🖤
အိပ်မက်လေးတစ်ခု။
အိပ်မက်ထဲမှာ သျှန်ဟာ နေရောင်ခြည်နွေးနွေးလေးအောက်က မွှေးရနံ့တွေခြုံလွှမ်းနေတဲ့ ခရမ်းနုရောင်ပန်းခင်းရဲ့အလယ်မှာ ရပ်လို့နေ၏။ နံဘေးနားက ခရမ်းနုရောင် Hyacinth တွေကတော့ သျှန့်အား သူတို့ရဲ့မွှေးရနံ့နဲ့ ရုန်းထွက်မရအောင်ပင် ချုပ်နှောင်ထားသကဲ့သို့။သျှန် Hyacinth ပင်တွေအလယ်မှာပဲ ခန္ဓာကိုယ်ကိုလှည့်ပတ်ရင်း အံ့ဩစရာကောင်းနေတဲ့ပတ်ဝန်းကျင်ကို တဒင်္ဂမှင်သက်စွာ ငေးမောလို့နေမိ၏။ ထူးထူးခြားခြား စိတ်ခံစားချက်ကလည်း အလွန်ကောင်းမွန်နေပြီး သူ့နှလုံးသားလေးပင် နွေးထွေးလာသလိုမျိုး။ မျက်လုံးတွေကိုမှိတ်ပြီး မွှေးရနံ့သင်းသင်းတွေကို စိတ်လွတ်လက်လွတ်ခံစားကြည့်တဲ့အခါ သျှန့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ လွတ်လပ်ပေါ့ပါးလာသလိုခံစားရပြီး ဦးနှောက်တစ်ခုလုံးက လန်းဆန်းကြည်လင်လာသည်။
" ဟား~~ ခံစားချက်ကောင်းလေးပဲ "
သျှန် မနေနိုင်စွာပဲ နှုတ်ခမ်းဖျားကနေ တိုးတိုးလေးရေရွတ်မိကာ မျက်နှာကိုပင့်မော့ရင်း လက်တွေကိုဘေးဘက်သို့ဆန့်တန်းပြီးနောက် နောက်တစ်ကြိမ်အသက်ဝဝရှူသွင်းလိုက်မိတော့၏။
ဖြောက်~
ထိုစဥ် သူ့ရဲ့ပါးပေါ်သို့ ကျဆင်းလာတဲ့ အေးစက်စက်အထိအတွေ့။ သျှန် မျက်လုံးတွေကိုဖွင့်မကြည့်ဖြစ်သေးဘဲ မျက်ခုံးတွေကိုအရင်စုကျုံ့လိုက်မိ၏။
ဖြောက်~ ဖြောက်~
တဖြည်းဖြည်း အရေအတွက်စိပ်လာတဲ့ အေးစက်စက်အထိအတွေ့တွေအောက်မှာ သျှန့်ရဲ့မျက်နှာတစ်ခုလုံးဟာ တစ်ခဏအတွင်းမှာပဲ စိုရွှဲသွားခဲ့တော့၏။ ထိုအခါ မျက်လုံးတွေကိုဖွင့်၍ အခြေအနေကိုစူးစမ်းကြည့်လိုက်တော့
ကြည်လင်နွေးထွေးနေတဲ့ အငွေ့အသက်ကနေ ရုတ်တရက်ကြီး မှိုင်းညှို့သွားတဲ့ကောင်းကင်အောက်မှာ အေးစက်နေတဲ့မိုးစက်တွေက အနှံ့အပြားရွာကျနေလျက်။ ပြီးတော့ တစိမ့်စိမ့်အေးခဲလာတဲ့အခြေအနေမှာ ချက်ချင်းဆိုသလိုညှိုးရော်သွားတဲ့ Hyacinth ပန်းပင်တွေ။ သျှန် ငေးကြည့်နေတုန်းမှာပဲ အမှုန်အမွှားတွေအဖြစ် တစ်စစီကြေမွပျက်ဆီးကာ အငွေ့ပျံသွားတဲ့ခရမ်းနုရောင်ပန်းပွင့်ငယ်လေးများက နှမြောတသစရာ ။ တစ်ခဏအတွင်းမှာပဲ တစ်ကွင်းလုံးအပြည့်ခရမ်းနုရောင်သန်းနေခဲ့သော Hyacinth ပန်းခင်းကြီးဟာ သျှန့်ရဲ့မြင်ကွင်းရှေ့မှာပဲ တစ်ခါလေးတောင်မရှိခဲ့ဖူးသလိုမျိုး အနံ့အသက်တွေကအစပျောက်ကွယ်သွားခဲ့၏။
YOU ARE READING
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Romanceနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest