💛 Sweet Like Honey 💛
အပိုင်း 30
ရွှေ၀ါရောင်သမ်းနေတဲ့ ကြက်ဥကြော်လေးနဲ့အတူ အရမ်းကိုမှ အရသာရှိလွန်းတဲ့ သီးစုံထမင်းကြော်တစ်ဇွန်းကို တွဲဖက်ပြီး စားလိုက်ရတာကြောင့် ချိုရီ ပါးစုံလေးတွေမို့တက်တဲ့အထိ ပြုံးမိသွားရသည်။
ထမင်းကြော်ထဲမှာ ရောစပ်ကြော်လှော်ထားတဲ့ အသီးအရွက်တွေနဲ့ အသားရဲ့ ပေါင်းစပ်မှုက တော်တော်လေးကို လိုက်ဖက်ပြီး ကြက်ဥကြော်ကလဲ အပြင်ဘက်မှာ တင်းတင်းလေးနဲ့ အတွင်းဘက်မှာတော့ တကယ်ကို နူးညံ့အိစက်နေတာကြောင့် သူမစားဖူးသမျှ ထမင်းကြော်ထဲမှာ အရသာရှိဆုံး ထမင်းကြော်ဟု ချိုရီ တွေးမိကာ မောင့်အား အရမ်းကောင်းတယ်ဟု ပြောချင်တဲ့ သဘောဖြင့် လက်မလေး ထောင်ပြလိုက်သည်။
မောင်ကတော့ သူမ စားနေတာကို ပြုံးပြီးသာ ငေးကြည့်နေလေသည်။ ဒါပေမဲ့ မောင့်ပုံစံကို ကြည့်ရတာ တစ်ခုခုကို ပြောချင်နေပုံရ၏။
ညကကိစ္စကိုများ မောင် ပြောချင်နေတာလားဟု တွေးမိတော့ ချိုရီ တုံ့ဆိုင်းသွားရသည်။
ညက ဒီလောက်ထိ အရက်တွေမူးလာတာကို သူ့အိမ်ဆီ မဆက်သွယ်ပေးဘဲ သူမတိုက်ခန်းကိုပဲ ခေါ်လာမိပြီး မှားယွင်းတဲ့အထိ ဖြစ်စေမိလို့ သူမကို မောင်က အပြစ်တင်မှာတော့ မဟုတ်လောက်ဘူးမလား။
ဟင့်အင်း ..... မဖြစ်နိုင်လောက်ပါဘူး..... မောင်သာ သူမကို အပြစ်တင်မယ်ဆိုရင် အိပ်ရာ နိုးနိုးချင်း သူမကိုပါ နှိုးပြီး ဘာတွေဖြစ်ကုန်ရတာလဲဆိုပြီး ပြောမှာပေါ့။ အခုလိုမျိုး အချစ်တွေနဲ့ ပြည့်နေတဲ့ မနက်စာကို သူမအတွက် ပြင်ဆင်ပေးထားမှာ မဟုတ်ချေ။ ထိုသို့တွေးမိတော့မှပဲ ချိုရီ စိတ်သက်သာရာ ရသွားသည်။
"ချိုရီ ..... "
ချိုရီ တစ်ယောက်ထဲ အတွေးတွေလွန်နေမိရာမှ မောင့်ရဲ့ ခေါ်သံကြောင့် ပြန်ပြီးအသိ၀င်သွားရသည်။
"ဟင်...."
"မောင်ဘယ်လိုပဲ တွေးကြည့်တွေးကြည့် အဖြေကတစ်ခုပဲထွက်တယ်..... ညက ဖြစ်ခဲ့တဲ့ ကိစ္စမှာလေ မောင့်အနေနဲ့ ...."