Chapter 17 : Black Heart🖤

3K 217 93
                                    

🖤

" Mine... "

သူ့ရဲ့နာမည်ကိုခေါ်လိုက်တိုင်းမှာ အမြဲနူးညံ့နေတတ်တဲ့သျှန့်ရဲ့အသံချိုချိုက april လရဲ့ လေပြည်တွေလိုမျိုး အေးအေးနွေးနွေးလေး။
မိုင်း ဂိမ်းကစားနေရာမှ မျက်လွှာပင့်ရင်း သူ့ရှေ့က သခွားမွှေးသီးတွေကို အမြှောင်းသေးသေးလေးတွေဖြစ်အောင် သေချာလှီးပေးနေတဲ့သျှန့်ကို စူးခနဲကြည့်လိုက်တော့ ပြန်ကြည့်လာတဲ့မျက်ဝန်းနွေးနွေးတွေက ပကတိကြည်လင်စွာ။ ဒါပေမဲ့လဲ မရိုးသားနေတဲ့မိုင်းမှာတော့ အရောင်မပါတဲ့အကြည့်တွေနဲ့တင် နှလုံးသားကပြာကျချင်လာသည်။

" ကိုကို ဒီည သူငယ်ချင်းတွေနဲ့တွေ့ရမယ် "

" ဘာလို့တွေ့မှာလဲ"

" ဒီညက ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ညဆိုတော့ နှုတ်ဆက်ရင်း... "

" ငါလဲလိုက်ခဲ့မယ် "

"...."

သျှန်ဟာ အံ့ဩတကြီးနဲ့ သူ့ကိုခပ်ငေးငေးကြည့်လာ၏။ မိုင်း သိပေမဲ့လည်း ခပ်တည်တည်မျက်နှာနဲ့ ဆော့လက်စကစားပွဲကိုဂရုစိုက်ကာ သျှန့်ဆီကထွက်လာမဲ့အမေးကို နားစွင့်နေလိုက်သည်။

သေချာပေါက် သျှန့်အမြင်မှာထူးဆန်းနေမှာပဲ!
အရင်ကမိုင်းဟာ သျှန့်ကိုတောင်သိပ်ပြီးဂရုစိုက်တတ်သူမဟုတ်သလို ဘယ်တော့မှသျှန့်ရဲ့အသိ၊ သူငယ်ချင်းတွေကြားထဲ သွားလေ့မရှိ။
မိုင်းရဲ့အကျင့်ဆိုးတစ်ခုက ဖော်ရွေမှုကင်းပြီး ဘယ်တော့မှဟန်မဆောင်တတ်ခြင်းပင်။

" Mineက တကယ်လိုက်ချင်တာလား "

" ဘာလဲ ။ ငါ့ကိုမခေါ်ချင်တာလား။ အဲဲဒါဆိုလဲ မလိုက်ဘူးကွာ ။ ပြီး​တော့ နောက်နေ့ကစပြီး ငါ့ဆီမလာခဲ့နဲ့။ ငါက မင်းမရှိလဲဖြစ်..တယ် သျှန်... "

အဆုံးသတ်မှာ ဝမ်းနည်းစွာတိုးလျတိမ်ဝင်သွားတဲ့စကားသံနဲ့အတူ မိုင်း ကုတင်ပေါ်ကိုပြန်လှဲချရင်း တစ်ဖက်စောင်းကာ အောက်နှုတ်ခမ်းဖျားကို ဖိကိုက်ပစ်လိုက်၏။ သခွားမွှေးသီးသရဲလေးလို့တောင် နာမည်​ပြောင်ပေးအစခံရတဲ့အထိ အငမ်းမရဖြစ်နေတတ်တဲ့မိုင်းဟာ မျက်စိရှေ့မှာမြင်နေရတဲ့ သခွားမွှေးသီးကိုတောင် လျစ်လျူရှုမိတဲ့အထိ ဝမ်းနည်းစိတ်ထိခိုက်သွားသည်။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Waar verhalen tot leven komen. Ontdek het nu