💛 Sweet Like Honey 💛
အပိုင်း 55
ဘယ်သူကမှ ဘာမှ မပြောတာကြောင့်တိတ်ဆိတ်ငြိမ်သက်လွန်းနေတဲ့ မနက်စာစားပွဲ၀ိုင်းလေးကို ကြည့်ပြီး ချိုရီ နဲ့ နာရီတို့မှာ ကျိတ်ပြီး ပင့်သက်ကိုယ်စီ ရှိုက်လိုက်မိကြသည်။
"နေရီ "
အခုချိန်အထိ သြဇာညောင်းဆဲဖြစ်သည့် အဖွားရဲ့ ခေါ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ထွက်ပေါ်လာလျှင် အခေါ်ခံရသည့် နေရီတော့ မသိ..... ချိုရီနဲ့ နာရီတို့ပင် ကိုယ်လေးတွေတုန်သွားရသည်။
"ဟုတ် အဖွား......."
"ကလေးအဖေကို အသိမပေးဘဲ ညည်းဗိုက်ထဲက ကလေးကို မွေးဖို့အတွက် တကယ်ပဲ စိတ်ပိုင်းဖြတ်ပြီးသွားပြီလား........"
"နေရီတကယ် စိတ်ပိုင်းဖြတ်ပြီးသွားပါပြီအဖွား....... အဲ့လိုဆုံးဖြတ်ပြီးမှ ဒီကို ပြန်လာခဲ့တာပါ........"
"ချိုရီပြောသလို ညည်းနဲ့ ညည်းဗိုက်ထဲက ကလေးရဲ့ အဖေကြားမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ မသိပေမယ့် အခုချိန်မှတော့ ဖြစ်ခဲ့သမျှကို တစ်ခုချင်း ပြန်ပြီး မမေးချင်တော့ဘူး ....... ဆုံးဖြတ်ပြီးရင် ဘယ်သူဘာပြောပြော နားမ၀င်တော့တဲ့ ညည်းကို နားချနေလဲ ထူးမှာ မဟုတ်ဘူး......."
အဖွားရဲ့ စကားတွေကို ခေါင်းငုံ့ကာ နားထောင်နေသည့် နေရီကို ကြည့်ပြီး ချိုရီ နဲ့ နာရီတို့မှာ မျက်နှာငယ်လေးတွေ ဖြစ်နေကြသည်။
"အဲ့တော့ ဖြစ်ပြီးသွားခဲ့တဲ့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး ရှေ့ဆက် လျှောက်လှမ်းရမယ့် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုသာ အာရုံစိုက်တော့....... တစ်ခုမှတ်ထားရမှာက ညည်းက အခုချိန်မှာ လူလွတ်မဟုတ်တော့ဘူး နေရီ ..... ကလေးတစ်ယောက်အမေ ဖြစ်လာတဲ့ အချိန်ကျရင် အခုလို ဘယ်သူနဲ့မှ ဘာမှမတိုင်ပင်ဘဲ တစ်ယောက်ထဲ စိတ်လိုက်မာန်ပါလုပ်တာမျိုးတွေကို ထပ်လုပ်လို့ မရတော့ဘူး......အဲ့တာကိုရော သိလား......."
"ဟုတ် ဖွား ..... နေရီ ကတိပေးပါတယ်...... နောက် ဘယ်တော့မှ အခုလို စိတ်လိုက်မာန်ပါလုပ်တာမျိုးကို နေရီထပ်မလုပ်တော့ပါဘူး....... ဒါဆို နေရီ ကလေးကို မွေးလို့ရတယ်မလားဟင် ဖွား......."