💛 Sweet Like Honey 💛
အပိုင်း 36
ဧည့်ခန်းထဲမှာ သူမအား ထိုင်စောင့်နေသည့် ပရိုဂျူဆာ ကိုမိုးယံကို မြင်လိုက်ရလျှင် လွှမ်းဖြူစင်ရဲ့ နှုတ်ခမ်းတွေ လှပစွာတွန့်ကွေးသွားရသည်။
"ကိုမိုးယံ .... စောင့်နေရတာ အရမ်းကြာသွားလားဟင်.... လွှမ်း အခုလက်ရှိရိုက်နေတဲ့ ဇာတ်လမ်းရဲ့ ဒါရိုက်တာကြီးနဲ့ ဇာတ်လမ်းအကြောင်းပြောတာက နည်းနည်းကြာသွားတယ်......ဖုန်းထဲမှာဆိုတော့ လွှမ်းဘက်ကအရင် စကားဖြတ်လို့လဲ မကောင်းဘူးလေ......"
"ဟုတ်တာပေါ့ လွှမ်းရဲ့ ...... ကျွန်တော်လဲ အကြာကြီး မစောင့်လိုက်ရပါဘူး ..... "
"အဲ့လိုဆို တော်သေးတာပေါ့..... ဒါနဲ့ ဘာကိစ္စရှိလို့လဲဟင် ကိုမိုးယံ ...... လွှမ်းရဲ့ အိမ်အထိကို ရောက်ချလာပုံထောက်ရင် တော်ရုံတန်ရုံတော့ မဟုတ်ဘူးထင်တယ်......"
"အဟွန်း..... လွှမ်းက တကယ်ကို လူကဲခတ်တော်လွန်းတာပါဗျာ.......ကဲပါလေ အချင်းချင်းတွေဆိုတော့ ကျွန်တော်လဲ စကားပုလ္လင်တွေ ဘာတွေခံမနေတော့ပါဘူး..... ဒီလို လွှမ်းရဲ့ ..... ကျွန်တော်တို့ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးပြီး KR လုပ်ငန်းစုက ရင်းနှီးမြှုပ်နှံမယ့် တကယ့် Project ကြီးတစ်ခုမှာ လွှမ်းကို ခေါင်းဆောင်မင်းသမီးနေရာကနေ ပါ၀င်ပေးဖို့ ကမ်းလှမ်းချင်လို့ပါ......"
"KR လုပ်ငန်းစုက ရင်းနှီးမြှုပ်နှံမယ့် Project ဆိုတော့ Venus မဟုတ်လား ကိုမိုးယံ ......."
"ဟုတ်တယ် လွှမ်း ..... ကျွန်တော် ဒီမှာ Venus နဲ့ ပတ်သက်တဲ့ အချက်အလက်တွေလဲ အကုန်ယူလာခဲ့တယ်.... လွှမ်း ဖတ်ကြည့်လို့ရအောင်လေ......"
ကိုမိုးယံက အညိုရောင် A4 size စာအိတ်ရှည်တစ်ခုကို သူမရှေ့ တွန်းပို့ပေးလာတာမို့ လွှမ်းဖြူစင် အပြုံးတစ်ပွင့်နဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
နောက်ဆုံးတော့ ချိုရီဆည်းဆာ ပိုင်ဆိုင်ဖူးခဲ့တဲ့ Venus project ကြီးက သူမလက်ထဲကို လွှဲပြောင်းရောက်ရှိလာရပြီဖြစ်၏။
novel မှာထဲက ပရိတ်သက်အင်အားအခိုင်အမာရရှိထားတဲ့ Venus ကို ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းမယ်လို့ သတင်းလွှင့်ထဲက ဒီ Project ဟာ လူအများရဲ့ အာရုံစိုက်ခြင်းကို အထူးတလည်ခံခဲ့ရတာဖြစ်သည်။ ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့် KR လုပ်ငန်းစုဆိုတာကလဲ နယ်နယ်ရရ မဟုတ်တာကြောင့် ဒီဇာတ်လမ်းတွဲကို လှေကားထစ်တစ်ခုလို အသုံးချပြီး အောင်မြင်မှုကို အရယူချင်ကြသည့် သူကလဲ အများအပြားပင်။ သူမကိုယ်တိုင်လဲ Venus ရဲ့ ခေါင်းဆောင်မင်းသမီးနေရာကို တိတ်တဆိတ် မက်မောခဲ့ဖူး၏။