💛 Sweet Like Honey 💛
အပိုင်း 19
သူမ မျက်စိရှေ့ရောက်လာတဲ့ ဆန်ပြုတ်မွှေးမွှေးလေးကို ကြည့်ပြီး ချိုရီ ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။
အနံ့လေးကတော့ တကယ်စားချင်စဖွယ်ပင်။
နေမကောင်းပေမယ့် ခံတွင်းမပျက်သေးဘဲ မနေ့ညကလဲ ဘာမှမစားထားတာကြောင့် ဗိုက်ထဲဟောင်းလောင်းဖြစ်နေ၍ ဆန်ပြုတ်အနံ့လေး ရရုံနဲ့တင် ချိုရီ ဗိုက်ဆာလာရသည်။
မောင်က ဆန်ပြုတ်ပန်းကန်နဲ့အတူ ရေနွေးလေးတစ်ခွက်ကိုပါ သူမအတွက် ချပေးသည်။
"ဖြည်းဖြည်းချင်း မှုတ်စားနော် ချိုရီ .... မောင်ပြန်နွှေးထားလို့ ဆန်ပြုတ်က နည်းနည်းပူနေတယ်....."
ချိုရီ မောင့်ကို ခေါင်းလေး ငြိမ့်ပြပြီး ဆန်ပြုတ်လေးတစ်ဇွန်းကို ခပ်ကာ ဖြည်းဖြည်းချင်း မှုတ်ပြီး အရင်မြည်းကြည့်လိုက်သည်။
ကဏန်းသားရဲ့ နူးညံ့ချိုမြိန်တဲ့အရသာနဲ့ ဆန်ပြုတ်က တော်တော်လေးကို စားကောင်းတာကြောင့် ချိုရီ့မျက်၀န်းလေးတွေ တောက်ပသွားရသည်။
"ဘယ်လိုနေလဲ ချိုရီ .... စားလို့ကောင်းရဲ့လား......"
"အွန်း အရမ်းစားကောင်းတာပဲမောင်..... ကဏန်းသားအမျှင်လေးတွေနဲ့ တော်တော်လေး စားကောင်းတယ်.... ဆန်ပြုတ်ဆို အရမ်းကြီး မကြိုက်တဲ့ ချိုရီတောင် ဒီအရသာလေးကို သဘောကျတယ်....."
ချိုရီက ပြောရင်းနဲ့ ဆန်ပြုတ်လေး နောက်တစ်ဇွန်းကို ထပ်စားလိုက်တာကြောင့် သုတနှုတ်ခမ်းဖျားတွေ အပေါ်ကို ကွေးတက်သွားရသည်။
"ချိုရီ နေပြန်ကောင်းလာတဲ့အချိန်ကျရင် မောင်က အရသာရှိတာတွေ အများကြီး ထပ်၀ယ်ကျွေးမယ်နော်....."
ချိုရီ နာခံတတ်တဲ့ ကြောင်ပေါက်လေးတွေလိုမျိုး မောင့်ကို ခေါင်းလေးငြိမ့်ပြလိုက်တော့ မောင်က အသည်းယားစွာဖြင့် သူမခေါင်းလေးကို ခပ်ဖွဖွ လာပွတ်လေသည်။
"ဒါနဲ့ မောင်ရော မနက်စာ ဘာစားမှာလဲဟင်....."
"မောင်စားဖို့အတွက်လဲ ဆန်ပြုတ်ပဲ ၀ယ်လာတယ် ချိုရီ...... ဒါပေမဲ့ မောင် ပြီးမှပဲ စားတော့မယ် ...... အခုဗိုက်မဆာသေးလို့ ....."