💛 Sweet Like Honey 💛
အပိုင်း 67
"မေမေ ..... အာ "
ချိုရီ သားနဲ့ အတူတူ ကာတွန်းကားထိုင်ကြည့်ပေးနေတုန်းမှာ သားက Cheese Ring လေးတစ်ခုကို သူမအား ခွံ့ကျွေးလာတာကြောင့် ချိုရီ ခေါင်းလေးငုံ့ကာ ယူစားလိုက်သည်။
"စားကောင်းလား မေမေ......"
"အွန်း....... မေမေ့သားလေးခွံ့ကျွေးလို့လား မသိဘူး .......အရမ်း စားကောင်းတာပဲ......."
"ဟီး......."
သားက သူမစကားကြောင့် ကျေနပ်သွားပြီး ပြုံးတော့ ချိုရီ သားရဲ့ ဆံပင်ပျော့ပျော့လေးတွေကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်သည်။
ထိုအချိန်မှာပဲ မလှမ်းမကမ်းမှာရှိနေသည့် သူမရဲ့ ဖုန်းမြည်သံလေးကို ကြားလိုက်ရတာကြောင့် ချိုရီ ယူကြည့်လိုက်တော့ မောင် ဆက်တာဖြစ်နေ၏။
"ဟယ်လို မောင်......."
"ချိုရီရေ ...... ဒီနေ့ကို သားနဲ့ပဲ ညစာစားနှင့်လိုက်တော့နော်....... မောင့်ကို မစောင့်နဲ့တော့ ....... "
"ဟင် ဘာလို့လဲ မောင်......"
"မောင် အိမ်ပြန်နောက်ကျမယ်ထင်တယ် ချိုရီ ........ ဟိုတနေ့က ချိုရီ့ကို ပြောတဲ့ ဒီကိုရောက်လာမယ့် ပြင်သစ်က မောင့်ရဲ့ ဆရာဆိုတာလေ ......"
"အွန်း ..... ဘာလို့လဲ မောင် "
"အဲ့တာ သူက လေယာဥ်အချိန်ပြောင်းသွားလို့ ဒီနေ့ရောက်မှာတဲ့ ...... မောင် သူ့ကို လေဆိပ်မှာ သွားကြိုရမှာ........ အဲ့တာကြောင့် ကျိန်းသေပေါက် အိမ်ပြန်နောက်ကျမှာ ....... ညစာအတွက် မောင့်ကို မစောင့်နဲ့တော့နော်....... မောင်လဲ အဆင်ပြေတာ တစ်ခုခုပဲ ဆိုင်ကနေ ၀ယ်စားလိုက်မယ်.......ပြီးတော့ ချိုရီတို့ သားအမိ ၂ယောက်ထဲ ဖြစ်နေတယ်ဆိုရင် အဖွားဆီ သွားလည်ရင် လည်ပါလား........ မောင်လဲ ဆရာကို တည်းမယ့် ဟိုတယ်ဆီ လိုက်ပို့ပြီးတာနဲ့ ချက်ချင်းပြန်လာမှာ........အရမ်းကြီးတော့ နောက်မကျလောက်ဘူး ထင်ပါတယ်......"
အိမ်ပြန်နောက်ကျမယ့် ကိစ္စနဲ့ ပတ်သက်ပြီး တသီတစ်တန်းကြီး မှာတမ်းခြွေနေသည့် မောင့်ကြောင့် ချိုရီ့ နှုတ်ခမ်းလေးတွေ ကွေးတက်သွားရသည်။