🖤"" ယခုခေါ်ဆိုနေသော ဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်...""
ဟေမာန်ဦးရဲ့မနက်ခင်းပန်းမွှားတွေလိုမျိုး တောက်တောက်ပပဖြစ်နေတဲ့ ပြုံးယောင်သန်းသန်းမျက်နှာဟာ အနည်းငယ်ဖျော့တော့သွားသည်။ တစ်ဆက်တည်းမှာပဲ ဆက်တိုက်ရွေ့လျားနေတဲ့လက်ချောင်းတွေကလည်း မသိမသာတုန်ယင်လာကာ
" ကျစ်! စောစောကတောင် ဖုန်းဝင်သေးတာကို "
ရုတ်တရက်ကြီး စက်ပိတ်သွားခြင်းကို လက်မခံနိုင်စွာနဲ့ အဆက်မပြတ်ခေါ်နေလည်း တစ်ဖက်ကတော့ တူညီတဲ့စကားလုံးတွေကိုပဲ ထပ်ကာထပ်ကာဖြေကြားနေခဲ့လေ၏။ အဲဒီ့အခိုက်အတန့်လေးမှာပဲ သိမ့်ခနဲတုန်ခါသွားတဲ့ နှလုံးသားရပ်ဝန်းငယ်တစ်ခု
" ဟား!..ဘယ်လိုဖြစ်လို့ စက်ကိုပိတ်ပစ်ရတာလဲ Mineရာ ။ ဒီလူကို တကယ်ကြီးနှလုံးခုန်ရပ်အောင် လုပ်နေပြန်တာလား။ စိတ်ဆိုးနေတယ်ဆိုရင်တောင် ဒီလောက်အထိမရက်စက်သင့်ဘူးလေ။ ကိုယ်တကယ်သေနိုင်တယ်လို့ "
ခံနိုင်ရည်မရှိတော့သလိုမျိုး နွမ်းလျကြေကွဲနေတဲ့စကားလုံးတွေနဲ့ ကြိုဆိုသူမဲ့နေတဲ့ခရီးသွားတစ်ယောက်ပါပဲ။
နက်မှောင်နေတဲ့ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြီးသင်ထားပြီး အနက်ရောင်တီရှပ်အပေါ်မှာ ဖလန်နယ်စိမ်းပြာကွက်ကိုထပ်ဝတ်ထားတဲ့အနှီယောက်ျားဟာ မြင့်မားတဲ့အရပ်အမောင်းနဲ့ထင်းနေတဲ့ရုပ်ရည်တို့ကြောင့် ဒီအတိုင်းမတ်တတ်ရပ်အနေအထားနဲ့တောင် လေဆိပ်ရှိလူအများကြားမှာ အာရုံစိုက်ခြင်းခံနေရသည်။ခန္ဓာကိုယ်တစ်ခုလုံးမှာ အပိုပစ္စည်းဆိုလို့ ကျောပိုးအိတ်တစ်လုံးသာ လက်တစ်ဖက်တည်းခပ်လျော့လျော့လွယ်ထားသူက ပတ်ဝန်းကျင်ရဲ့အကဲခတ်စူးစမ်းမှုတွေအလယ်ကိုရောက်နေတာတောင် သူ့ရဲ့အာရုံတစ်ခုလုံးကတော့ အကြောစိမ်းတွေယှက်ဖြာနေတဲ့လက်ချောင်းရှည်တွေကြားမှ ခေါ်ဆို၍မရတဲ့ဖုန်းအပေါ်ကိုပဲ မျက်တောင်မခတ်တမ်း စူးစိုက်နေဆဲ။
တစ်ချက်တစ်ချက် အလိုမကျစွာ တွန့်ကုပ်သွားတဲ့ လေးကိုင်းသဏ္ဍာန်မျက်ခုံးနှစ်စုံ။ အချိန်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်းပျက်ယွင်းလာတဲ့မျက်နှာမှာ စိုးရိမ်တုန်လှုပ်ခြင်းတို့အတိုင်းသားကြီးစိုးလာပြီးနောက် မျက်ဝန်းတွေမှာ ရစ်သိုင်းလာတာက အကြည်ရောင်မျက်ရည်တွေ။
ESTÁS LEYENDO
Black Heart [ အနက်ရောင်နှလုံးသား🖤] [ Completed]
Romanceနှလုံးသား အနီရောင်မဟုတ်တဲ့ နှလုံးသား အမုန်းတရားတွေနဲ့ နှလုံးသား သူတို့ခေါ်တာက အနက်ရောင်နှလုံးသားတဲ့လေ🖤 Uke strong/ Marriagelife / Mature on/ rebirth Start date>>> 8.3.2023(Wed) End date >>>> 18.1.2024 pic from pinterest