🖤" Mine.....ချစ်တယ် "
ရေချိုးပြီးအိပ်သွားပုံရတဲ့မိုင်းကို အသာလေးငေးရင်း သျှန်ပြောမိတဲ့စကားလေး ။ မကြားနိုင်မှန်းသိပေမဲ့ ကြားလျှင်လဲ ရွံရှာစက်ဆုပ်တဲ့မျက်လုံးတွေနဲ့ မုန်းတယ်လို့ပဲပြန်တုံ့ပြန်လာမှာသေချာနေတော့ ဒီအတိုင်းလေးပြောခွင့်ရနေတာကိုပဲ ကျေနပ်နေရသည်။
မှုန်ကုပ်စူပုပ်နေတဲ့မျက်နှာလေးနဲ့ အိပ်ပျော်နေတာတောင် ချစ်စရာကောင်းနေတဲ့မိုင်းက သျှန့်အတွက်တော့ ဘယ်လောက်ကြည့်ကြည့်မရိုးနိုင်တဲ့ ပန်းချီကားလေး။ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တိုင်း နက်နက်ရှိုင်းရှိုင်းနစ်ဝင်သွားတတ်တဲ့ ဖြူဖွေးဖွေးပါးလေးတွေပေါ်က ပါးချိုင့်ခွက်ကလေးနှစ်ဖက်ကို သျှန်မြင်တွေ့ခွင့်မရခဲ့သည်မှာ အခုဆိုရက်၃၀ ပင် ကျော်ခဲ့လေပြီ။ အတွေးလွန်နေတုန်းမှာပဲ သျှန့်ရဲ့စူးစမ်းစစ်ဆေးနေတဲ့အကြည့်နွေးနွေးတွေက တစ်နေရာအရောက်မှာတုံ့ခနဲရပ်သွားရ၏။
နေပါအုံး ဒီလက်မောင်းတွေက....?ဖွေးနုနေတဲ့လက်မောင်းအရေပြားပေါ်က အနီရောင်အစင်းများကြောင့် သျှန့်ရဲ့မျက်ခုံးတန်းတန်းတွေတွန့်ကုပ်သွားရသည်။ အစင်းကြောင်းတွေဟာ ခပ်စိပ်စိပ်လေးရှိနေပြီး လက်မောင်းနှစ်ဖက်လုံးမှာမို့ စိတ်ပူသွားပေမဲ့ သူ့ရှေ့မှာပဲသူ့လက်မောင်းနဲ့ခန္ဓာကိုယ်တွေကို ရွံရှာသလိုမျိုးပွတ်သပ်နေခဲ့တဲ့ ပုံရိပ်ကိုပြန်မြင်မိတော့ ရင်ထဲမှာဆစ်ခနဲဖြစ်သွားရ၏။
ရေချိုးရင်းနဲ့ ကိုယ့်လက်တွေကိုယ် ဘယ်လောက်တောင်ကုတ်ခြစ်နေခဲ့သလဲလေ!
သက်ပြင်းချမိပေမဲ့ မနေနိုင်တဲ့စိတ်နှင့် ဆေးယူပြီး ခပ်ဖွဖွလိမ်းပေးရပြန်သည်။ သျှန်ဆိုတာ မိုင်းကိုယ်ပေါ်ကို အစက်ကလေးတစ်စက်တောင် အထိအခိုက်မခံနိုင်တဲ့သူလေ။
အနှီးထုပ်ဖြူဖြူထဲက အူတာရဲကလေးလေးဘဝကနေ အရွယ်ရောက်လာတဲ့အခုအရွယ်ထိ မိုင်းအနာတရဖြစ်ရင် အရင်ဆုံးနာကျင်ရတာက သျှန်။
၂နှစ်သားလေးရဲ့ ခြေဖဝါးရဲရဲလေး ပုရွက်ဆိတ်ကိုက်သွားလို့ နီရဲရဲအဖုလေးကျန်တုန်းက ၄နှစ်သားလေးသျှန်ဟာ အဲဒီ့အနီဖုလေးကို တံတွေးခဏခဏစွတ်ရင်း အသံပြာတဲ့အထိအော်ဟစ်ငိုနေခဲ့ဖူးတယ်တဲ့။
လူကြီးတွေပြန်ပြောကြတိုင်း ရယ်စရာတစ်ခုလိုဖြစ်နေပေမဲ့ သျှန်ကတော့ ဘယ်တုန်းကမှမရယ်မိခဲ့။
မိုင်းဆိုတဲ့ကလေးနဲ့ပတ်သက်လာရင် သျှန်ကအငိုသန်တဲ့လူကြီးပါပဲ။ဒါဟာ ဘယ်တော့မှမပြောင်းလဲမဲ့အမှန်တရားတစ်ခုလဲ ဖြစ်၏။
ESTÁS LEYENDO
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Romanceနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest