💛 Sweet Like Honey 💛
အပိုင်း 29
သုတ နိုးနိုးချင်းမှာပဲ သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ချိုရီကို မြင်လိုက်ရလျှင် ခေါင်းနပန်းကြီးသွားရသည်။
ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ.....
သူနဲ့ ချိုရီက ဘယ်လိုဖြစ်ပြီး အခုလို အနေအထားမျိုးနဲ့ အိပ်ရာထဲမှာ အတူတူရှိနေရတာလဲ....
သုတ အိပ်ရာနိုးနိုးချင်း ဘာမှမစဥ်းစားနိုင်သေးတဲ့ အချိန်မှာပဲ နှစ်ယောက်အတူခြုံထားတဲ့ စောင်ရဲ့ အောက်ခြေမှာ ထိကပ်နေတဲ့ သူ့ခန္ဓာကိုယ်နဲ့ ချိုရီ့ခန္ဓာကိုယ်တို့မှာ အ၀တ်အစားတွေ ကင်းမဲ့နေတယ်ဆိုတာကိုပါ သိလိုက်ရလျှင် ခေါင်းတစ်ခုလုံး ထူပူသွားရသည်။
ညက သူနဲ့ ချိုရီ .....
ဘာတွေဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို သုတ ဖြည်းဖြည်းချင်းစီ စဥ်းစားကြည့်တော့ ညတုန်းက ပုံရိပ်တွေက အနှေးပြကွက်တစ်ခုလိုမျိုး သူ့အာရုံထဲမှာ ထင်ထင်ရှားရှားဖြင့် ရုပ်လုံးပေါ်လာသည်။
ချိုရီက ကားကို ကိုယ်တိုင်မောင်းပြီး ဥာဏ်ပြည့်တို့ရဲ့ Pool Party ကနေ ပြန်လာခဲ့တာတွေ၊ ဒီအထိရောက်အောင်လို့ သူ့ကို ချိုရီတစ်ယောက်ထဲတွဲပြီး ခေါ်လာခဲ့တာတွေ ၊ သူနဲ့ ချိုရီတို့ ဆိုဖာပေါ်မှာ အရင်နမ်းဖြစ်ခဲ့ကြပြီးမှ အိပ်ရာပေါ်မှာ အချစ်ဇာတ်ခင်းခဲ့ကြတာတွေ အားလုံးကို သုတ ပြတ်ပြတ်သားသား မှတ်မိလာရသည်။
တစ်ဆက်ထဲမှာပဲ သူ့ဘက်က ချိုရီအပေါ်မှာ အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပြီဟု သုတတွေးကာ ယူကျုံးမရဖြစ်သွားမိသည်။
ဒီလိုပြဿနာမျိုး ဖြစ်လာနိုင်တာကို ကြိုတွေးမိခဲ့ပေမယ့် မဆင်ခြင်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ သုတ မချင့်မရဲ ဖြစ်မိသည်။
သူ့ရင်ခွင်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိပ်ပျော်နေဆဲဖြစ်သည့် ချိုရီကို ငုံ့ကြည့်မိရင်း သုတ အားနာရလွန်းတဲ့စိတ်ဖြင့် ရင်တွေပူလာရသည်။
ညက ချိုရီရဲ့ အပျိုစင်ဘ၀လေးကို ဆွတ်ယူနိုင်ခဲ့တဲ့အချိန်တုန်းက ကျေနပ်စွာပြုံးခဲ့မိတဲ့ သူ့ကိုယ်သူလဲ ပြန်မြင်ယောင်ပြီး သုတ အလိုမကျစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။