💛 Sweet Like Honey 💛
အပိုင်း 60
ချိုရီ ဟိုဘက်အိမ်ကို ရောက်သွားတော့ ဧည့်ခန်းထဲမှာ ကလေးနှစ်ယောက်က အတူတူ ဆော့နေကြသည်။
ရောင်နီလေးက တံခါးဘက်ကို ကျောပေးထားတာမို့ သူမ၀င်လာတာကို မသိချေ။ သားကတော့ သူမကို မြင်ပြီး လှမ်းခေါ်ဖို့လုပ်လျှင် ချိုရီ လက်ညှိုးကို နှုတ်ခမ်းနားမှာ ကပ်ကာ သားအား ရှူး ဟု အသံတိတ်လုပ်ပြလိုက်သည်။
သားက သူမလိုမျိုး စတတ်နောက်တတ်ပြီး အိမ်မှာဆိုလဲ သားအမိနှစ်ယောက် မောင့်ကို လိုက်စနေကျမို့ ဒီလိုကိစ္စမျိုးဆို နှစ်ခါမတိုင်ပင်ရပေ။
"မြူခိုး...... မင်းက အမည်းရောင် ကြိုက်တာဆိုတော့ ငါက ဒီစက်ရုပ် အနီရောင်လေးပဲ ယူလိုက်မယ်နော်..... ပြီးရင် လူဆိုးကြီးတွေကို ငါတို့ အတူတူ တိုက်ကြမယ်နော်......."
"ဟုတ် လား ...... ဒါ ဆို နောက် မှာ ရောက် နေ တဲ့ လူ ဆိုး ကြီး ကို ရော ဘယ် လို တိုက် မှာ လဲ မောင် ရောင် နီ လေး ...... "
ချိုရီ အသံကို သြသြကြီး ဖြစ်အောင် လုပ်ပြီး ရောင်နီလေးရဲ့ အနောက်ကနေ လှမ်းစလိုက်လျှင် ရောင်နီလေးခမျာ လန့်ပြီး သားအနားကို ပြေးကပ်လေတော့သည်။
"အီး....... လူဆိုးကြီး ..... မြူခိုးရေ ..... လူဆိုးကြီး ငါတို့ဆီ လာနေပြီ ....."
ရောင်နီလေးအဖြစ်ကို သားက သဘောကျစွာနဲ့ တခစ်ခစ်ရယ်ပြီးနောက် ရောင်နီလေးအား ပခုံးလေးပုတ်ကာ ပြန်နှစ်သိမ့်ပေးလေသည်။
"လူဆိုးကြီး မဟုတ်ပါဘူး ရောင်နီရဲ့ ..... ငါ့မေမေပါ ....."
"ဟင်...... တီတီချိုရီလား......"
အဲ့တော့မှ ရောင်နီလေးက တုန်ယင်နေတဲ့ မျက်၀န်းလေးတွေဖြင့် သူမရှိရာဘက်ကို လှည့်ကြည့်လာလေသည်။
"အဟင်း ဟုတ်ပါတယ်ရှင် ..... တီတီချိုရီပါ ........"
ချိုရီ တူလေးကို မျက်၀န်းလေးတွေ မှိတ်သွားတဲ့အထိ ပြုံးပြပြီး ချစ်မ၀စွာဖြင့် ပွေ့ချီလိုက်တော့ ရောင်နီလေးက သူမလက်ထဲ ပေါ့ပါးစွာပါလာလေသည်။
"တီတီချိုရီက ဘာလို့ လူဆိုးကြီး လုပ်တာလဲဟင် ...... သားသားက လန့်သွားတာ...... "