Chapter 32: Black Heart🖤

621 36 14
                                    

🖤

ရေးးးးဝူးဟူးးးးးး

အဖြူရောင်နှ​င်းပွင့်ခဲတွေအလယ်မှာ စကိတ်စီးရင်း မြူးထူးပျော်ရွှင်စွာ အော်ဟစ်နေတဲ့ကောင်ကလေး။
အဖြူရောင်ဟူဒီ၊ အဖြူရောင်ချည်သားဘောင်းဘီရှည်နဲ့ ဆွတ်ဆွတ်​ဖြူနေတဲ့ရှူးဖိနပ်ကလေးကိုဝတ်ထားကာ ငွေဖြူရောင်ဆံပင်ဖျားလေးတွေ လေထဲဝဲပျံနေတဲ့အထိ စိတ်လွတ်လက်လွတ်ပျော်ပါးနေပုံက မကြာခင်ကပဲ အသက် ၂၆ နှစ်ပြည့်ပြီးတဲ့ နှလုံးအထူးကုဒေါက်တာတစ်ယောက်လို့ မထင်ရက်နိုင်စရာအတိ။

လှပလွန်းတဲ့မျက်နှာသေးသေးလေးပေါ်က ပြုံးရယ်လိုက်တိုင်း ပိတ်ကျသွားတတ်တဲ့ မျက်လုံးအိမ်မှေးမှေးလေးတွေနဲ့ အညိုရောင်လဲ့နေတတ်တဲ့ မျက်ဆန်ကလေးတွေ၊ ပြီးတော့ အော်စလိုရဲ့ဇန်နဝါရီလ အအေးဒဏ်ကြောင့် ထိပ်ဖျားမှာရဲစွေးကာပြောင်တင်းနေတဲ့ နှာခေါင်းလုံးလုံးလေး။ နတ်ဘုရားတွေကပေးတဲ့ကောင်းချီးလို့ထင်ရလောက်တဲ့အထိ ဖြူဖွေးကြည်လင်နေတဲ့အသားအရေနဲ့ သိပ်ကိုပနံသင့်တဲ့အထိလိုက်ဖက်နေတဲ့ ငွေဖြူရောင်ဆံသားနူးညံ့ညံ့တွေဟာ အနှီလူသားကလေးရဲ့လှပခြင်းတွေကို သာလွန်ထူးကဲအောင်အထောက်အပံ့ပေးနေသလိုမျိုး အရာရာဟာစနစ်တကျပါပဲ။ ပါးလှပ်နေတဲ့ခပ်သေးသေးနှုတ်ခမ်းလေးတွေကမူ ဆေးကူစရာမလိုဘဲ အအေးဓာတ်နဲ့တင် ပင်ကိုယ်အရောင်ထက်ပိုရင့်နေတဲ့အခါ အနီရောင်နှင်းဆီဖူးတွေတောင် ငိုသွားမလားထင်ရတဲ့အထိပင်။

အဖြူရောင်ကိုပဲ စွဲစွဲမြဲမြဲသဘောကျတဲ့ကောင်လေး
မီးလင်းရင် မအိပ်တတ်တဲ့ကောင်လေး
အချိုတွေကို အရမ်းကြိုက်ပြီး အငန်ကြောက်တဲ့ကောင်လေး
အအေးအရမ်းကြိုက်ပြီး အပူဒဏ်ကိုမခံနိုင်တဲ့ကောင်လေး
ဆေးလိပ်နံ့ကိုမခံနိုင်ပေမဲ့ ငဂျစ်ကလေးဖြစ်သွားတဲ့အခါတိုင်း တစ်လိပ်ပြီးတစ်လိပ်လက်ထဲကနေမချတဲ့ ကောင်လေး။
သူ့နာမည်ဟာ မိုင်းဖြစ်ပြီး သျှန့်တစ်ယောက်တည်းရဲ့ Mine ပဲ ဖြစ်၏။

" သျှန်! ဒီကိုလာ "

မိုင်းနဲ့ ဆန့်ကျင်ဘက် အအေးဒဏ်ကိုမခံနိုင်တဲ့သူတစ်ယောက်ကတော့ အော်စလိုရဲ့အရိုးခဲလုမတတ်အေးလွန်းတဲ့အအေးဒဏ်ကို ကြီးမားပြီးရှည်လျားထူထဲလွန်းတဲ့ အညိုရောင်ဒူးအတိကုပ်အင်္ကျီကြီးဝတ်ပြီး ခုခံနေသလို အဖြူရောင်နှင်းခဲတွေကြားက အဖြူရောင်လူသားလေးကိုငေးရင်း ပြုံးနေဖို့လဲမမေ့လျော့ခဲ့။ သူ့ရဲ့လက်ချောင်းနီရဲရဲတွေကြားမှာလည်း ဖြူဖွေးပြီးထူပုံရတဲ့ ဂွမ်းအင်္ကျီကြီးတစ်ထည်က ငြိမ်သက်စွာရှိနေ၏။ သေချာပေါက် ထိုအင်္ကျီက အဖြူရောင်ကောင်လေးအတွက်ဆိုတာ စကားနဲ့ဖွင့်ပြောစရာမလို။

 Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed] Where stories live. Discover now