💛 Sweet Like Honey 💛
အပိုင်း 15
"၀ါး ဒီဆိုင်လေးလား မလတ် ....."
"ဟုတ်တယ် နာရီ ......"
မလှမ်းမကမ်းမှာ မြင်နေရတဲ့ Delight ဆိုတဲ့ ဆိုင်လေးကို နာရီ လက်ညှိုးထိုးပြီး မေးလိုက်မိတော့ မလတ်က ဟုတ်တယ်ဟု ခေါင်းငြိမ့်ပြလာလေသည်။
"ဆိုင်လေးက ချစ်စရာလေးနော် မလတ် ..... မီးတော့ မြင်မြင်ချင်း စိတ်၀င်စားသွားပြီ ....."
"ကဲပါ ဒေါ်ရွှေနာရီရယ် စကားတွေ များမနေနဲ့ ..... ကားပေါ်ကဆင်းတော့ ......"
"ဟွန့် မလတ်တို့ကလဲ ကဲကိုကဲတယ်.... မီးတို့က ဆိုင်ပိတ်ချိန်လာတာပဲဟာကို ဘာတွေလောနေတာလဲ .....ဆိုင်ထဲမှာ customers တွေလဲ မရှိတော့ဘူး..... အေးဆေးလုပ်လို့ရပါတယ်....."
သူ့ကို လောလို့ဆိုပြီး ပွစိပွစိလုပ်နေတဲ့ ညီမဖြစ်သူကို ချိုရီမှာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရသည်။
"ကဲလာပါ မရွှေချောရယ်.... ငါ့ကောင်လေး စောင့်နေတော့မယ်...."
ကားပေါ်မှ ဆင်းတာတောင် ကားလမ်းမကူးသေးဘဲ ကားမှန်ကို တစ်ချက် ကြည့်နေသေးသည့် ညီမဖြစ်သူကို ချိုရီ စိတ်မရှည်တော့တဲ့အဆုံး ဆွဲခေါ်လာခဲ့မိသည်။
ထိုအခါ နာရီမှာ အစ်မဖြစ်သူလက်ထဲ ယက်ကန်ယက်ကန်နဲ့ ပါသွားခဲ့ရသည်။
ဆိုင်တံခါးဖွင့်သံကို ကြား၍ သုတ လှည့်ကြည့်လိုက်မိလျှင် ၀င်လာသူမှာ ချိုရီ ဖြစ်နေတာကြောင့် မျက်၀န်းထဲ အပြုံးရိပ်တွေ ယှက်ပြေးသွားရသည်။ ချိုရီ့ဘေးမှာ ကောင်မလေးတစ်ယောက်လဲ ပါသည်။ ကြည့်ရတာ ချိုရီရဲ့ ညီမလေးပဲ ဖြစ်ရမည်။
"ချိုရီ ...."
"မောင်...."
ချိုရီက သူ့ကိုမြင်တာနဲ့ ပြေးလာပြီး ဖက်တာကြောင့် သုတ သဘောကျစွာ ပြုံးလိုက်ကာ ချိုရီ့ကို ပြန်လည်ဖက်ထားမိသည်။
'မောင်´ဟုခေါ်ကာ သူ့ချစ်ချစ်ကို တန်းပြီး ပြေးဖက်လိုက်သည့် မလတ်ကြောင့် နာရီ မျက်လုံးလေးတွေ ၀ိုင်းသွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူမတစ်ယောက်လုံး ပါလာတာကို မေ့သွားပြီး ဘဲနဲ့ ချစ်ကြည်နူး တစ်တီတူးနေတဲ့ အစ်မဖြစ်သူရဲ့ ပုံစံကို နာရီ တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့် အကြီးကြီး အံ့သြနေမိသည်။ ဒီလို မြင်ကွင်းမျိုးကို အဖွားအား မြင်စေချင်လိုက်တာဟုလဲ နာရီတွေးလိုက်မိသည်။