှာ ရပ်လိုက်ကာ ကားပေါ်ကနေ စိုးရိမ်တကြီး ဆင်းလိုက်၏။ ထို့နောက် အရိပ်တို့ကားအနားသို့ မြန်မြန်သွားလိုက်လေသည်။ ကားက စက်မသေသေးဘဲ အသံတွေနဲ့ အတူ မီးခိုးတွေပါ ထွက်နေ၏။ ရှိန်း ကားထဲသို့လှမ်းကြည့်လိုက်ကာ
"အရိပ်... အရိပ်... ဟင်..."
ဟိုလူ့ရင်ခွင်ထဲမှာ အရိပ်က သတိလစ်နေ၏။ အရိပ်ရဲ့ခေါင်းမှာ သွေးတွေရွှဲနေသလို ဟိုလူ့ခေါင်းမှာလဲ မြင်မကောင်းပေ။
ရှိန်း ကားတံခါးကိုဖွင့်လိုက်ကာ အရိပ်ရဲ့နှာခေါင်းနားကို စိုးရိမ်တကြီး လက်နှစ်ချောင်းနဲ့ အသက်ရှူမရှူ စမ်းသပ်လိုက်၏။
"အရိပ်ရယ်... တော်သေးတာပေါ့... အရိပ်သာတစ်ခုခုဖြစ်သွားရင် ကိုယ်သေမှာ..."
ရှိန်း ခရာ့ရင်ခွင်ထဲကနေ အရိပ်ကိုဆွဲပွေ့လိုက်လေသည်။ အမှတ်မထင် သူ့မျက်လုံးတွေက အရိပ်ဝတ်ထားတဲ့အကျႌဆီသို့ရောက်သွားကာ မျက်လုံးပြူးသွားလေတော့သည်။
"ဟင် အရိပ်မှာ ကိုုယ်ဝန်ရှိနေတာလား..."
ဗိုက်ဖုံးအကျႌဝတ်ထားတဲ့ သူမကိုကြည့်ကာ သူ့ရင်ထဲမှာ ဘယ်လိုခံစားမိသွားမှန်းမသိ။
"အရိပ်ရယ်... ကိုယ့်ကိုခွင့်လွှတ်ပါ... ဒီဘဝမှာလုပ်ခဲ့တဲ့ဒီအမှားတွေရဲ့ဝဋ်ကြွေးကို ကိုယ်နောက်ဘဝမှ ဆပ်ပါ့မယ်..."
သူ သူမရဲ့မျက်နှာကို စိုးရိမ်တကြီးငုံ့ကြည့်လိုက်ကာ ကားထဲကနေ ပွေ့ထုတ်လိုက်၏။ သူမရဲ့နဖူးပေါ်က ဆံပင်တွေကို နှုတ်ခမ်းနဲ့အသာမှုတ်လိုက်တော့ ဆံပင်တွေက ဘေးသို့ကျသွားလေသည်။ သူ သူမနဖူးကို ကြင်နာစွာငုံ့နမ်းလိုက်ပြီးမှ ကားထဲကဟိုလူ့ကိုလှည့်ကြည့်လိုက်ကာ
"အရိပ်အတွက်ဆို ကျုပ်က ငရဲပဲသွားရသွားရ သွားရဲတယ်... အရိပ်မရှိတဲ့ဘဝကို ကျုပ်ဘယ်လိုဖြတ်သန်း ခဲ့ရတယ်ဆိုတာ ခင်ဗျား ခံစားကြည့်လိုက်ပါ... ဒါပေမယ့် ခင်ဗျား ဒီတစ်သက် အရိပ်ကိုဘယ်တော့မှ ပြန်မတွေ့စေရဘူး အက္ခရာမောင်..."
သူ အရိပ်ရဲ့ခန္ဓာကိုယ်လေးကိုပွေ့ချီကာ ထိုနေရာကနေ ထွက်လာလိုက်လေတော့သည်။ မိုးကတော့ အငြှိုးကြီးစွာ သည်းသည်းမည်းမည်းရွာနေဆဲ။
ကျွန်တော်ပြောခဲ့ပြီးပြီပဲ ရာဇဝင်မှာ ခေတ်သစ်ဒဿဂီရိလို့ပဲ ကမ္ဗည်းတွင်တွင်... ဒီတစ်ဘဝတော့ ကျွန်တော် အရိပ်ကို သိမ်းပိုက်မယ်... ဒါဟာ အမှားအယွင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင်လည်း ဒီအမှားအယွင်းအတွက် နောင်ဘဝမှပဲ ဒီဝဋ်ကြွေးကို ငရဲမှာ ကျွန်တော်တစ်ယောက်ထဲ ခါးဆီးပြီးခံမယ်...
ကျွန်တော့်ရဲ့နာကျင်မှုတွေ ဝေဒနာတွေ အချစ်တွေ အလွမ်းတွေကြောင့် ရရှိခဲ့တဲ့ဒဏ်ရာတွေကိုပြန်ကုသဖို့ အတွက် ကျွန်တော့်ဘဝမှာ အရိပ်ကိုလိုအပ်တယ်။ ဟိုးအရင်ကတည်းက အရိပ်က ကျွန်တော့်အတွက် မရှိမဖြစ်ဖြစ်ခဲ့တာ။ အဲ့ဒါကို ကျွန်တော့်လက်ထဲကနေ သူ လုယူသွားတာ။ တကယ်တော့ သူတို့ပြောသလိုပဲ ကျွန်တော်က ဒဿဂီရိဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ကျွန်တော့်ရဲ့အချစ်ဇာတ်လမ်းက အခုမှစမှာ။ အက္ခရာမောင်နဲ့ကျွန်တော်ရဲ့ ရန်ငြှိုးနဲ့အာဃာတတွေကလည်း အခုမှစမှာပဲ။ ဒါပေမယ့် ဒီဇာတ်လမ်းက ကျွန်တော်ကိုယ်တိုင်ရေးမယ့်ဇာတ်လမ်းမို့လို့ ဒီဇာတ်လမ်းမှာ ကျွန်တော်က အချစ်ရှုံးသမား ဒဿဂီရိတော့ အဖြစ်ခံမှာမဟုတ်ဘူး။ ကျွန်တော်ပဲ အရိပ်ကိုအပိုင်သိမ်းမှာ။ အဲ့ဒီ့အတွက် စောင့်မျှော်ပေးကြပါ။
💕💕💕💕💕💕💕
[သဘောကျကျေနပ်မယ်ထင်ပါတယ်။ ရှိန်းအတွက် နစ်နာနေတယ်ထင်လို့ ဒုတိယတွဲလေး ဆက်ရေးပေး ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။]

#######
အိပ်မက်ကြယ်

ချစ်​သောကိုကို (Completed)Donde viven las historias. Descúbrelo ahora