EXTRA 2

25K 1.1K 9
                                    

Unicode


“ဖွားဖွားကြီးရဲ့ အသည်းကျော်လေး ဘယ်ကိုလည်း”

“ဖေဖေ့ဆီ”

“ဘယ်သူနဲ့သွားမှာလည်း ပြောပါအုန်း”

“ပါးပါးနဲ့ ဖွားဖွားကြီး”

ဒေါ်ကြိုင်ကြိုင်မှာ အသည်းကျော်လေးကိုကြည့်ပြီး အသည်းယားနေရတာဖြစ်သည်။ ကလေးနေမကောင်းဖြစ်ပြီးထဲက သူဒီကို‌ နေ့တိုင်းလိုလို ရောက်ဖြစ်နေတာ။ အခုလည်း သမီးဝေလွင်နဲ့ အဝတ်အစားလဲပြီး အရင်ဆင်းလာလို့ မေးလိုက်တာဖြစ်ပြီး အပြင်သွားမလို့တဲ့လေ။ ကြည့်ရတာ သူ့ဖေဖေက လိုက်ခဲ့ဖို့ခေါ်ပုံရသည်။

“ဟုတ်လား ဖွားဖွားကြီးက အသည်းကျော်လေးဆီ လာတာ၊ ဖွားဖွားကြီးတော့ တစ်ယောက်ထဲ ပျင်းနေတော့မှာပဲ ပါးပါးကိုပဲ လွှတ်လိုက်လေ၊ အသည်းလေးက ဖွားဖွားကြီးနဲ့ကျန်ခဲ့”

“ကျန်ဘူး ပါးပါးနဲ့ ဖေဖေ့ဆီ သွားမှာ”

သူ့အဖေကိုအရမ်းချစ်တဲ့ အသည်းကျော်လေး။

“ဖွားဖွား ရောက်နေတာလား”

“အင်း မြေးလေးရယ်၊ ဒီအသည်းကျော်လေးနားနေချင်လို့ရောက်နေတာကို ဖွားဖွားနဲ့မကျန်ခဲ့ဘူးတဲ့လေ”

“ဟုတ်လား သား”

“ဟုတ်တယ်”

သားက အမှန်အတိုင်းပြောတတ်တဲ့ အကျင့်လေးရှိသည်။ ဘာကိုမှ မညာတတ်။ သူ့အဖေက အမှားလုပ်ရင်တောင် အမှန်အတိုင်းပြောခိုင်းပြီး သေချာရှင်းပြတာကြောင့် သားကမှတ်ထားပြီး အမှန်အတိုင်းပြောသည်။ ဖွားဖွားက သားနေမကောင်းဖြစ်ထဲက အိမ်ကိုနေ့တိုင်းလို့ ရောက်နေတာ။

“ဖွားဖွားရယ် ပင်ပန်းပါတယ်၊ နေ့တိုင်းမလာပါနဲ့ ကျွန်တော်နဲ့သား နောက်ရက်တွေ လာခဲ့ပါမယ်”

“သား လာခဲ့မယ်”

သားက သူပြောတိုင်း လိုက်ပြောတော့သည်။

“အမလေး ကျမ အသည်းတွေ ပျော်ကုန်ပါပြီ ရှင်”

“ဟီးဟီး”

ဖွားဖွားကို ပေါက်နေတဲ့သွားလေးတွေအားလုံပေါ်အောင်ရယ်ပြသေးတာဖြစ်သည်။

“သား ဖွားဖွားကြီးကို နှုတ်ဆက်လိုက်အုန်း”

“ဖွားဖွားကြီး တာ့တာ”

“တာ့တာ ပြန်လာရင် ဖွားဖွားကြီးတဲ့ မုန့်ဝယ်ခဲ့နော်”

“ဟုတ်”

ပိုးသား သားကိုဖိနပ်စီးပေးဖို့လုပ်ရတော့သည်။

“ပါးပါး ဟိုဟာ စီးမယ်”

ခြေညှပ်ဖိနပ်လေးစီးပေးတာကို မာမီဝယ်ပေးထားတဲ့ sneaker ကိုလက်ညှိုးထိုးပြသည်။ ပိုးသားကြည့်လိုက်တော့ သူ့ကိုမျက်နှာငယ်လေးနဲ့ လုပ်ပြကာ ပြန်ကြည့်၏။ ပိုးသား အသည်းယားလွန်းလို့ သားရဲ့ပါးဖောင်းဖောင်းတွေကို နမ်းပစ်လိုက်သည်။ သားက သူ့ကိုနမ်းရင် သဘောကျပြီး ရယ်တတ်သေးတာဖြစ်သည်။ ပိုးသားမှာ ကိုကိုက ကုမ္ပဏီကိုလိုက်လာခဲ့ဖို့ ပြောတာကြောင့်ချက်ချင်းထလိုက်ခဲ့ရတာဖြစ်ပြီး သားကိုပါခေါ်ခဲ့ပါအုန်းတဲ့လေ။ သားကတော့ အဖေဆီ သွားရမယ်ဆို‌တာသိထဲက ခုန်ပေါက်နေတာ။ ဟိုဟာ ဝတ်မယ် ဒီဟာဝတ်မယ်ဆိုပြီး လက်ညှိုးဖောင်းဖောင်းလေးက တွေ့ကရာ အကုန်လိုက်ထိုးပြနေသေးတာဖြစ်သည်။ ကားပေါ်မှာလဲ ပါးစပ်နဲ့အစားက မပြတ်။ ဒီလိုစားနေမှတော့ ဒီဗိုက်ပူပူလေးက ဘယ်လိုကျပါတော့မလဲ။ ပေါင်ပေါ်မှာထိုင်ခိုင်းလည်းမရ။ ဘေးမှာဆင်းထိုင်ပြီး သူခွာပေးသမျှ လိမ္မော်သီးကို ပါးစပ်နဲ့မပြတ်အောင် ယူစားနေ၏။ ခွားပြီး လိမ္မော်သီးစိတ်လေးတွေကို ထည့်မပေးတာတောင် သူ့လက်ဝါးထဲက နှိုက်နှိုက်စားနေတာ။

“အစ်ကိုလေး ရောက်ပြီ”

ရှေ့က သူနဲ့သားအတွက် ငှားပေးထားတဲ့ ယာဉ်မောင်းပြောမှပဲ ပတ်ဝန်းကျင်ကိုသတိထားမိတော့သည်။

“ကျေးဇူးပါ”
“ကျေးဇူးပါ”

သားကပါအခုတော့ အဲ့လိုပြောတတ်နေပြီဖြစ်သည်။ သားခေါင်းလေးကိုပွတ်သပ်လိုက်ပြီး ချီကာဆင်းလိုက်သည်။

“ပါးပါး အောက်ဆင်းမယ်”

“ဘာဖြစ်လို့လဲ ပါးပါးအပေါ်မှာနေလေ”

“အောက်ဆင်းမယ် ပါးပါး”

အောက်ဆင်းချင်သူကို အောက်ကိုချပေးရသည်။ ဆံပင်အုပ်အုပ်လေးနဲ့သားက စပို့ရှပ်ဗြောင်လေးကို ဂျင်းဘောင်းဘီလေးနဲ့တွဲဝတ်ထားကာ sneaker စီးပြီး အားလုံးရဲ့အငေးခံနေရသည်။

“ပါးပါး လက်ကိုကိုင်ထားလေ ဘယ်သွားရမလဲ သားသိလို့လား”

“သိဘူး ဟိဟိ”

မသိဘူးဖြေပြီး သူ့လက်ကိုလာကိုင်ကာ ဟိဟိနဲ့ရယ်လိုက်သေးသည်။ သူ့လက်ကိုကိုင်ပြီး လမ်းလျှောက်နေလို့သာ လမ်းကမှန်နေတာ သားရဲ့ခေါင်းလေးက ရှေ့တည့်တည့်ကိုကြည့်နေတာမဟုတ်ပဲ ၃၆၀ ဒီဂရီကိုလည်နေတာ။ ဘေးမှာ မြင်မြင်သမျှ အားလုံးလိုက်ကြည့်နေတာ။ ကုမ္ပဏီက ဝန်ထမ်းတွေအားလုံးကတော့ သူတို့ကုမ္ပဏီအဆောက်အဦးထဲ ဝင်လာတဲ့ ဆံပင်အုပ်အုပ်လေးနဲ့ လူနှစ်ယောက်ကိုကြည့်နေကြသည်။ သားအဖလို့ မေးစရာမလိုအောင် ရုပ်ရော ဆံပင်ညှပ်ထားတဲ့ပုံရော တူနေတယ်မလား။

ထည်ဝါကတော့ သားကမော့မော့ပြီး စကားပြောတဲ့အခါ ငုံ့ကြည့်ပြီးသားကို စကားပြန်ပြောနေတဲ့ သားအဖ နှစ်ယောက်ကိုကြည့်နေလိုက်သည်။ သူ့ကိုမမြင်ပဲ စကားလုပြောနေတာ။ မြင်ပါပြီ ပေါက်စလေး မြင်သွားတာကို သူသိနေသည်။ နှုတ်ခမ်းလေးက ဝိုင်းဝိုင်းလေးလုပ်ကာ မျက်လုံးလေးအဝိုင်းသားနဲ့ သူ့ကိုလှမ်းကြည့်နေ၏။

“ပါးပါး ဖေဖေ ဖေဖေ”

သူ့လက်ကိုလှုပ်ပြီး လက်ညှိုးထိုးပြကာ ပြေးသွားတော့သည်။ ပိုးသားမှာ ချော်လဲမှာဆိုးလို့ သားနောက်က ပြေးလိုက်ရသည်။ ဒီအရွယ်လေးတွေက လှစ်လှစ် လှစ်လှစ်နဲ့ အရမ်းပြေးတတ်ပြီး ခြေလှမ်းကျဲတဲ့ လူကြီးတွေတောင် လိုက်မမှီပဲ နေတာမလား။ တကယ်လဲ သူ့မှာ မှီအောင်မဆွဲနိုင်။ ကိုကိုက အပြေးလာပြီးသားကိုချီရသည်။

“ဖေဖေ ဖေဖေ”

“ဟုတ်ကဲ့ခင်မျာ၊ ပြောပါ ခင်မျာ”

“ပါးပါး နဲ့ ဖေဖေ့ ဆီလိုက်လာတာ”

ရွှတ်!

“အိုး လိမ္မော်သီးတွေစားထားတာလား”

“ဟုတ်တယ် ဟုတ်တယ် သီးသီးစား ပါးပါးခွာ”

ထည်ဝါ့မှာ သားရဲ့ပါးဖောင်းဖောင်းကြီးကို ခပ်ကြမ်းကြမ်းနမ်းပစ်လိုက်သည်။ ဘယ်လောက်တောင်စားလာလည်းမသိ ပါးတစ်ဝိုက်မှာ လိမ္မော်နံ့တွေစွဲနေတာ။ ပါးပါး အသီးခွာပေးတာကိုပါအစ ပြောပြနေသေးတာဖြစ်သည်။

“အထဲ သွားရအောင် လာ ကလေး”

ပိုးသား ကိုကို့လက်ထဲက လက်ကိုဆွဲထုတ်ပေမယ့် ထုတ်လို့မရပေ။ ကိုကိုက သားကိုတစ်ဖက်က ချီရင်း သူ့လက်ဖဝါးကိုဆုပ်ကိုင်ကာ ဆွဲခေါ်သွားတာကြောင့်ဖြစ်သည်။ သူတစ်ခါမှ လူမြင်ကွင်းမှာ ကိုကိုနဲ့ လက်ချင်းချိတ်မသွားဘူးသလို ဒီလိုကြီးသွားရတော့ တစ်မျိုးကြီးဖြစ်နေသည်။

“ကိုကို လွှတ်”

“ဘယ်ကိုလွှတ်ရမှာလဲ မလွှတ်ဘူး”

ရုံးဝန်ထမ်းတွေကတော့ MD က ကလေးကိုချီပြီး လက်ကိုဆွဲခေါ်သွားတဲ့ လမ်းကြောင်းတစ်လျှောက်ကိုလိုက်ငေးနေတော့သည်။ သူတို့ သူဌေး လက်မှာဝတ်ထားတဲ့ လက်စွပ်နဲ့အတူ စိတ်ပြန်ကြည်လာတာ ဒါလေးကြောင့်လားဆိုတာ သိချင်နေကြသည်။

“ဟဲ့ဟဲ့ ကလေးလေးက သူဌေးရဲ့ ကလေးပဲ ဖြစ်ရမယ်”
“အဲ့ဒါဆို အတူပါလာတဲ့ သူကရော”
“သူက ကလေးရဲ့ အဖေလေ”
“ဟဲ့ ရှုပ်ကုန်ပြီ သူဌေးကလည်း ကလေးအဖေ၊ အတူပါလာတဲ့ ချစ်စရာကောင်လေးကလည်း ကလေးရဲ့အဖေ ဘာတွေလဲ”
“ဟဲ့ ငါသေချာကြည့်ထားတယ် လက်စွပ်အတူတူပဲ”
“ဟုတ်လားဟုတ်လား ဒါဆို လက်ထပ်ထားတာလား”

နောက်မှာ လူစုကာအချင်းချင်း စပ်စုကြတော့သည်။ သူဌေးကို ဖေဖေလို့ခေါ်တာ သူတို့ကြားလိုက်တယ်မလား။ ပြီးတော့သူဌေးကလည်း ဟိုဖြူဖြူကောင်လေးကို လက်ဆွဲခေါ်သွားတယ်လေ။ လက်ကိုဆွဲတာ ပုံမှန်လို့ဆွဲတာမဟုတ်။ ဒီလို တယုတယနဲ့ လက်ဖဝါးကနေ သေချာကိုင်သွားထဲက ပတ်သက်မှုရှိလို့ပဲမဟုတ်လား။

ပိုးသားမှာ ဓါတ်လှေကားထဲရောက်မှ သက်ပြင်းချမိတော့သည်။ ကိုကိုက သူ့လက်ကိုလုံးဝမလွှတ်တော့သလို သူ့ကိုလည်း တစ်စက်ကလေးမှ လှည့်မကြည်။ သားမေးသမျှကိုပဲဖြေပေးနေတာ။ သားကလည်း ဘာတွေမေးမှန်းမသိ တောက်လျှောက်ကိုမေးနေတာဖြစ်သည်။

“အထဲမှာ ချာတိတ်ကိုတွေ့ချင်တဲ့သူ စောင့်နေတယ်”

“ဟင် ဘယ်သူလဲ”

“အထဲရောက်ရင် သိရမှာပေါ့ ရှူး..”

“ကိုကို!”

ကိုကိုက သားကြည့်နေတာတောင်ငုံ့ပြီး သူနားထင်စပ်ကိုနမ်းလိုက်တာကြောင့် သူ့မှာထူပူသွားတာဖြစ်သည်။ သားရှေ့ကို အဲ့လိုတွေ လိုက်မလုပ်ပါနဲ့ဆိုတာကို။ သူပြောတော့လည်း ပြုံစိစိလုပ်နေ၏။

“အာ့! ကိုကို နာနေပြီလေ၊ သား လုပ်ပါအုန်း”

“ဟင့်! ဖေဖေ့”

ပိုးသား အမြင်ကပ်ကပ်နဲ့ မျက်စောင်းထိုးလိုက်သည်။ ထည်ဝါကတော့ သားအကူအညီနဲ့ ချာတိတ်လက်ထဲက သူ့ဗိုက်သားလေးက လွှတ်သွားတော့သည်။ ဗိုက်ခေါက်ကိုဆွဲလို့မရမှန်းသိတော့ လက်အဖျားနဲ့ အသားကိုမရမက ဆိတ်ဆွဲတာ။ သားရဲ့ ငိုမဲ့မဲ့အသံထွက်လာမှ လွှတ်ပေးတာ။ ထည်ဝါ ကြိတ်ရယ်လိုက်ရသည်။ သားရှေ့မှာ နမ်းမိလို့ လုပ်လိုက်တာ။ သူ ထိန်းပေမယ့် မထိန်းနိုင်ရင် သားရှေ့မှာ မနမ်းပါဘူး ကတိပေးထားပြီး နမ်းလိုက်တာပဲဖြစ်သည်။

“မဝင်ဘူးလား ဘာကိုကောက်နေတာလဲ ကွာ”

“ဘယ်မှာကောက်လို့လဲ”

“ကောက်ပါတယ် စိတ်ကောက်ပြေအောင် ထပ်နမ်းရအုန်းမှာလား”

“ကိုကို”

“ဟိဟိ”

သားအသံနဲ့ ပါးပါးအသံကတစ်ပြိုင်ထဲ ထွက်လာသည်။ သားရှေ့မှာ မလုပ်နဲ့ပြောထားတာကို လုပ်လို့ စိတ်ကောက်ချင်နေတာ။ နှုတ်ခမ်းက စူနေတာကို ထည်ဝါအသိဆုံးဖြစ်သည်။

“အထဲဝင်မယ် နောက်မှာစိတ်ဆိုး ဟုတ်ပြီလား”

တံခါးဖွင့်ပေးကာ အထဲကိုအရင်ဝင်ခိုင်းလိုက်သည်။ ပိုးသားကတော့ အထဲလည်းအရောက် သူနဲ့တွေ့ဖို့စောင့်နေတယ်ဆိုတဲ့ သူကို ကြည့်လိုက်မိသည်။ Carrot ပဲ။ Carrot က သူ့ကိုမြင်ကာ ထရပ်ပြီး လာဖက်တော့သည်။ မတွေ့တာ ဘယ်လောက်တောင်ကြာသွားပြီလဲ။ ဒါက ပျော်ဖို့ကောင်းပြီး ဝမ်းနည်းဖို့လည်းကောင်းသလိုဖြစ်နေသည်။ Carrot က မတွေ့ရတဲ့ အတောအတွင်းမှာ အရပ်ရှည်လာတယ်သည်။ သူက carrot ပုခုံးအောက်မှာမြုပ်နေ၏။
ထည်ဝါကတော့ ပူးကပ်ပြီးဖက်ခံထားရတဲ့ ပိုးသားကိုဆွဲထုတ်ဖို့ carrot ပုခုံးကိုပုတ်ကာ သတိပေးပြီး ပိုးသားကိုဆွဲထုတ်လိုက်သည်။

‘ငါက မင်းနဲ့အဆက်အသွယ်ပြတ်သွားလို့ ဘယ်လောက်တောင် ဝမ်းနည်းနေရလဲ မင်းသိလား’ ဒါက carrot ဘက်ကစပြောတဲ့ စကားဖြစ်သည်။

‘ငါလည်း မင်းကိုသတိရပါတယ်၊ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မဆက်မသွယ်ဖြစ်တာကို တောင်းပန်ပါတယ်’ carrot ကိုသူ body language နဲ့ စကားပြန်ပြောလိုက်၏။

“ကဲ ထိုင်ကြရအောင်လေ အေးဆေးစကားပြောလို့ရတယ်”

ထည်ဝါသတိပေးလိုက်သည်။ သတိမပေးမချင်း ထိုင်မယ့်ပုံမရှိ။ အားလုံးထိုင်ပြီးတဲ့ အချိန်မှာ သားက ကိုကို့အပေါ်ကနေ သူ့အပေါ်ကို ကုတ်ဖဲ့တက်လာတော့သည်။ ပိုးသား သားကိုချီပြီး ပေါင်ပေါ်တင်တော့ တစ်ဖက်က carrot ကိုကြည့်ကာ သူ့လည်ပင်းကိုဖက်ထားသည်။

‘ဒါက ဘယ်သူလေးလဲ silk’ carrot ကသူ့အပေါ်ကသားကိုကြည့်ပြီး မေးတော့သည်။ သားက သူ့လည်ပင်းကိုဖက်ကာ carrot ကိုမျက်တောင် မခက်ပဲကြည့်နေသည်။ ထူးဆန်းနေတာ။ ထည်ဝါကတော့ ပါးပါးကိုသဝန်တိုနေတဲ့ သားကိုကြည့်ပြီး ရယ်ချင်သွားသည်။ ပါးပါက တခြားသူနဲ့ ဖက်တာကိုတွေ့တာနဲ့ ထိုင်လည်းထိုင်ရော သူ့အပေါ်က ချက်ချင်းလျောဆင်းပြီး သူ့ပါးပါးပေါ်ကိုချက်ချင်းကုတ်ဖက်တက်ကာ တစ်ဖက်က carrot ကိုကြည့်နေတာ အကြည့်မလွှဲ။ ပိုးသား သားကိုဖက်ထားရင်း

‘သားလေးလေ၊ ငါကိုယ်တိုင်မွေးထားတာ’ ဆိုပြီး သားကိုဖက်ထားတဲ့အတိုင်း body language နဲ့ မနည်းပြောရသည်။ သားက သူ့ကိုဖက်တွယ်ထားတာ ကျစ်နေတာ။ တစ်ဖက်က carrot ကတော့ အခြေအနေ အားလုံးကို နားလည်သွားသလို ရှိသည်။ ဒယ်ဒီက သူ့ကိုပြောပြဖူးတယ်မလား။ အမျိုးသား နှစ်ယောက်လက်ထပ်ထားတယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ဒါဆို silk က သူတို့ပါဝင်တဲ့ project ရဲ့ ပိုင်ရှင်နဲ့လက်ထပ်ထားတာပေါ့။

“သား မင်္ဂလာပါ ကိုကို နှုတ်ဆက်လိုက်လေ”

ပိုးသား သားမျက်နှာလေးကိုဆွဲယူပြီးပြောတော့ သားက နှုတ်ခမ်းကြီးတင်းတင်းစေ့ထားသည်။

‘Silk မင်း စကားပြောတတ်တာလား’ တစ်ဖက်က မေးလာမှ carrot ထူးဆန်းသွားမှာကို သူသဘောပေါက်သွားသည်။ သူက အသံအိုးထိပြီး အသံပျောက်သွားတာ ဖြစ်ကြောင်း သေချာရှင်းပြရသည်။ Carrot ကတော့ ဝမ်းသာနေ၏။

“သား နှုတ်ဆက်လိုက်လေ”

“မင်္ဂလာပါကိုကို၊ ပါးပါးကို မပေးဘူး”

“သား”

“ဟားဟား”

ကိုကိုက ရယ်ပါတော့သည်။ သားက တကယ်ပါပဲ။ Carrot ကို သားနှုတ်ဆက်ပြီး ဘာပြောလည်းဆိုတာကို ရှင်းပြတော့ carrot က မျက်လုံးလေးပြူးကာ ကြည့်ရှာသည်။ ပြီးမှ သားကိုကြည့်ကာ ရယ်ပါတော့သည်။ သားကိုလည်း မှတ်ချက်ပေးသွား၏။ မင်းသားက အတတ်လေးပဲတဲ့လေ။ Carrot နဲ့ စကားပြောရင်း နောက်ရက်တွေ “မြိုင်” ကျောင်းမှာတွေ့ဖို့ပြောရသည်။ နေ့လည်စာ အတူစားကြသေးတာဖြစ်သည်။

“ကဲ သား ပါးပါးပေါ်က မဆင်းဘူးလား”

တစ်နေ့လုံး သူ့အပေါ်မှာ ကပ်နေတာ။ အဖေခင်တဲ့သားက ထမင်းစားတော့လည်း သူ့အပေါ်ကမဆင်း။ တစ်ချိန်လုံး carrot ကိုလည်းကြည့်နေတာ။ Carrot ကသူ့ကိုဟင်းထည့်ပေးဖို့လက်လှမ်းရင် သားက သူ့လက်ကိုလှမ်းဆွဲထားတာဖြစ်သည်။ Carrot က သားကိုကြည့်ပြီး ရယ်ကာ မင်းရဲ့သားက သဝန်တိုနေတာလို့တောင် ပြောသွားတာ။ အဲ့ထဲက ကပ်နေတာ။ Carrot ပြန်တော့ နှုတ်ဆက်မလို့ကို သားက သူနဲ့carrot လက်ဆွဲဖို့လုပ်လိုက်တာနဲ့ သူ့လက်ကိုဆွဲပြီး carrot ကိုမျက်ခုံးတွေကြုတ်ပြီး ကြည့်သေးတာဖြစ်သည်။ သားကိုကြည့်ပြီး လူကြီးတွေအားလုံးက သဘောတကျဖြစ်နေတာ။ သူ့အဖေက ထိပ်ဆုံးကပေါ့။ ကိုကို သဝန်တိုစရာရှိရင် သားကိုထည့်လွှတ်လိုက်မယ်တဲ့လေ။ လိုက်လည်းလိုက်တဲ့ သားအဖ။

“ကဲ ဘယ်လိုလည်း ဖေဖေ့ဆီမသွားဘူးလား”

“သွားဘူး ပါးပါးနဲ့နေမှာ”

“ဟုတ်ပြီ၊ ပြီးမှ ဖေဖေဆီဆိုမရဘူးနော်”

အဲ့တော့မှ သူ့ကိုမော့ကြည့်လာပြီး တစ်ဖက်ကသူ့အဖေကိုလည်း ကြည့်ရသေးသည်။

“ဖေဖေ့ဆီ သွားမယ်”

နောက်ဆုံတော့ သူ့အပေါ်ကဆင်းသွားတော့သည်။

“ဖေ့သားက လိမ္မာလိုက်တာကွာ၊ အလိမ္မာတုန်းလေးကို ဆုချတဲ့အနေနဲ့ ချိစ်ပီဇာ သွားစားကြမယ်”

“ချိစ်ပီဖာ၊ ချိစ်ပီဇာ စားမယ်”

“အိုကေ ပါးပါးသွားမယ်၊ ချိစ်ပီဇာ သွားမယ်လေ”

ထည်ဝါ ချာတိတ်ကိုခေါ်လိုက်တော့ သူ့ဆီကိုလှလှပပ မျက်စောင်းတစ်စုံက ကျရောက်လာတော့သည်။ သားကိုချီပြီး ထည်ဝါ ရှေ့ကနေ ရင်ကော့ပြီးထွက်သွားလိုက်သည်။ ပိုးသားကတော့ ရှေ့က ကော့ကော့နဲ့ထွက်သွားတဲ့ သားအဖနှစ်ယောက်ကို ကြည့်ပြီးအမြင်ကပ်နေတော့တာပဲ သိသည်။ တကယ်ပါ သားက ဘာဖြစ်လို့ သူ့ကိုအဲ့လောက်တောင် ကပ်သွားလည်းမသိ။ ကိုကိုကလည်း သားလုပ်ရပ်ကို အားပေးနေတာ။ သူလည်း လွတ်လွတ်လပ်လပ်နေတာမဟုတ်ပါဘူး။ အိမ်ထောင်ရှိတာလည်းသိကြာတာပဲ။ ဘယ်သွားသွား တွဲလောင်းတွဲလောင်းနဲ့ သားတစ်ယောက်က အမြဲပါနေတာလေ။ ပြီးတော့ ဘယ်မှလည်းတော်ရုံထွက်တာမဟုတ်။ ဘယ်သူနဲ့မှလည်း သိပ်သိတာမဟုတ်။ လူသွားတာ လာတာဆိုလို့ ကိုကို့ဆီလာတယ်။ ဒါလည်းသားပါတာပဲ။ ဒါကို သားအဖနှစ်ယောက်က ဘာကိုလက်ဝါးရိုက်ပြီး သူ့ကိုအတင်းတွေလိုက်ကပ်နေလဲမသိ။

“ဟေ့ ပါးပါး မြန်မြန်လာ၊ သား ဗိုက်စာနေပြီ”

ထည်ဝါ နောက်ကဖြည်းဖြည်းချင်းလိုက်လာတဲ့ ချာတိတ်ကိုလှည့်ပြီးစလိုက်သည်။ သားကတကယ် သူ့ပါးပါးကို သဝန်တိုသွားတာ။ တစ်ဖက်က သူ့ပါးပါးကို လက်ဆွဲနှုတ်ဆက်မယ်ဆိုရင် ပါးပါးလက်ကိုအတင်းတွေဆွဲနဲ့လုပ်နေတာ။ သူကတော့ လွှတ်ပေးထားရင်း ကြည့်ပဲနေလိုက်သည်။

“ဖေ့သားလေးက ဒီနေ့အရမ်းလိမ္မာနေတာ ဘယ်လိုလုပ်မလဲ”

“ဟိဟိ ဖေဖေ့ချစ်”

“ဖေဖေကလည်း သားသားလေးကို အရမ်းချစ်”

ပိုးသားကတော့ ရှေ့က သားအဖနှစ်ယောက်ကို မျက်ခုံးတွေ တွန့်ချိုးကြည့်လိုက်သည်။ ဒီနှစ်ယောက်ကို သူလုံးဝမကျေနပ်။


ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now