🚨 Sweet Like Honey 🚨
အပိုင်း 61
သုတ သားသဘောကျလောက်မယ့် ပုံပြင်စာအုပ်လေး တစ်အုပ်ကို ရွေးချယ်ပြီးတဲ့နောက် သားကို ကြည့်လိုက်လျှင် သားက သူ့အိပ်ရာပေါ်မှာရှိနေတဲ့ အရုပ်ကလေးတွေကို ရှေ့နောက်ညီညီစီပြီး အိပ်ဖို့လုပ်နေတာကြောင့် အံ့သြသွားရသည်။
"ဟင် ...... သားက အိပ်တော့မှာလား......."
ဒီည သားလေးကို စောစောသိပ်မယ်ဆိုပြီး မနက်က ချိုရီကို ပြောခဲ့တာကြောင့် အခု သားလေး စိတ်၀င်စားလောက်မယ့် ပုံပြင်စာအုပ်ကို သေချာရွေးချယ်ပြီးခါမှ သားက အိပ်ဖို့ကို သူ့ဘာသူ ပြင်ဆင်နေလေသည်။
"ဟုတ်ဖေဖေ...... သားသားက ဒီနေ့ 9 နာရီ အိပ်မှာ......."
ပုံမှန်ဆို ဒီအချိန် အိပ်ရာပေါ်မှာ ကဆုန်ပေါက်ပြီး ဆော့နေကျ သားက အခုအိပ်တော့မယ်ဆို၍ သုတ နားမလည်နိုင် ဖြစ်သွားရသည်။
"ဖေဖေ့သားက ဘယ်လိုဖြစ်ပြီး ဒီနေ့ အစောကြီး အိပ်ဖို့လုပ်နေတာလဲ......."
"သားသားက ရောင်နီနဲ့ တူတူ လိမ္မာချင်လို့လေ ဖေဖေ ....... ရောင်နီက 9 နာရီဆို အိပ်ပြီ ....... မေမေက စောစောအိပ်တဲ့ ပေါင်ပေ့လေးတွေက အရမ်းလိမ္မာတယ်တဲ့ ....... အဲ့တာကြောင့် သားသားလဲ လိမ္မာတဲ့ ပေါင်ပေ့လေးဖြစ်ဖို့ 9 နာရီ အိပ်မှာ ဖေဖေ ......."
"အဟွန်း ဟုတ်ပါပြီဗျာ.......ဒါဆို ဖေဖေ မီးပိတ်လိုက်တော့မယ်နော်..... "
"ဟုတ်ဖေဖေ ...... ဒါမဲ့ သားသားကို ကြယ်လေးတော့ ဖွင့်ပေးခဲ့နော် ဖေဖေ "
"ကောင်းပါပြီဗျာ...... ဖေဖေ့သားလေး Good Night "
"Good Night ဖေဖေ "
သုတ သားရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်ပြီးနောက် အခန်းမီးခလုတ်ကို ပိတ်ကာ သားပြောသည့် ကြယ်ပုံစံ ညအိပ်မီးလေးကို ဖွင့်ပေးခဲ့လိုက်သည်။
*****
သုတ အခန်းထဲကို ရောက်တော့ ချိုရီက မှန်တင်ခုံမှာ ထိုင်ရင်း ခေါင်းဖြီးနေရာမှ သူ့ကို မြင်သွားပြီး ပြုံးပြလာလေသည်။
"သားလေး အိပ်သွားပြီလား မောင် "
"အိပ်သွားပြီ ချိုရီ..... မောင်က သားကို ချော့သိပ်ဖို့ ပုံပြင်စာအုပ်ရွေးနေတုန်း သားက အိပ်ဖို့ ပြင်ဆင်နေလို့ မောင်တောင် အံ့သြခဲ့ရသေးတယ်......"