💛 Sweet Like Honey 💛
အပိုင်း 9
စိတ်အပန်းဖြေဖွယ် သာယာငြိမ့်ညောင်းလှတဲ့ သီချင်းသံအေးအေးလေးကို နားထောင်ရင်း သုတက သူမရဲ့ လက်ဖ၀ါးနဲ့ လက်ကောက်၀တ်ကို ရနံ့ကုထုံး massage လေးလုပ်ပေးတော့မှာမို့ ချိုရီ ရင်ခုန် စိတ်လှုပ်ရှားနေမိသည်။
ချိုရီအတွက် အဆင်ပြေဆုံးဖြစ်မယ့် ရနံ့ဆီလေးတစ်မျိုးကို သုတ ရွေးချယ်လိုက်ပြီးနောက် ချိုရီနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်သည်။
"ချိုရီ့ လက်ဖ၀ါးလေးဖြန့်ပေးနော်...."
"ဟုတ်....."
ချိုရီက နူးညံ့ဖြူဥနေတဲ့ သူမရဲ့ လက်ဖ၀ါးလေးကို ဖြန့်ပြလာသည့် အချိန်မှာတော့ သုတ မျက်တောင်တွေ လှုပ်ခတ်သွားရသည်။ တကယ့်ကို နုဖတ်အိစက်နေတဲ့ လက်ချောင်းလှလှလေးတွေမို့ သုတ ကိုင်ဖို့အတွက်ကိုပင် မ၀ံ့မရဲဖြစ်သွားကာ စိတ်မှာလဲ လှုပ်ရှားသွားရသည်။
"သုတ မနှိပ်ဘူးလားဟင်....."
"ဗျာ.... "
"ချိုရီ့လက်ဖ၀ါးကို သုတပဲ နှိပ်ပေးမယ်ဆို ..... အခု မနှိပ်ဘူးလားဟင်....."
"အာ.... ဆောရီးပါ ချိုရီရယ်...... ကျွန်တော် အတွေးနည်းနည်းလွန်သွားလို့ ......"
အဲ့တော့မှ သုတ အာရုံကို ပြန်လည်စုစည်းကာ ချိုရီရဲ့ လက်ဖ၀ါးထဲသို့ ရနံ့ဆီလေးအစက် အနည်းငယ်ချလိုက်ပြီး ပထမဆုံး လက်ဖ၀ါးနုနုလေးအနှံ့ကို ပွတ်လိမ်းပေးလိုက်သည်။ ထို့နောက်မှ ချိုရီ ခံစားနေရတဲ့ တင်းအားတွေကို ပြေလျော့သွားစေရန် နည်းလမ်းမှန်မှန်နဲ့ လက်ချောင်းလေးတွေကိုရော၊ လက်ဖမိုးနဲ့ လက်ဖ၀ါးလေးကိုပါ ညင်ညင်သာသာလေး နှိပ်နယ်ပေးလိုက်သည်။
သူမလက်ကို ဂရုတစိုက် နှိပ်နယ်ပေးနေတဲ့ သုတကို စိုက်ကြည့်ရင်း ချိုရီ့ရင်ထဲမှ အချစ်စိတ်တွေက တအိအိနဲ့ ယိုဖိတ်လျှံကျလာရသည်။
ကြည့်နေရင်းနဲ့ မင်းသုတမာန်ဆိုတဲ့ သူမမျက်စိရှေ့မှာရှိနေသည့် ကောင်လေးကို ချစ်သူအဖြစ် ပိုင်ဆိုင်ချင်လာတဲ့ စိတ်ကြောင့် ချိုရီ ဘယ်လိုလုပ်ရမလဲ တကယ်မသိတော့ပေ။