💛 Sweet Like Honey 💛
အပိုင်း 35
အခြေအနေတွေက သူမ ထင်ထားတာထက်တောင် ပိုပြီးဆိုးရွားနေခဲ့သည်။
သူမအေဂျင်စီက မင်းသားဇိုင်ယမ်နဲ့ ဖောက်ပြန်နေတဲ့ မိန်းကလေးက သူမ မဟုတ်ဘူးလို့ Statement ထုတ်ခဲ့ပေမယ့် သူမကို မယုံကြည်ဘဲ ထိုးနှက်ကြသည့် တုံ့ပြန်မှုတွေကိုသာ ချိုရီ ဆက်ပြီး ရရှိခဲ့သည်။
အဲ့တာကြောင့် စီအီးအိုနဲ့ မဆုန်တို့က မင်းသားဇိုင်ယမ်ရဲ့ အေဂျင်စီကို ကြိုးစားပြီး ဆက်သွယ်ခဲ့ပေမယ့် မအောင်မြင်ဘဲ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
မင်းသားဇိုင်ယမ်တို့ဘက်က ဒီဖြစ်ရပ်ထဲမှာ သူမကိုသာ ပါ၀င်စေမယ်ဆိုရင် သူတို့မင်းသား အဆဲခံရတာ ပိုသက်သာမယ်ဆိုတဲ့ အတွေးနဲ့ ရေငုံနှုတ်ပိတ်နေကြတာကို ရိပ်မိသည့်အခါ ချိုရီ တကယ်ပဲ ခံပြင်းဒေါသဖြစ်လွန်း၍ မျက်ရည်ကျမိသည်။
အခုဖြစ်တဲ့ကိစ္စမှာ သူမက မတရားစွပ်စွဲခံရတာဆိုပေမယ့် မင်းသားဇိုင်ယမ်ထက်ပင် ပိုအဆဲခံနေရသည်။ သာယာပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးပစ်တဲ့ အပျက်မ၊ ငါးရံ့နှစ်ကောင်ဖမ်းချင်တဲ့ မိန်းမယုတ်မဆိုသည့် စကားတွေနဲ့ တိုက်ခိုက်တာကို အလူးအလိမ့်ခံနေရပြီး ဆယ်စုနှစ်တစ်ခုကျော် သူမ ကြိုးစားပမ်းစား တည်ဆောက်ထားခဲ့တဲ့ ပုံရိပ်တစ်ခုလုံး တမြေ့မြေ့နဲ့ ကျွမ်းလောင်နေတာကို ချိုရီ ဘာမှမတတ်နိုင်စွာနဲ့ပဲ ထိုင်ကြည့်နေခဲ့ရသည်။
သူမ အများကြီး ကြိုးပမ်းအားထုတ်ခဲ့တဲ့ Solo Concert ကိုလဲ ဖျက်သိမ်းလိုက်ရပြီမို့ အေဂျင်စီဘက်က လက်မှတ်ကြို၀ယ်ထားတဲ့ သူတွေအားလုံးကို refund တွေပြန်ပေးပြီး အလျော်ပေးလိုက်ရသည်။
အခုဆို ပရိတ်သက်တစ်ချို့ရဲ့ စွန့်ပစ်ခြင်းကိုပင် ခံနေရပြီမို့ သူမအဖြစ်က တကယ်ကို ရင်နာစရာကောင်းလွန်းသည်။
ဒီအချိန်မှာ သူမကို ဆက်ယုံကြည်ပေးပြီး ကာကွယ်ကာ အတူတူ ရှိနေပေးကြတဲ့ ကလေးတွေတောင် သူမကြောင့် အဆဲခံနေရရှာသည်။
သူမဘ၀ရဲ့ အောင်မြင်မှုတွေ ဆုံးခန်းတိုင်သွားမယ့် အချိန်ကို ချိုရီ မကြာမကြာ တွေးကြည့်ခဲ့ဖူးပေမယ့် အခုလိုအခြေအနေမျိုးနဲ့ အဆုံးသတ်သွားမယ်လို့တော့ လုံး၀မမျှော်လင့်ခဲ့ပါ။