EXTRA 3

24.3K 1K 10
                                    

Unicode


“သား မဆော့ရဘူးလေ မျိုမချရဘူး သေချာထွေးထုတ်လေ”

ညထဲက မနက်ဖေဖေနဲ့အတူတူ လမ်းလျှောက်မယ်လုပ်နေတာကြောင့် နှိုးပြီးမျက်နှာသစ်သွားတိုက်ဖို့ လုပ်ပေးနေတာ။ သွားတိုက်တံလေးထဲ သားအတွက် သွားတိုက်ဆေးထည့်ကာ လက်ထဲထည့်ပေးတာကို သားကသေချာတော့တိုက်နေပါရဲ့ အမြှုပ်တွေကို ထွေးမထုတ်ပဲ မျိုချနေတာဖြစ်သည်။

“ဖေဖေနဲ့လိုက်မှာဆို၊ ဖေဖေက စောင့်နေပြီလေ မဆော့ရဘူးလေ”

“ရက်စ် ပြီးပြီ ပါးပါး”

သွားကိုစေ့ပြသေးတာဖြစ်သည်။ အမြှုပ်တွေလည်း ဗိုက်ထဲအားလုံးရောက်သွားပြီ။ ပိုးသား သားကို မျက်နှာသစ်ပေးပြီး သဘက်နုနုနဲ့ သုတ်ပေးကာ အဝတ်လဲပေးဖို့လုပ်ရသည်။ ကိုကိုက သူနဲ့သားလိုက်မယ်ဆိုထဲက အားကစားဝတ်စုံကို ဒါဇင်လိုက် ဝယ်လာတာ။ သားကလည်း အဲ့အဝတ်တွေကိုတွေ့ထဲက မအိပ်မချင်း ဖေဖေနဲ့အတူတူလိုက်မယ်၊ အင်္ကျီဝတ်မယ်ဆိုပြီး ပြောနေတာ။ မနက် ကိုကိုနှိုးတော့လည်း ဂျီမကျပဲ ချက်ချင်းထတာဖြစ်သည်။ ဆရာဝန်ညွှန်ကြားတဲ့ ကလေးတွေအတွက် သွားတိုက်ဆေးကို ဝယ်ပေးထားတာဖြစ်ပြီး ချိုနေတော့ ထွေးမထုတ်ပဲ မျိုပဲချနေတာ။

“ပြီးပြီလား”

“ဖေဖေ ကြည့်”

“ဖေ့သားက အလန်းပဲ အားကစားဝတ်စုံနဲ့ မိုက်သွားပြီကွာ”

မိုက်မှာပေါ့ ဝတ်စုံဆို အင်္ကျီနဲ့ဘောင်းဘီတင်မဟုတ်ပဲ အစုံလိုက်ဝယ်ပေးထားတာကို။ နဖူးမှာလဲ အပတ်နဲ့၊ လက်မှာလဲ အပတ်နဲ့။ ဘောင်းဘီက ဒူးကျလေးကိုမှ ခြေအိတ်က ခြေသလုံးအလည်ထိရောက်ပြီး အားကစားဖိနပ်နဲ့လေ။ သူက အင်္ကျီနဲ့ဘောင်းဘီပဲ ဝတ်ပေးမလို့ လုပ်တာကို အစုံဝယ်ပေးထားတာကိုသိတဲ့သားက တစ်ခုပြီးတစ်ခု ဝတ်ခိုင်းတော့တာ။

“ကလေးပါလိုက်မလား”

“မလိုက်ဘူး မနက်စာ မုန့်ဟင်းခါး ချက်ပေးမလို့”

“မုန့်ဟင်းကြိုက်”

ပါးပါးလုပ်ပေးတဲ့ မနက်စာ နေ့လည်စာ သားမကြိုက်တာဘာရှိလဲလို့ပဲ ထည်ဝါမေးချင်လိုက်သည်။ သားတင်မဟုတ်ပါဘူး သူကိုယ်တိုင်ရော ချာတိတ်လုပ်ပေးတာမှန်သမျှ ကြိုက်နေတာကြောင့် မေးချင်ပေမယ့်လည်း မမေးရဲ။ သူ့ဘက်ကိုလှည့်လာတော့မှာမလား။

“ဖေဖေ့ဒီပေါ်လာမလား”

“လာမယ် ဖေဖေချီ”

ကိုကိုကဂုတ်ပေါ်ခွပြီးခေါ်ဖို့လုပ်သည်။ ပိုးသားမှာ သားကိုမြှောက်ပြီးတင်ပေးချင်ပေမယ့် အရပ်ကမမှီ။ ကိုကိုက သူ့ပါသူသားကိုချီမြှောက်ပြီး ဂုတ်ပေါ်တင်ကာ ထွက်သွားတော့သည်။ သားကတော့ အကြိုက်ဖြစ်ပြီး သူ့ဖေဖေကိုပါးရိုးကိုအုပ်ကိုင်ပြီး တခစ်ခစ်ရယ်ကာထွက်သွားတော့သည်။ ပိုးသား စောင်တွေသေချာခေါက်ကာ သူ့နေရာနဲ့သူထားပြီး မုန့်ဟင်းခါးချက်ဖို့ သွားပြင်ဆင်လိုက်သည်။ မေမေ့ကိုတော့ မနှိုးပဲထားလိုက်၏၊ မေမေက သူ့အမြေးအတွက်ဆိုပြီး မုန့်တစ်မျိုးပြီးတစ်မျိုးလုပ်ပေးနေကျမလား။ နေ့လည်စာလည်း ဝါဝါရှိရဲ့သားနဲ့ ကိုယ်တိုင်ဝင်လုပ်သေးတာဖြစ်သည်။
ပိုးသား မီးဖိုချောင်ထဲမှာ တစ်ယောက်ထဲအလုပ်ရှုပ်နေသည်။ ငါးပြုတ်ထားတာကို အရိုးမပါအောင် သေချာနွှင်ရသည်။ ကြက်သွန်ဖြူ ဆီချက်က မနေ့ကထဲက ချက်ပြီးသားဖြစ်သည်။ ကြက်သွန်နီကို ဆီသတ်ဖို့လှီးတန်လှီး၊ အလုံးလိုက်ထည့်ဖို့ အသေးတွေကို သီးသန့်ထပ်ခွာရသည်။ ကြက်သွန်ဖြစ်နဲ့ဂျင်းကိုထောင်းပြန်း ပန်ကန်ထဲ အဆင်သင့်ထည့်ထားရ၏။ ဆင်းလာထဲက ပြုတ်ထားတဲ့ ကြက်ဥအိုးက ဆူနေလို့ ပိတ်ထားလိုက်တော့သည်။ ပဲပြုတ်ပြီး ချေပြီးသားကို ရေခဲသေတ္တာထဲက ထုတ်ပြီး အပူနည်းနည်းပြန်ပေး၊ ဆန်လှော်မှုန့်ကို ရေနဲ့ ဖျော်ထားလိုက်ကာ ဆီသတ်ဖို့ လုပ်လိုက်သည်။ ဆီဆူမှ ဆီသတ်ဖို့ လှီးထားတဲ့ ကြက်သွန်နီကိုအရင်သတ်ရ၏။ အနေတော်လောက်မှ ထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူကို ထည့်လိုက်ကာ ကြက်သွန်ဖြူနဲ့ဂျင်းနံ့သင်းမှ အရောင်နည်းနည်းတက်ရင် အရောင်တင် နည်းနည်းထည့်လိုက်သည်။ ပြီးမှ ငါးပြုတ်ကိုထည့်ကာ မွှေးနေအောင် ဆီသတ်ပြီး အပူပြန်ပေးထားတဲ့ ချေထားတဲ့ပဲအနှစ်ကို ထည့်လိုက်သည်။ တစ်ယောက်ထဲလုပ်နေတာကြောင့် လူမရှုပ်ပဲအလုပ်က ပြီးမြန်သည်။ ပဲကိုသေချာလုံးပြီးမှ ကြက်သွန်နီးလုံးတွေကိုထည့်ကာ ဆန်လှော်မှုန့်ကိုဖျော်ထားတာကို ထည့်ရသည်။ အောက်ကိုကပ်မသွားအောင်လည်း ဂရုစိုက်ရ၏။ အားလုံးအပြီး မွှေရင်းရေနွေးကို လိုသလောက်ထည့်ရသည်။ ဒီလိုမျိုးကို ရန်ကုန်မှာ သိပ်မတွေ့ရ။ စားချင်လို့ မှာပေးရင် အရည်ကျဲပြီးစားလို့မကောင်းပေ။ ကိုယ်တိုင်ချက်တော့ သန့်ရှင်းသပ်ရပ်ပြီး စားလို့ကောင်းသည်။ အရသာမြည်းပြီး ပျစ်ပျစ်လေးရမှ မီးပိတ်ထားလိုက်ကာ မုန့်ဖတ်ကို မွှလိုက်သည်။ ငါးဖယ်ကြော်ရော ပဲကြောရော သေချာပြင်ကာ အုပ်ထားလိုက်သည်။ ပြုတ်ပြီးသား ကြက်ဥတွေကိုပါ တစ်ခါထဲ စိတ်ပေးလိုက်သည်။

“အဟားဟား ဖေဖေ မလုပ်နဲ့၊ ယားတယ်”

“လုပ်မယ်ကွာ”

အပြင်က ရယ်သံဆူညံကာ ကိုကိုနဲ့သားအသံကိုကြားတော့ ပိုးသားထွက်ကြည့်လိုက်သည်။ ဂုတ်ပေါ်ကသားကိုကလိ လှမ်းထိုးနေတာ။ သားက သူ့အဖေခေါင်းကိုသိမ်းဖက်ထားကာ ရယ်နေပြီး ပါးစပ်ကသွားရည်တွေကပါကိုကို့ ခေါင်းပေါ်စီးကျလာတော့သည်။ ကိုကိုက ကလိ မထိုးတော့ပဲ သားကိုယ်လုံးလေးကို ပွေ့ယူလိုက်သည်။ သားနဲ့အဖေက အင်္ကျီနဲ့ဘောင်းဘီအရောင်ဆင်တူနဲ့ဖြစ်၏။

“ပြန်လာပြီလား”

“မင်းသားကွာ လမ်းလျှောက်မယ်ဆိုပြီး အောက်တောင်မဆင်းဘူး”

“ဟုတ်လား သား”

“ဟုတ်တယ်”

“ပြောတော့ ဖေဖေနဲ့လမ်းလျှောက်မှာဆို”

“လျှောက်တယ်လေ ပါးပါး”

ပိုးသား သားအဖ နှစ်ယောက်ကို ကြည့်လိုက်သည်။ ကိုကိုက သူ့ကိုသာပြောနေတာ သားနဲ့အတူတူထွက်သွားတာကို ပျော်နေတာ သူမသိပဲ နေမလား။

“ဖေဖေ့ပေါ်က စီးမယ်ဆိုပြီးတော့ အောက်ကိုလုံးဝမဆင်းဘူး”

“ဟုတ်လား”

“ဟုတ်တယ် ပါးပါး စီးလို့ကောင်းတယ်”

လိုက်လည်းလိုက်တဲ့သားအဖ။

“မနက်စာက အဆင်သင့်ဖြစ်နေပြီ ရေချိုးဖို့လုပ်တော့”

“ရွှတ် ဟုတ်ကဲ့”
“ရွှတ် ဟုတ်ကဲ့”

ပိုးသားမျက်နှာတွေတောင်နီသွားသလားမသိ။ ကိုကိုက သားရှေ့ကိုရှောင်ပါဆိုတာ မရှောင်။ အခုတော့သားကပါ ကိုကိုနမ်းပြီးတာနဲ့ လိုက်နမ်းသည်။ သူဘာမှမပြောနိုင်ခင် သားအဖနှစ်ယောက်က အပေါ်တက်သွားတော့၏။ မေမေလည်းနိုးကာ အောက်ဆင်းလာတာကြောင့် ပိုးသား မေမေ့အတွက်အရင်ပြင်ပေးလိုက်ကာ အပေါ်တက်ပြီး သားအဖနှစ်ယောက်နောက်ကိုလိုက်သွားလိုက်သည်။ သူလိုက်မသွားရင် သားအဖနှစ်ယောက်က ရေချိုးခန်းထဲက ထွက်မှာမဟုတ်တော့။

ဒေါက်ဒေါက်

“ကိုကို တော်ပြီ ထွက်ခဲ့တော့”

သားအဖနှစ်ယောက်ကတော့ ရေချိုးခန်းကိုခေါက်ပြီးခေါင်းဝင်လာကာ သတိပေးသူကို တပြိုင်ထဲလှည့်ကြည့်မိသွားသည်။ ပိုးသား မျက်လုံးအပြူးသားနဲ့လှည့်ကြည့်တဲ့နှစ်ယောက်ကိုကြည့်ကာ ရယ်ချင်သွားသည်။ ရေချိုးကန်ထဲဝင်ပြီး နှစ်ယောက်သားက ဆပ်ပြာတွေနဲ့သောင်းကျန်းနေတာမလား။ ခေါင်းတွေမှာလည်း ရွှဲလို့။

“ဖျားထားတာ မမှတ်သေးဘူးလား၊ အခုထွက်ခဲ့တော့ မထွက်ရင် မနက်စာမကျန်တော့ဘူးမှတ်”

ချပ်!

တံခါးကပြန်ပိတ်သွားပြီဖြစ်သည်။

“ကဲ ရေချိုးတာ တော်ကြရအောင်နော်”

“ဖေဖေ့!”

သားက ရေဆက်ဆော့ချင်နေသေးတာ။ သူ့ဗိုက်ပေါ်ခွပြီး ဆပ်ပြာမြှုပ်တွေနဲ့လိုက်ပြီးသုတ်ကာပျော်နေတာ။

“ပါးပါးပြောသွားတာ မှတ်မိလား ရေတွေခိုးဆော့နေလို့ ဖျားသွားတာလေ၊ ပြီးတော့ ဖေဖေနဲ့သား ပါးပါးလက်ရာ မနက်စာကို မစားရပဲ ဖြစ်သွားအုန်းမယ် တော်ပြီနော်”

“ဟုတ် တော်ပြီ”

“ဒီလောက်လိမ္မာတာ ဘယ်သူ့သားလေးလဲ”

“ဖေဖေ ဂုဏ်ရှိန်ထည်ဝါကြိုင်နဲ့ ပါးပါး ပိုးသားမြိုင်ရဲ့သားပါခင်ဗျ”

“သားရဲ့ နာမည်က ဘယ်လိုခေါ်လြ ခင်မျာ”

“သားက ဂုဏ်ရှိန်မြင့်မိုရ်ကြိုင်ပါ ခင်ဗျ”

“ဟာကွာ လိမ္မာလိုက်တာ ရွှတ်ရွှတ် ချစ်လိုက်တာ ဒီသားလေးကို ဘယ်လိုလုပ်ရမလဲ”

ထည်ဝါသားကို နမ်းရှုံ့ပစ်လိုက်သည်။ သားကိုပါ သူကြိုက်တဲ့အင်္ကျီနဲ့ဘောင်းဘီဝတ်ပေးကာ အောက်ကိုဆင်းခဲ့လိုက်၏။ အောက်မှာ ဖွားဖွားနဲ့ မာမီကပါရောက်နေတာ။ ကြည့်ရတာ ချာတိတ်မနက်စာ မုန့်ဟင်းခါးချက်မှာကို သိနေပုံ။

“လာပါပြီ မလိမ္မာတဲ့ သားအဖနှစ်ယောက် ရေတွေဆော့နေတာဆို အသည်းကျော်လေး”

“ရေချိုးတာ ဖွားဖွားကြီး“

“ထားပါတော့ ထားပါတော့”

ထည်ဝါ သားကိုချီထားရင်း ဝင်ထိုင်လိုက်သည်။ ချာတိတ်က သူ့တို့ကိုကျောခိုင်းကာ မုန့်ဟင်းရည်ကို ခပ်ထည့်နေ၏။ သိပ်မကြာဘူး သူ့ရှေ့ကို မုန့်ထည့်ပြီးသား ပန်းကန်တစ်ချပ်ရောက်လာတော့သည်။

“သားက ပါးပါးဆီလာ ပါးပါးကျွေးမယ်”

“ဖေဖေ..”

“ဖေဖေ မလုပ်နဲ့၊ ဖေဖေ စားပါစေ၊ ပါးပါးကျွေးမယ်လာ ဒီဘက်”

မလိမ္မာချင်တော့တဲ့သားကိုပိုးသား ပြောရင်းပင် ကိုကို့အပေါ်ကချီကာ ဘေးဘက်ထိုင်ခုံမှာတင်ကာ မနက်စာကျွေးဖို့လုပ်ရသည်။ သားက မုန့်ဟင်းခါးဖတ်သိပ်မကြိုက်ပဲ ညှပ်ခေါက်ဆွဲဖတ်ကိုပိုကြိုက်သည်။ ဒါလေးကပဲ သူနဲ့တူတာပြောရမလား ကိုကိုက ခေါက်ဆွဲဖတ်ကိုသိပ်မကြိုက်ဘူးမလား။ ပိုးသား ကိုကို့ပန်းကန်ထဲကို ပဲကြော်ချေပြီးသားနဲ့ ဘဲဥထည့်ပေးကာ ဟင်းရည်ထည့်ပေးလိုက်သည်။ သားကိုလိုက်ကြည့်ပြီး ထည့်မစားပဲ ဒီအတိုင်းထိုင်နေတာ။

“မုန့်တွေပွကုန်မယ်စားတော့”

ထည်ဝါရယ်လိုက်တော့သည်။ မစားပဲသားနဲ့သူ့ကိုလိုက်ကြည့်နေလို့ တမင်သက်သက်ထည့်ပေးပြီး စားခိုင်းနေတာ။ သားက ထိုင်ပြီး ခေါင်းလေးတလှည့်လှည့်နဲ့လိုက်ကြည့်နေရှာသည်။ ပိုးသား သားအတွက် ကြက်ဥနဲ့ငါးဖယ်ထည့်ကာ အရည်မများပဲခပ်ပျစ်ပျစ်လေး ထည့်ကာကျွေးရသည်။ သားက သူ့ကျွေးတာကိုတော့ ကောင်းကောင်းစားသည်။ ဒီတစ်ခုကသားရဲ့ကောင်းတဲ့အကျင့်လေးလို့ ပြောရမလား။ သားက ထမင်းစားချိန်ဆိုရင် ကောင်းကောင်းနဲ့ငြိမ်ငြိမ်စားသည်။ သေချာစားသည်။

“ထပ်စားအုန်းမလား”

“စားအုန်းမယ် ပါးပါး”

စားအုန်းမယ်ဆိုပေမယ့် ဗိုက်ကိုစမ်းကြည့်ရသေးသည်။ စားချင်နေသေးတယ်ဆိုပေမယ့် တင်းနေရင် လျော့ကျွေးမှ ဖြစ်တော့မှာ။

“အဲ့ဒါဆို နည်းနည်းထပ်စားမယ်နော်”

“ဟုတ် ပါးပါး”

သားကိုထည့်ပေးရင်း ကိုကိုကပါ ပန်းကန်ထိုးပေးလာလို့ ထပ်ပေးရသည်။

“ဖွားဖွား ထည့်အုန်းမလား၊ မာမီရော”

“မာမီထည့်ပေးလိုက်မယ် သားက ချွဲနေတဲ့ နှစ်ယောက်ကိုသာ လုပ်ပေးလိုက်ပါ”

အဟမ်း!

မာမီ့စကားကြောင့် ပိုးသားနေရခက်သွားပေမယ့်လည်း ကိုကိုကတော့ ချောင်းဟန့်ကာ ပြုံးနေသည်။ ကိုကိုက လူကြီးရှေ့လည်းမရှောင်။ သူကလည်းမေးပြီး ပန်ကန်ထိုးပေးလာတာကို အသေးစိတ်လိုက်လုပ်ပေးနေမိတာမလား။

“ပါးပါး စားမယ်”

ပိုးသား ရှက်ပြီးမနေနိုင်တော့ပဲ သားကိုဆက်ကျွေးရသည်။

“ဖေ့သားက ပါးပါးချက်ကျွေးတာကို ကြိုက်လား”

“ကြိုက် များကြီးစားမှာ ဖေဖေလည်းကြိုက်”

“ဖေဖေကလည်း ပါးပါးချက်တာကိုပဲ ကြိုက်တာဗျာ”

“ဟိဟိ”

သားက ထရယ်သည်။

“ဒီတစ်ပန်းကန်ကုန်ရင် တော်ပြီနော်”

“ဟုတ်ပါးပါး”

ဗိုက်ပူပူလေးကို တောင်ရုံပဲကျွေးရသည်။ ပြီးတာနဲ့ ကိုကိုက သားကိုခေါ်ပြီး ခြံထဲဆင်းသွားတော့သည်။ ကိုကိုက အရင်လို့အလုပ်ကို သိပ်မသွားပဲ အိမ်မှာအနေများသည်။ သားနဲ့လည်းနေ့တိုင်း ခြံထဲမှာဆော့တတ်သည်။ ဘောလုံးကစားလိုက်၊ သားနဲ့လှည့်ပတ်ပြေးလိုက် နဲ့ ဘာတွေလုပ်လို့လုပ်နေလည်းမသိ။ တစ်ခါတစ်လေတော့ ကိုကိုကသားကို ကဒ်လေးတွေပြပြီး စာသင်ပေးတတ်သည်။

“ကိုကို သားကို မူကြိုပို့ဖို့ မလုပ်သေးဘူးလား”

သားကို ဗိုက်ပေါ်ခွတင်ထားကာ ပုံပြင်ဖတ်ပြနေတဲ့ ကိုကို့ကို ပိုးသားကြည့်လိုက်သည်။ သားက ကိုကို့ဗိုက်ပေါ်ခွကာ ရင်ဘတ်ကိုမှီပြီး သူ့ဖေဖေပုံပြင်ပြောတာကိုနားထောင်ကာ ခြေထောက်ကတလှုပ်လှုပ် လုပ်နေသည်။ သူကတော့ ကိုကိုနဲ့သား အဝတ်တွေကိုခေါက်ပြီး အထဲကဗီဒိုထဲကို သွားထည့်ရသည်။ အဝတ်အစားလဲခန်းက အိပ်တဲ့အခန်းလောက်မရှိပေမယ့် တဖြည်းဖြည်းနဲ့ သားအဝတ်တွေအတွက် ဗီဒိုထပ်ထည့်ထားတာကြောင့် နည်းနည်းကြပ်လာသည်။ ဒါကို ကိုကိုက အခန်းချဲ့ဖို့ လုပ်နေသည်။ အမှန်က မလိုအပ်ပဲ လျှောက်ဝယ်နေလို့မလား။ မဝယ်နဲ့လို့လဲ ပြောလို့မရ။ သူအပြင်ပြန်ထွက်လာတော့ သားကကိုကို့အပေါ်မှာအိပ်နေသည်။ ဒါကို ကိုကိုက အောက်ကိုချမသိပ်ပဲ သားတင်ပါးလေးကိုပုတ်ကာ သိပ်နေသည်။ ပိုးသား အိပ်ရာပေါ်တက်သွားလိုက်ပြီး

“သားက အိပ်နေပြီကို ချမသိပ်ဘူး”

“အင်း”

သားကိုသေချာ ချသိပ်ပေးရသည်။

“ကိုကို သားကို မူကြို ပို့ဖို့ မစဉ်းစားသေးဘူးလား”

“ငယ် သေးပါတယ်ကွာ”

ပိုးသား သားကိုဘေးကိုချသိပ်ပြီး ဘေးတစောင်းနဲ့ ခေါင်းထောင်းထားရင်း သားရဲ့ဆံပင်လေးတွေကို ကိုင်ကြည့်နေမိသည်။

“မူကြိုဆိုတာ စာသင်တဲ့အတန်းကိုပြောတာမဟုတ်ပါဘူး သားဘာကိုစိတ်ဝင်စားလည်း သိရအောင် ကလေးတွေကို သင်ပေးတဲ့ အတန်းတွေ ရှိတယ်လေ”

“အင်းပါ ကိုကို စီစဉ်ပေးမယ်၊ ဒါပေမယ့် မင်းသားက တော်ပါတယ်၊ အိမ်မှာခေါ်ပြီး သင်ပေးဖို့ စုံစမ်းလိုက်မယ်လေနော်”

“ကျွန်တော်က အိမ်မှာသင်ပေးတာကို သဘောမကျဘူး၊ သားကို အထီးကျန်မှာဆိုးလို့၊ အပြင်မှာ အပေါင်းအသင်းရပြီး အသင်းအဖွဲ့ စိတ်ဓါတ်လေးရှိစေချင်တာ၊ အချင်းချင်း ယိုင်းပင်းကူညီချင်တဲ့စိတ်လေးနဲ့ ရှင်သန်စေချင်တာ”

“၃ နှစ်ပြည့်တာနဲ့ မူကြိုပို့ပေးမယ်လေ၊ အခုတော့ အိမ်မှာပဲ သင်ပေးရအောင်နော်”

ထည်ဝါ ချာတိတ်နောက်မှာ လိုက်စောင်းပြီး သားရဲ့ဆံပင်လေးတွေကို ပွတ်သပ်ပြီး သားကိုကြည့်နေတဲ့ ချာတိတ်ကို ကြည့်လိုက်သည်။ သားကို မွေးထားတယ်လို့မထင်ရအောင် ကလေးဖေဖေလေးက နုပျိုနေတယ်မလား။ ၈ နှစ်လောက်ကွာတဲ့သူက တစ်ခါတစ်လေ ကလေးဖေဖေကိုလိုက်ငေးနေတာတွေမြင်ရင် လုံးဝမကြိုက်။ ဒါပေမယ့် ကလေးဖေဖေလေးက သားနဲ့သူ့ကိုသေချာ ဂရုစိုက်ပေးကာ မျက်လုံးထဲမှာလည်း မိသားစုနဲ့ သူ့အတွက်နဲ့ဖြစ်တည်လာတဲ့ ပရဟိတ ကျောင်းကိုပဲ အာရုံစိုက်နေတာ တွေ့တော့စိတ်ချမ်းသာရသည်။ မျက်နှာ နုနုက အရင်ကထက်တောင် သွေးကြောမျှင်တွေကိုမြင်နေရလောက်အောင် နုနေသည်။ ဘယ်အချိန်များ အသက်ကြီးတာကိုမြင်ရပါ့မလဲ။ ဒါပေမယ့်လည်း အခုမှ အသက်က ၂၃ နှစ်ပဲ ရှိသေတယ်မလား။ ကိုယ့်အတွက်အရာအားလုံးကို ဘာမှစိတ်မဝင်စားတော့ပဲ သားနဲ့သူအတွက်ပဲ တစ်နေ့တစ်နေ့ လုံးပမ်းနေတာ။

ရွှတ်!

စိတ်မထိန်းနိုင်ပဲ ပါးနုနုကိုနမ်းလိုက်တော့ ခေါင်းလေးက လှည့်ကြည့်လာသည်။

“ချစ်လို့ မထိန်းနိုင်လို့”

ရှူး!

ပိုးသား ပြုံးလိုက်ကာ ကိုကို့ပါးကိုနစ်ဝင်အောင်ပြန်နမ်းလိုက်သည်။

“ချစ်လို့”

“ကိုကို့ကို ရူးအောင်လုပ်နေတာလား”

“မဟုတ်ပါဘူးနော်”

ကိုကိုကရယ်ကသူ့ကိုနောက်က ကျစ်နေအောင်ဖက်ထားသည်။

“ကိုကို့ ကလေးက တနေ့တနေ့ သားနဲ့ကိုကို့နဲ့ကြောင့် ပင်ပန်းနေတော့မှာပဲ”

“မပင်ပန်းပါဘူး ကျွန်တော်ချစ်တဲ့ လူသားလေးတွေအတွက်ပဲကို”

“ဟာကွာ ကိုကိုစိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ”

“မထိန်းနိုင်ရင် မထိန်းနဲ့လေ…အွန့်….ပြွတ်!!”

အလိုလိုက်နေတဲ့ ကလေးရဲ့နှုတ်ခမ်းတွေကို ပြင်းပြင်းရှရှဆွဲစုပ်ပစ်လိုက်သည်။ မျက်နှာကိုလှည့်ယူတော့ ကလေးကသူ့ဘက်ကို ခန္ဓာကိုယ်ပါ လှည့်လာတော့သည်။

“ကိုကို့ကို အလိုလိုက်မှာလား”

“အင်း”

စကားအဆုံးမှာ ပိုးသားသည် ထည်ဝါရဲ့ဆွေ့ကနဲကောက်ပွေ့ချီသွားခြင်းကိုခံလိုက်ရတော့သည်။ ကိုကို့လည်တိုင်ကိုဖက်ကာ ကိုကိုသွားရာကို ငြိမ်ပြီးလိုက်သွားလိုက်၏။ မနက်တော့ စောစောထနိုင်ပါတော့မလား။ ညတာတော့ ရှည်တော့မှာပဲလို့ စိတ်ထဲက ပြောနေမိတော့သည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now