💛 Sweet Like Honey 💛
အပိုင်း 41
ကြက်ဥတွေ ဂျုံမှုန့်တွေနဲ့ ပစ်ပေါက်ခံနေရတဲ့ လွှမ်းဖြူစင်ရဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ချိုရီ သက်ပြင်းလေး ရှိုက်လိုက်မိသည်။
အခုဆို လွှမ်းဖြူစင်ရဲ့ အေဂျင်စီကပါ လွှမ်းဖြူစင်နဲ့ ချုပ်ထားတဲ့ စာချုပ်ကို လျော်ကြေးပေးပြီး ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ပြီးတော့ လွှမ်းဖြူစင်နဲ့ အတူတွဲလုပ်နေကြတဲ့ အလုပ်တွေအကုန်လုံးလဲ ဖျက်သိမ်းလိုက်ကြပြီဖြစ်၏။
တစ်ချိန်က သူမဖြစ်ခဲ့သလိုမျိုး .... မဟုတ်သေးဘူး...... အခု လွှမ်းဖြူစင်ဖြစ်နေတာတွေက သူမထက် ပိုပြီး ဆိုးရွားသည်။
ဒါပေမဲ့ သူမတုန်းက မတရားစွပ်စွဲခံခဲ့ရတာဖြစ်သည်။ လွှမ်းဖြူစင်ကျတော့ ဒီမကောင်းတဲ့ အရာတွေအားလုံးရဲ့ နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်နေခဲ့တာမို့ အခုလို တန်ပြန်ခံစားရတာပင်။
ဒီလိုအခြေအနေမျိုးနဲ့ဆို လွှမ်းဖြူစင်က နာမည်ပျက် blacklist ထဲ၀င်သွားပြီမို့ ဒီလောကမှာ နောက်တစ်ကြိမ် ပြန်အခြေချဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ချေ။
အရာအားလုံးဟာ ကိုယ်စိုက်ခဲ့တဲ့အသီး ကိုယ်ပြန်ရိတ်သိမ်းကြရတာပဲဟု ချိုရီ စိတ်ထဲမှ တွေးလိုက်မိသည်။
ထိုအချိန်မှာပဲ သူမဖုန်းထဲသို့ မောင် ပို့လိုက်တဲ့ message လေးက တောင်ခနဲဆိုသလို ၀င်လာလေသည်။
💌 ချိုရီရေ .... မောင် ရောက်ပြီနော် 💌
ဒီနေ့က စီအီးအိုနဲ့ မဆုန်တို့ရဲ့ အကြံပေး တိုက်တွန်းချက်ကြောင့် ချိုရီ မောင်နဲ့ နှစ်ယောက်အတူ အေးအေးဆေးဆေးရှိမယ့် နေရာလေးဆီကို ခရီးတိုလေးတစ်ခု ထွက်မှာဖြစ်သည်။
💌 ချိုရီ အခုဆင်းလာပြီ မောင်..... ခဏစောင့်နော်.....💌
မောင့်ကို ချိုရီ စာပြန်ပို့ပြီးတာနဲ့ ဖုန်းကို ပိတ်လိုက်ပြီး သူမအဆင်သင့်ပြင်ထားတဲ့ luggage အသေးလေးကို ဆွဲကာ တိုက်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ကားပါကင်ဆီရောက်တော့ မောင်က ကားရှေ့မှာရပ်စောင့်နေပြီး သူမကို မြင်တာနဲ့ သူမရဲ့ luggage လေးကို လာကူသယ်ပေးသည်။