Part 32

49.9K 2K 18
                                    

Unicode


ထည်ဝါ ရှေ့ကချာတိတ်ကိုဘာလုပ်ရမလဲမသိတော့။ သူတို့စကားပြောနေတာ နာရီတောင်ချီနေပြီမလား။ သူပြောသမျှကို နားထောင်ပြီး ဘာမှလည်း ပြန်မပြော။ ကိုယ့်မှာတော့ ချူးသက်မေနဲ့ကိစ္စက ကိုယ့်ဘက်က ဘာမှမပတ်သက်ပါဘူး ချူးသက်မေစကားကြောင့် ကလေးက အထင်လွဲသွားခဲ့တာကိုပြောပြလိုက်၊ ချူးသက်မေနဲ့သူ့အဖေကိုယ်တိုင် ဖွားဖွားနဲ့သူ့ကိုလာတောင်းပန်သွားကြောင်း ပြောပြလိုက်ရတာအမော။ ဒါကိုလည်း ငြိမ်ပြီးနားထောင်နေကာ ဘာမှပြန်မပြောပေ။

“ကိုကိုက ပိုးသားကို ချစ်နေတာ၊ ကိုကိုက မင်းကိုချစ်နေပေမယ့် ကိုယ့်ကိုကိုယ်မယုံနိုင်သေးလို့ မင်းကိုဖွင့်မပြောပဲ သေချာသုံးသပ်နေတာ၊ ကိုကိုသတိမထားမိတဲ့အချိန်မှာ ချူးသက်မေ ဝင်နှောက်သွားတာ၊ ကိုကိုနဲ့သူနဲ့ နည်းနည်းလေးမှ မပတ်သက်ခဲ့ပါဘူး”

ပိုးသား နားသာထောင်နေရတာ သားဆီကိုပဲသွားချင်နေတော့သည်။ နားမထောင်ချင်ပါဘူး။ ကိုယ်နဲ့လဲ အခုဘာပတ်သက်လို့လဲ။ ကွားရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးပြီမလား။ သူဒီကိစ္စကိုအထင်မှားသည်ဖြစ်စေ အခုသူနဲ့ကိုယ်ကကွာရှင်းထားတဲ့ ဘာမှမသက်ဆိုင်တဲ့သူ။ သားကြောင့်ဆိုရင် သားကို သူတစ်လှည့်ကိုယ်တစ်လှည့်ကြည့်ပေးနိုင်နေတာပဲ။

“ကိုကိုမင်းကိုချစ်တယ်၊ အရင်ထဲက ချစ်ခဲ့တာ၊ မင်းအိမ်ကထွက်သွားတာ သိသိချင်းကိုကိုလိုက်ရှာပေမယ့် ရှာလို့မရဘူး၊ အဲ့ဒါတွေအားလုံးက ကိုကို့အမှားပါ၊ ကိုကိုတောင်းပန်ပါတယ်”

ဟုတ်တယ် ကိုယ်ချစ်ရတဲ့ချာတိတ်နေတဲ့နေရပ်ကိုမသိတာက သူ့အမှား။ ဖွားဖွားပြန်ရောက်လာလို့ နေရာသိတော့ သွားရှာတော့ ချာတိတ်နဲ့ချာတိတ်မေမေက အိမ်မှာမရှိတော့ဘူးမလား။ ဒီနေရာကိုသာ သူသိခဲ့ရင် ချက်ချင်းတွေ့နိုင်ပြီး အထင်မှားခဲ့တာကို ချက်ချင်းရှင်းပြလို့ ရသည်။ ဒီလိုလည်းဝေးကွာခဲ့ရမှာမဟုတ်သလို ကိုယ့်မျက်လုံးရှေ့မှာ ဗိုက်ကလေးကိုလည်း မြင်တွေ့ခွင့်ရမှာ။ သားကိုလည်း မွေးထဲက ထိတွေ့ခွင့်ရမှာ။ အခုတော့ ဓါတ်ပုံကိုပဲကြည့်ပြီး စိတ်ဖြေရတော့သည်။

“ကိုကိုပြောတာ သဘောပေါက်လား၊ ကိုကိုမင်းကို ချစ်တယ်”

တကယ်ပါ ရှေ့က ကလေးကိုသူဘာလုပ်ရမလဲ။ မတုန်မလှုပ်နဲ့သူ့ကိုလည်းမကြည့်ပဲ ကြမ်းပြင်ကိုပဲကြည့်နေသည်။ ကိုယ်ကသာ သူ့ကိုရှင်းပြပြီး စကားတွေအများကြီးပြောနေရတာ။ သဘောပေါက်လားဆိုတော့ ခေါင်းလည်းမငြိမ့်။ သဘောမပေါက်ဘူး သူအထင်လွဲတုန်းဆိုရင်လည်း ရန်လုပ်လိုက်ပါတော့လား။ အဲ့လိုလည်းမဟုတ်။ အသည်းသိပ်ယားဖို့ကောင်းသည်။ အသည်းယားပြီး ဆွဲဆက်ဖက်ပြီးနမ်းပစ်ရင်လည်း ထပ်ပြီး စိတ်ဆိုးခံရမလားမသိ။ နှုတ်ခမ်းကြီးတင်းတင်းစေ့ထားပြီး လူကိုမရှိသလိုလုပ်နေသည်။ သူ့ဆီက စကားသံကိုကြားချင်တယ်။ အသံပြန်ထွက်နိုင်ပေမယ့် နိုးနိုးချင်းသားဇောနဲ့သာ စကားတွေပြောနေတာ။ အခုတော့ သူ့အသံလေးကိုကြားရဖို့၊ ကိုယ့်ကိုစကားပြောလာဖို့ သူ့မှာချော့နေရသည်။ တစ်သက်နဲ့တစ်ကိုယ် မချော့ဘူးသူ၊ တစ်သက်နဲ့တစ်ကိုယ် ကိုယ့်ကိုကိုယ်အမွှန်းတင်ပြီး အားလုံးကိုခပ်တင်းတင်းဆက်ဆံခဲ့သူက အခုမှ ဝဋ်လည်တယ်ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်တော့သည်။

ပိုးသားကတော့ အခုမှလာပြီးဘာတွေပြောနေမှန်းမသိတဲ့ ကိုကို့ကို မကြည့်ချင်ဘူး။ မကြည့်ချင်ဘူးဆိုတာကလည်း ကိုကို့ဆီကနေ ကိုကိုမင်းကိုချစ်တယ်ဆိုပြီး ပြောနေတဲ့စကားကြားတာနဲ့လူကနေစရာမရှိလိုဖြစ်ပြီး ငိုချင်လာသလိုလို။ ဘာဖြစ်လို့ အခုမှ ဒါတွေကို လာပြောနေရတာလဲ။ သူ့ကိုဒီလိုတွေလာပြောနေတဲ့ ကိုကို့ကြောင့် သူ့မှာငိုချင်နေတာပဲသိပြီး ထွက်ပြေးချင်နေသည်။

“ကိုကိုက မင်းတစ်ယောက်ထဲကိုပဲ ချစ်ခဲ့တာပါ၊ ကိုကိုဟိုမှာနေတုန်းက တွဲသွားတွဲလာတွေ ရှိခဲ့တာတောင် ကိုကိုသူ့တို့ကို ချစ်ခဲ့တာမဟုတ်ဘူး၊ ကိုကိုက မင်းနဲ့မှ ချစ်ခဲ့တာပါ၊ ကိုကိုမင်းကိုချစ်တယ်၊ ကိုကို့ကိုကြည့်ပါအုန်း”

ထည်ဝါ ကိုယ့်ကိုမရှိသူလို လျစ်လျူရှု့နေတဲ့ကောင်လေး ပုခုံးကိုဆွဲကိုင်လိုက်ပြီး မျက်နှာချင်းဆိုင်စေလိုက်သည်။ အဲ့တော့မှ ဖျတ်ကနဲကြည့်လာသည်။ ကိုယ်နဲ့မျက်လုံးချင်းစုံတော့ မဲ့သလိုဖြစ်လာတော့သည်။ ဟာကွာ ဘာလေးလည်း၊ ဘာဖြစ်လို့ မဲ့လာရတာလဲ။ တကယ်ပဲ ကလေးလေးကျနေတာပဲ။

“ကိုကိုမင်းကိုချစ်တယ်၊ သားလေးလည်းရှိနေပြီ ကိုကိုတို့ဒီမှာပဲပြန်နေရအောင်နော်”

“ဟင့်! သားဆီ သွားမယ်”

ဟား!! ကြားချင်တဲ့အသံလေးကထွက်လာပြီ။ ဒါပေမယ့် နာရီနဲ့ချီပြီးစကားပြောနေတဲ့သူ့အတွက်မဟုတ်။ မဲ့ကာ ငိုတော့မယ့်အသံလေးနဲ့ သားဆီသွားမယ်တဲ့။ အင်းပေါ့ အချိန်ပေးရမှာပေါ့။

“မငိုနဲ့နော် သားဆီသွားမယ်နော်”

အဲ့တော့မှ ခေါင်းငြိမ့်သည်။ တကယ်ပါ သည်းယားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။ အခန်းထဲက ထွက်လာတဲ့သူတို့ကို အောက်ကဧည့်ခန်းထဲမှာ လူကြီးတွေက စောင့်ကြည့်နေလေရဲ့။ သူတို့ဆင်းလာတာကိုကြည့်နေတာကြတာဖြစ်ပြီး ထည်ဝါ မာမီနဲ့ဖွားဖွားကို ခေါင်းခါပြလိုက်သည်။ ဖွားဖွားကတော့ သူ့ကိုကြည့်ပြီးရယ်နေလေရဲ့။ ရယ်မှာပေါ့ သူစကားပြောလို့အဆင်မပြေတာကိုကြည့်ရယ်နေတာ။ ဒေါ်ကြိုင်ကြိုင်တို့က မသိရင်ခက်မယ်။

ပိုးသား အောက်ကြမ်းပြင်ရဲ့မွှေးပွကော်ဇောမှာ ကားတွေအရုပ်တွေ ရထားလမ်းဆက်တာတွေနဲ့ထိုင်ဆော့နေတဲ့သားရဲ့ဘေးကို သွားထိုင်လိုက်သည်။ ဘယ်အချိန်က ဒါတွေသွားဝယ်ပေးလိုက်လဲမသိ။ သားကတော့ ပျော်နေတော့မှာပဲ။ သားဘေးမှာထိုင်ရင်း သားကိုဖက်လိုက်ပြီး ခေါင်းလေးကိုနမ်းလိုက်တော့ သားကမော့ကြည့်လိုက်သည်။

“ပါးပါး ရုပ်ရုပ်”

ပိုးသား သားရဲ့ဆံပင်လေးကိုသပ်ပြီး ပြုံးကြည့်လိုက်သည်။ သားက အရုပ်ပတ်ပတ်လည်နဲ့ပျော်နေတာ။ သူနဲ့သားဘေးကို ကိုကိုက လာထိုင်နေ၏။ ဘာဖြစ်လို့လာထိုင်နေလဲမသိ။ လူကြီးတွေနဲ့ ထိုင်ခုံမှာသွားထိုင်ပါလား။

ဒေါ်ကြိုင်ကြိုင်ကတော့ မြေးရုပ်ကိုကြည့်ပြီးရယ်ချင်နေတာပဲသိသည်။ မြေးလေးနဲ့စကားပြောပြီး ဆင်းလာတဲ့မြေးရဲ့ရုပ်က မအီမသာနဲ့မလား။ မြေးလေးကိုချော့လို့မရသေးဘူး၊ သူပြောတာကို မြေးလေးက လက်မခံဘူးဆိုတာ ဒေါ်ကြိုင်ကြိုင်သဘောပေါက်ကာ ရယ်ချင်တာမရပ်။ ခံပေါ့ ကိုယ့်ကိုကိုယ်တော်တတ်ပြီးမတူဘူးမတန်ဘူးထင်နေတာ ဂုဏ်ရှိန်ထည်ဝါကြိုင်တို့က ဒီလိုခံရမှ။ မြေးကမွေးပေးထားတဲ့ မြစ်ပေါက်လေးက လူမကြောက်သလို သူတို့နဲ့ချက်ချင်းရင်းနှီးကျွမ်းဝင်သည်။ ဖွားဖွားကြီးဆီလာပါအုန်းဆို ချက်ချင်းလာသည်။ သမီးထည်ဝါကြိုင်ကိုယ်တိုင် မြေးလေးကိုချစ်ပြီး ခဏခဏချီနေတာ။ သူ့မြေးအတွက်ဆိုပြီး ဖုန်းထဲကနေ အရုပ်တွေ၊ ကားတွေ ပြပြီးချက်ချင်းသွားဝယ်ခိုင်းတာ။ မြေးက အရုပ်တွေကားပေါ်ကချပြီး သူမြင်တာနဲ့ထခုန်တော့တာ။ အတက်လေးက ဖွားဖွားချစ်ဆိုပြီး ပြောပြီး အာဘွားတွေပေးသေးတာဖြစ်သည်။ မြေးကိုအချစ်ပိုနေတဲ့ သမီးက သူ့မြေးအတွက် သားရဲ့ PA ထက်နိုင်ကို နာမည်ကြီးတံဆိပ် sneaker တွေကိုသူကိုယ်တိုင်အရောင်နဲ့ဒီဇိုင်းရွှေးပြီး သွားဝယ်ခိုင်းနဲ့။

“သား က သေချာဆော့တတ်တာပဲ၊ ဖေဖေ့သားက တော်လိုက်တာ”

“ဖေဖေ ဆော့”

သားက ကားတစ်စီးကိုယူကာ မွှေးပွကော်ဇောကိုလက်ထောက်ထပြီး သူ့ဘက်ပြေးလာကာ သူ့လက်ထဲကိုထည့်ပေး၏။ ပြီးတော့ ပြန်မသွားပဲ သူ့ဘေးမှာ ဘုန်းကနဲထိုင်ချသည်။

“အော…”

ထိုင်ချရင်း အောကနဲလည်း အော်ပြီးရယ်သေးတာ။ ထိုင်ချလိုက်တာနဲ့ ဆံပင်အုပ်အုပ်လေးက ဝဲကနဲ။

“ဖေ့သား နာသွားအုန်းမယ်”

“နာဘူး၊ ဖေဖေဆော့”

သားက ကားကိုကိုင်ကာအောက်နေလှိမ့်ရင်းသူ့ဘက်ကိုမောင်းလာသည်။ ထည်ဝါ သားထည့်ပေးလာတဲ့ကားကို သားလို့ပဲလှိမ့်ပြီး သားလှိမ့်လာတဲ့ ကားနဲ့ခေါင်းချင်းဖြည်းဖြည်းလေးထိတိုက်လိုက်သည်။ ပိုးသားကတော့ ခဏလေးအတွင်းမှာ သူ့အဖေကို ခင်တွယ်သွားတဲ့ သားကိုကြည့်ပြီး သက်ပြင်းချမိလိုက်သည်။ အခုတော့ သူ့ဖေဖေနဲ့ဆော့နေရင်း သူ့ကိုတောင်မေ့နေသည်။

“ဖေဖေ့ ဟုတ်ဘူး၊ အဲ့လိုဟုတ်ဘူး”

ကိုကိုက တမင်သက်သက်စပြီးရထားလမ်းကြောင်းဆက်တာကို သူပြောသလိုမဟုတ်ဘူးပေါ့။ ကားကနေ ရထားပြောင်းသွားတဲ့သားအဖနှစ်ယောက်။ ဖွားဖွားနဲ့မေမေတို့က ခြံထဲထွက်သွားပြီဖြစ်သည်။

“ဖေဖေ ဟုတ်ဘူးဆို”

သားက အမှန်ဆက်နေတာကို ကိုကိုက လျှောက်စနေတာ။ သားက သူ့ဖေဖေဆီထသွားပြီး လက်ထဲက ဆက်မယ့်အပိုင်းအစကိုယူပစ်ပြီး သူ့ဘက်လှည့်ကြည့်ကာ

“ပါးပါး ပါးပါးလာ”

သူ့ကိုက ဘာဖြစ်လို့ခေါ်ပြန်တာလဲမသိ။ ပိုးသား သားဆီထသွားတော့ သားက သူ့ဖေဖေဆီကယူထားတဲ့ အပိုင်းအစကို သူ့လက်ထဲထည့်ပေးသည်။

“ပါးပါး ပြ၊ ဖေဖေ့ကို ပြ”

ပိုးသား ဖျတ်ကနဲကိုကို့ကိုကြည့်မိသည်။ သားက ကိုကို့ကိုပြခိုင်းနေတာ။ သူ့လက်ထဲထည့်ပြီး သားကသူ့နေရာကိုသူပြန်ပြေးသွားသည်။ သူနိုးထဲက သားက တစ်စက်ကလေးမှမအိပ်သေး။ ဒီအရုပ်တွေနဲ့လုံးပန်းနေတာ။

“ပါးပါး ဖေဖေ့ကိုပြလို့”

ထည်ဝါကတော့ ညစ်ကာမသိချင်ယောင်ဆောင်လိုက်သည်။ ချာတိတ်က သားစကားကိုလွန်ဆန်နိုင်မယ်တဲ့လား။ သူ့ဘက်ကိုလည်း ဖျတ်ကနဲလှည့်ကြည့်သေးတာ။ ပိုးသားမှာ သားကသူ့ဖေဖေကိုပြခိုင်းနေတာကိုမပြလို့ နောက်ထပ် ထပ်ပြောလာတော့သည်။ ကိုကို့ကို လှည့်ကြည့်တော့ ကိုကိုကမသိချင်ယောင်ဆောင်နေသည်။

“ပါးပါးလို့”

သားဆီမှအသံထပ်ထွက်လာတာကြောင့် ပိုးသား လက်ထဲကအပိုင်းအစကို ကိုယ့်ပါကိုယ်ဆက်ပေးလိုက်သည်။ သူ့ကိုမပေးပဲ ကိုယ့်ပါကိုယ်လုပ်လိုက်တဲ့ ကောင်လေးကြောင့် ထည်ဝါမှာ အံ့ဩရုံက ဘာမှမတတ်နိုင်။ တကယ်ပါပဲ ပါးပါးရောသားသားရော အလည်။

“ရေး မှန်သွားပြီ အော..ခစ်ခစ် ဝေါဝေါဝေါ”

သားကခုန်ပေါက်ပြီး လက်တွေပါလွှဲရမ်းကာ ရွှန်းပြီး သူ့ဆီပြေးလာတော့သည်။ ပိုးသားမှာ သားချော်လဲမှားဆိုးပြီး မြန်မြန်ဖမ်းလိုက်ရသည်။

“ပါးပါး မှန်သွားပြီ”

သားက သူဖမ်းချီလိုက်တော့ သူ့အပေါ်လှဲချပြီး လူးလှိမ့်တော့သည်။ အရယ်လည်းမရပ်။ ထည်ဝါကတော့ မျက်လုံးရှေ့က ချာတိတ်နဲ့သားကို မျက်တောင်မခတ်ပဲကြည့်နေရ၏။ ဒီပျော်ရွှင်မှုလေးက ပျောက်သွားတော့မလို့။ ဒီပျော်ရွှင်မှုလေးကို ပြန်ရှာတွေ့တာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ ဒီလိုချစ်စရာကောင်းတဲ့ အတတ်၊ အလည်လေးသားကို ချာတိတ်ကသူ့အတွက်မွေးပေးထားတယ်ဆိုတဲ့အသိက ရင်ခုန်စိတ်လှုပ်ရှားစေသည်။

ပိုးသား သားကိုရေချိုးပေးဖို့စဉ်းစာလိုက်၏။ သားကအခုထိမအိပ်သေးဘူးမလား။ ရေမချိုးရသေးပဲ အိပ်သွားမှာ သူမလိုချင်။ သားကိုချီကာ ပိုးသားထလိုက်၏။

“ချာတိတ် ဘယ်ကိုလဲ”

“ပါးပါး ဘယ်ကိုလဲ”

“ရေ ရေချိုးရအောင်လေနော်”

အသံထွက်နိုင်တယ်ဆိုပေမယ့် တစ်ခါတစ်ခါ ကိုယ်အသံထွက်နိုင်တာကိုမေ့ပြီး စကားမပြောပဲ သူလုပ်နေကျအရာတွေကို တိတ်တဆိတ် လုပ်ဆောင်နေမိတာဖြစ်သည်။

“သား ဘာဖြစ်လို့လဲ”

“ပါးပါးနဲ့ရေချိုးမလို့”

ဒေါ်ထည်ဝါကြိုင်မှာအိမ်ထဲအဝင် ကလေးချီပြီး သားနဲ့အတူ သုံးယောက်ရပ်နေတာတွေ့လို့မေးလိုက်တာကို မြေးက ဖြေလေရဲ့။ ဒီလောက်တောင် တတ်ရလား။

“အဲ့ဒါဆို မြေးလေးက ဒီတစ်ခါ ပါးပါးနဲ့မချိုးပဲ ဖွားဖွားနဲ့ချိုးမလား”

“ဖွားဖွားနဲ့ချိုးမယ်”

“လိမ္မာလိုက်တာ အဲ့ဒါဆို ဖွားဖွားဆီကိုလာ”

တကယ့်ပါ သားက သူ့လက်ပေါ်မှာမရှိတော့ပဲ တစ်နေကုန် ဒီမှာရှိသမျှလူတိုင်းလက်ထဲပဲ တဝဲလည်လည်ရောက်နေတော့သည်။

“ကလေး သားကို မာမီ ချိုးပေးမှာပဲကို ကိုကိုနဲ့နေခဲ့လေ”

နောက်ကလိုက်သွားဖို့လုပ်နေလို့ တားလိုက်ပေမယ့် မရပေ။ တကယ်ပဲ ခေါင်းမာတာသိပေမယ့် ဒီလောက်ခေါင်းမာမယ် မထင်ခဲ့။ အခုတော့ သားကိုရေချိုးပေးဖို့ ခေါ်သွားတဲ့ မာမီ့နောက်ကိုလိုက်သွားသည်။

“ဟင်းဟင်း ဂုဏ်ရှိန်ထည်ဝါကြိုင်တို့ ဝဋ်လည်ချိန်ရောက်ပြီ”

“ဒေါ်ကြိုင်ကြိုင် အကြိုက်ပေါ့”

“ဒါပေါ့”

“ဖွားဖွားက မကောင်းဘူးဗျာ၊ ကလေးခေါင်းမာတာသိပေမယ့် ဒီလောက်အထိတော့ထင်တာမဟုတ်ဘူး"

ကလေးဆိုတဲ့အခေါ်အဝေါ်ကြောင့် ဒေါ်ကြိုင်ကြိုင်မှာ မျက်ခုံးတောင်ပင့်သွားသည်။ ဂုဏ်ရှိန်ထည်ဝါကြိုင်တို့က ကြိုက်မရှက်ငိုက်မရှက် ဖြစ်နေသည်။ ကိုယ့်အဖွားရှေ့မှာတောင် မြေးလေးကို ကလေးဆိုပြီး သုံးနှုန်းနေတာ။ မျက်နှာကြည့်တော့လည်း မှုန်ကုတ်ကုတ်နဲ့။

“မင်းတို့ကိစ္စမှာ ငါကဘယ်လိုဖြစ်လို့ မကောင်းဖြစ်သွားတာလဲ”

“ဖွားဖွား နည်းနည်းပါးပါး ပြောပေးပါလား၊ ဖွားဖွားပြောရင် ကလေးက လက်ခံပေးမှာ”

ကူရာကယ်ရာမဲ့နေတဲ့ မြေးကို ဒေါ်ကြိုင်ကြိုင်ကြည့်ပြီးရယ်ချင်သွားသည်။

“မင်းကိစ္စမင်းဘာသာဖြေရှင်းလေ ဉာဏ်ကြီးရှင်ရဲ့၊ ငါကတော့ ငါ့မြေးလေး ဘာပဲဆုံးဖြတ်ဆုံးဖြတ်လက်ခံမှာ”

“ဖွားဖွားက မဟုတ်သေးပါဘူး၊ ပေးစားတုန်းက ပေးစားပြီးတော့ အခု ကလေးလက်ခံအောင်ပြောပေးအုန်း”

“ပေးစားတာ မင်းမှ ကောင်းကောင်းမွန်မွန်မနေတာ”

ထည်ဝါ စိတ်လေသွားရသည်။ ဖွားဖွားက သပ်သပ်ညစ်နေတာ။ ထည်ဝါ ခေါင်းတွေကုတ်ပြီး အပေါ်တက်သွားလိုက်သည်။ အခန်းတံခါးဖွင့်ရုံရှိသေး သားရယ်သံကိုကြားနေရတော့သည်။

“ပါးပါး ချိုးအုန်းမှာ၊ ဖွားဖွား ဆပ်ပြာပူပေါင်း”

သားက ရေချိုးကြွေဇလုံထဲမှာ ဆပ်ပြာမြှုပ်တွေထဲဝင်စိမ်ပြီး ချိုးရတာကိုပျော်နေတာ။ တော်ပြီဆိုတာကိုမရ။ ဆပ်ပြာရေထုတ်လိုက်ပြီး ရေသန့်နဲ့သန့်စင်ပေးဖို့လုပ်တာကို ရေဇလုံထဲမှာထိုင်နေတဲ့သားက သူ့အဖွားကို ဆပ်ပြာထပ်ထည့်ပြီး အမြှုပ်ထအောင်လုပ်ခိုင်းနေတာ။ ရေချိုးကြွေဇလုံထဲမှာ ကိုယ်လုံးသီးချွတ်နဲ့သားက ရေကြိုက်တော့ အေးနေမှန်းမသိပဲ ဆော့ချင်နေတာ။

“သားတော်ပြီ၊ အေးနေပြီ”

“ဟင့်! ပါးပါး ချိုးအုန်းမှာ”

“တော်ပြီမချိုးရတော့ဘူး”

“ဟင့်! ဖွားဖွား”

ဒေါ်ထည်ဝါကြိုင်မှာ မြေးလေးရေချိုးတာတော်သင့်ပြီသိသော်လည်း မျက်နှာလေးမဲ့ပြီး သူ့ကိုအားကိုးတစ်ကြီးနဲ့လှည့်ခေါ်သေးတာ။

“ကဲ အဲ့ဒါဆို ဖွားဖွားက ဒီတစ်ခါ ပူပေါင်းတွေလုပ်ပေးမယ် ဒီတစ်ခါပြီးရင်တော်ပြီနော်”

“ဟုတ် ဟိဟိ”

ထည်ဝါ ရေချိုးခန်းထဲက အဖွားနဲ့ပါးပါးကို လိုချင်တာရဖို့ ချွဲနေတဲ့သားကို အသည်းယားနေတော့သည်။ Bathtub ထဲမှာသားက ဆပ်ပြာမြှုပ်တွေကို လက်တွေနဲ့ဝေ့ရမ်းနေပြီး သွားလေးနှစ်ချောင်းပေါ်ကာ တခစ်ခစ်နဲ့ရယ်နေတာ။ ချာတိတ်ကိုကြည့်လိုက်တော့ သားကိုပြောမရလို့ စိတ်ဆိုးနေတဲ့ပုံ။

“တော်ပြီ အေးနေပြီ”

“ဖွားဖွား”

သားက တကယ်ကိုအလည်လေး။ သူ မတော်ချင်သေးတော့ အဖွားကိုခေါ်သည်။ အဖွားက သူ့ကိုအလိုလိုက်နေတာမလား။ ဒေါ်ထည်ဝါကြိုင်မှာ မြေးကိုကြည့်လိုက် ပိုးသားကိုကြည့်လိုက်နဲ့ဖြစ်နေသည်။

“တော်ပြီလို့ပြောနေတယ်”

“ဟင့်! အီးဟီး…”

အသံမာတာနဲ့ မရတော့ပဲ ငိုပါတော့သည်။ အားကိုးရှိမှန်းသိလို့ သားက လူဆိုးလေးလုပ်နေတာ။ ပိုးသား သားကိုမျက်မှောင်ကြုတ်ကြည့်လိုက်ပြီး

“ဂုဏ်ရှိန်မြင့်မိုရ်ကြိုင် ငါကတော်ပြီဆိုတော်ပြီနော်”

နာမည်ပြည့်ပြည့်စုံစုံခေါ်လိုက်တဲ့ခဏမှာ ထည်ဝါကိုယ်တိုင် မျက်ခုံးပင့်သွားတော့သည်။ ချာတိတ်ဆီကဒီလိုခေါ်သံကြားရတာ တကယ်ကောင်းတာပဲ။ သားကလည်း ထငိုပါတော့သည်။

“အီးဟီး…ဖွားဖွား…”

“ဟုတ်ပ သားသားကို ပါးပါးက ဆူတာဟုတ်လား၊ သားသားက အေးနေပြီလေ”

မြေးလေးကတကယ်ကို ရေထဲကမထွက်ချင်သေး။ ထည်ဝါ ပြဿနာတတ်နေတဲ့ သားအဖနဲ့မြွေးအဖွားကြားကို ဝင်လိုက်ရတော့သည်။

“သား မငိုရဘူးလေ၊ ပါးပါးက သားအေးမှာဆိုးလို့လေနော်၊ ဒီမှာကြည့်ပါအုန်း အသားတွေအေးစက်နေပြီ၊ ဂျိုးလေးကလည်း တိုနေပြီ၊ ဘယ်လိုလုပ်မလဲ”

အဲ့တော့မှ သားကတိတ်သွားကာ အောက်ကိုငုံ့ကြည့်သည်။ မျက်ရည်တွေရှိနေသေးပြီး တရှုံ့ရှုံ့လုပ်တုန်း။ ပိုးသားကတော့ အားကိုးရှိလို့ ဆိုးသွမ်းချင်နေတဲ့သားကို သူ့အဖွားနဲ့သူ့အဖေနဲ့ထားခဲ့လိုက်သည်။ ဒါတောင် သူအလိုမလိုက်လို့ပေါ့။ သူသာအလိုလိုက်ရင် သားရဲ့ဆိုးသွမ်းချင်နေတဲ့ အကျင့်ကအလိုသာ လိုက်မိရင်မလွယ်။ ထည်ဝါကတော့ ဆူပုတ်ပြီးထွက်သွားတဲ့ ပိုးသားကိုကြည့်ကာ ပြုံးလိုက်သည်။ ဒီပါးပါးနဲ့ဒီသားသားက ဒီအရွယ်အထိ ဘယ်လိုများတည့်လာကြလည်းမသိဘူး။ ရေထဲမှာစိမ်တာကြာနေပြီး သားရဲ့အသားက တကယ်ပဲအေးစက်နေတာ။ ရေကြိုက်တဲ့သားက ဆပ်ပြာမြှုပ်တွေနဲ့ဆိုတော့ ပိုဆိုးသွားတာပေါ့။ မွေးပွသဘတ် ဖြူဖြူဖွေးဖွေးနဲ့သားကို ထုတ်ထားတာကို သားကအပေါ်အောက်သွားလေးနှစ်ချောင်းပေါ်ကာ ရယ်ပြနေပြီး ရေစိမ်လွန်သွားတာကြောင့် နှုတ်ခမ်းလေးတွေက တဆက်ဆက်တုန်နေသည်။ ဒါတောင် ရေထဲကမထွက်ချင်သေးတာ။ ပါးပါးနဲ့ရန်ဖြစ်ပြီး လူဆိုးလေးလုပ်ချင်နေတာ။ အခုတော့ ပါးပါးက သားကို စိတ်ဆိုးသွားပြီ။

“ထည်ဝါ မြေးလေးကို မာမီ့ကိုပေး၊ သားသား ဖွားဖွားဆီလာ”

မာမီက သားကိုခေါ်ကာ လိုရှင်းတွေတစ်ကိုယ်လုံးလူးပေးတော့သည်။ သားကပါ မာမီနဲ့ပေါင်းပြီး သူ့ဗိုက်ပူပူလေးကို လက်လေးတွေကားကာ လိုက်ပွတ်နေ၏။

“ဖွားဖွား မွှေးမွှေးကြိုက်”

“ဟုတ်ပါပြီ အတတ်လေး ချစ်လိုက်တာ ရွှတ်!”

မာမီက သားကိုတီရှပ်နဲ့ခြေရှည်ဝမ်းဆက်လေးဝတ်ပေးကာ

“မံမံစားမယ်မလား သားသား”

“မံမံစားမယ် ဖေဖေ မံမံစားမယ်”

သားက တကယ်ကိုအတတ်လေး။ ထည်ဝါသားကို နွေးနွေးထွေးထွေးဖြစ်သွားအောင် ခြေအိတ်လေးပါဝတ်ပေးရသည်။ သားက ရေခဲတုံးလေးလို့ ဖြစ်နေတာ။ သားကသဘောတွေကျနေပြီး လက်ခုပ်တွေတီးပြီးရယ်နေသေးတာ။

“ဖေဖေ ချစ်”

“ဖေကလည်း သားကိုချစ် ရွှတ်၊ ဖေဖေတို့ မံမံသွားစားမယ်နော်”

“ဟုတ်”

ထည်ဝါ မီးဖိုချောင်ထဲဝင်တော့ အန်တီဝေလွင်ကာ မီးဖိုချောင်ထဲမှာကူလုပ်နေသည်။ ဖွားဖွားကတော့ ထိုင်နေ၏။ ကလေးက သားစားဖို့ တစ်ခုခုလုပ်နေပုံရသည်။

“သားသား ဖွားဖွားကြီးဆီလာပါအုန်း”

ထည်ဝါ ဖွားဖွားလက်ထဲသားကိုထည့်ပေးလိုက်သည်။ သားက အားလုံးနဲ့ရင်းနှီးပြီး အမျိုးမှန်းသိသည်။ ဖွားဖွားကသားကို မွှေးကြူလိုက်ပြီး တစ်ခုခုပြောလိုက်ပုံရ၏။ သားက သူ့ပါးပါး ကျောကိုကြည့်ကာ

“ပါးပါး ချစ်”

ချာတိတ် လှုပ်ရှားနေတာခဏရပ်သွားပြီး လှည့်မကြည့်ပဲ သူလုပ်နေတာကို ဆက်လုပ်နေသည်။

“ပါးပါး မံမံ”

ဒေါ်ကြိုင်ကြိုင်မှာ ချီထားတဲ့ မြစ်ဖြစ်သူရဲ့ ခေါင်းကိုမွှေးကြူနေရတာ တစ်လုပ်ဖြစ်နေ၏။ မြစ်လေးက အတတ်လေး။ သားသားရဲ့ ပါးပါးကို ချော့ဖို့လိုတယ်နော်ဆိုတော့ ချက်ချင်း ပါးပါး ချစ်တဲ့။ မြေးလေးက ရေချိုးနေတာကြာနေတာကို ပြောမရလို့ဆိုပြီး စိတ်ဆိုးလာတာမလား။ စိတ်သာ ဆိုးနေတာ သူ့သားစားဖို့ကို သူကိုယ်တိုင်လာလုပ်နေတာ။ အိမ်မှာလိုတာအဆင်သင့်ရှိနေတော့ ပဲနီလေးဟင်းချိုပျစ်ပျစ်လေး ချက်နေတာ။ ကြက်သားကြော်ထားတာက ရှိပြီးသားဆိုတော့ ဟင်းချိုတစ်ခွက်ချက်ပေးနေတာ။ သားဖြစ်သူ စားဖို့လေ။

ပိုးသား သားအတွက် ဟင်းချိုချက်ပြီး ပန်းကန်လုံးလေးနဲ့ထည့်ကာ စားပွဲပေါ်ချလိုက်သည်။

“မေမေ ရေသွားချိုးတော့လေ ဖွားဖွားရော”

“ဟုတ်သားပဲ ဖွားဖွားကြီးလည်း ရေချိုးရအုန်းမယ်၊ သားသားက ဖေဖေနဲ့ပါးပါးနဲ့အတူတူ မံမံစားပြီး ကျန်ခဲ့မလား”

“ဟုတ် ပါးပါးချီ”

ထည်ဝါ ချာတိတ်ကိုကြည့်လိုက်တော့ သားကိုသူစိတ်ဆိုးနေသေးတယ်ဆိုတာကိုသိစေရန် သားကိုမခေါ်ပဲနေသည်။

“ပါးပါးက သားစားဖို့ မံမံလုပ်ပေးနေလို့ သားက ဖေဖေ့ဆီကိုလာနော်”

“ဟုတ်”

သားက အခုဏလို အသံစာစာ စာစာနဲ့မဟုတ်တော့။ ကြည့်ရတာ သူ့ပါးပါး စိတ်ဆိုးနေတာကိုသိပုံရသည်။ ချာတိတ်က ထမင်းကို ကြက်သားကြော်ဆီနည်းနည်းနဲ့ဖွဖွလေးနယ်ကာ ကြက်သားကိုနွှင်ပေးနေ၏။ ချာတိတ်က သားကို ထမင်းကျွေးဖို့ သေချာပြင်ပေးကာ ရှေ့မှာဝင်ထိုင်၏။

“ပါးပါးချစ်”

သားက သူ့ပါးပါးကိုချော့နေတာ။ ချာတိတ်က ဘာမှမပြောပဲ သားကိုတစ်ချက်ပဲကြည့်လာသည်။ ပြီးတာနဲ့ ပဲဟင်းချိုကိုမွှေကာ သားကိုကျွေးလို့ရပြီလား ပူသေးလားစမ်း၏။

“ထမင်းစားမယ်”

“ဟုတ် ပါးပါး”

သားက သူ့ပါးပါးထမင်းကျွေးတာကို သေချာစားသည်။ နှုတ်ခမ်းဝနားပေနေတာနဲ့ ပိုးသားက သားနှုတ်ခမ်းကိုသုတ်ပေးရင်း ပါးကိုမွှေးကြူ၏။ သားက အဲ့တော့မှ မျက်နှာက ချိုတာထက်ပိုချိုလာတော့သည်။ သားလက်ဖဝါးလေးကို ထည်ဝါယူကာ သူ့လက်ဖဝါးပေါ်ကိုတင်လိုက်သည်။ ဖေါင်းဖေါင်းတုတ်တုတ်နဲ့သားလက်ကလေး သူ့လက်ဖဝါးပေါ်မှာ အံ့ဝင်ခွင်ကျဖြစ်ကာ သေးသေးလေးဖြစ်သည်။ ဒီလက်ကလေးက မွေးခါစတုန်းက ဘယ်လောက်တောင် သေးလိုက်မလဲ။ ထမင်းခွံ့နေတဲ့ ချာတိတ်ကိုကြည့်လိုက်တော့ သားကိုပဲ အာရုံစိုက်ကာ ထမင်းကိုသေချာကျွေးနေသည်။

“ကလေး ကိုကို့ကို ဘယ်တော့မှ ကြည်ဖြူမှာလဲ”

ပိုးသား ဖျတ်ကနဲမော့ကြည့်လိုက်သည်။ ကလေးရှေ့မှာဘာတွေပြောနေတာလဲမသိဘူး။

“ပါးပါး ကလေး”

သားက သူပြောတိုင်းလိုက်ပြောတော့ ချာတိတ်မျက်နှာတွေကနီရဲသွားသည်။

“လိုက်မပြောရဘူး ထမင်းစားမယ်နော်”

“ပါးပါးချစ်”
“ပါးပါးချစ်”

တကယ်ပါပဲ သားပြောတိုင်း အာလုံးလိုက်ပြောနေတယ်။ ထည်ဝါကတော့ သားကိုချစ်ပြီးရင်းချစ်နေရတော့သည်။ ပါးပါးကိုချစ်လို့ ခဏခဏပြောတတ်တဲ့ သားကြောင့် သူပါ သားနဲ့အတူ လိုက်ပြောလို့ရနေတယ်မလား။ သားနဲ့ဖေဖေနဲ့ပြိုင်ပြီး ပါးပါးကိုချစ်လို့ပြောနေတာကြောင့် သားနဲ့ဖေဖေရှေ့မှာရှိတဲ့ ပါးပါးကတော့ မျက်နှာတွေရော နားရွက်တွေပါ နီရဲလျှက်ရှိနေတော့သည်။

ပိုင်ဆိုင်ချင်တဲ့ ရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေသား[Complete]Where stories live. Discover now