💛 Sweet Like Honey 💛
အပိုင်း 34 (ဒုတိယပိုင်း)
ချိုရီ အိပ်ရာမှ နိုးနိုးချင်းမှာပဲ သူမကို ပြုံးပြီး ကြည့်နေတဲ့ မောင့်ကို အရင်ဆုံး တွေ့လိုက်ရတာကြောင့် စိတ်ထဲမှာ ပျော်သွားရသည်။
"နိုးပြီလား ချိုရီ "
သူမမျက်နှာကို ခပ်ဖွဖွ ပွတ်သပ်ပြီး မေးလာသည့် မောင့်ကို ချိုရီ ကြောင်ပေါက်လေးသဖွယ် ခေါင်းလေးငြိမ့်ပြလိုက်သည်။
"မောင်က ဘယ်တုန်းထဲက နိုးနေတာလဲဟင်......"
"မောင်လဲ ခုဏကမှ နိုးတာ ချိုရီရဲ့ .....ချိုရီ အိပ်နေတာလေးက ချစ်ဖို့ကောင်းလို့ ငေးကြည့်နေမိတာ....."
မောင့်အပြောကြောင့် ချိုရီမျက်နှာလှလှထက်မှာ အပြုံးနုနုလေးတွေ ဖြစ်တည်သွားရသည်။
"ဒီနေ့မနက်စာ ဘာစားချင်လဲ ချိုရီ ....."
"မောင်နော်..... ချိုရီ ကြည့်ကြည့်နေတာ ကြာပြီသိလား ..... မောင်ကလေ ချစ်သူထားတာလား ၀က်တစ်ကောင်မွေးနေတာလား မသဲကွဲတော့ဘူး..... "
အလိုမကျစွာပြောလာသည့် ချစ်ရသူလေးရဲ့ စကားကြောင့် သုတ မျက်ခုံးတန်းတွေ ပင့်တက်ကာ အံ့သြသွားရသည်။
"ဘာလို့လဲ ချိုရီရဲ့ ....."
"အမြဲတမ်း ချိုရီကို တွေ့ပြီဆိုတာနဲ့ ဘာစားမလဲ ဘာစားချင်လဲ ဆိုတာက အရင်မေးတာလေ ..... ပြီးရင် မနက်စာတွေ၊ နေ့လယ်စာတွေ၊ ညစာတွေကိုလဲ အရသာရှိအောင် ချက်ကျွေးသေးတယ်....
အခုလို အိပ်ရာနိုးနိုးချင်းအချိန်လေးမှာတော့ ချစ်သူကို ချစ်စကားချိုချိုလေးတွေ အရင်ဆုံးပြောသင့်တာပေါ့..... အခုတော့ မောင်က မနက်စာဘာစားချင်လဲက စမေးတာလေ...... မသိတဲ့သူဆို မောင်က ၀က်တစ်ကောင်ကို အသားတိုးစီမံချက်နဲ့ ကျွေးမွေးနေတယ်လို့ ထင်တော့မှာပဲ ......"
နှုတ်ခမ်းလေး စူပွပွနဲ့ မကျေနပ်ချက်တွေကို တသီတတန်း ပြောလာသည့် သူ့ရဲ့ ချိုရီကိုကြည့်ပြီး သုတ အသံထွက်ကာရယ်လိုက်မိသည်။
"အဟွန်း...... ဟုတ်တယ် မောင်က ချိုရီကို ၀က်ကလေးတစ်ကောင်လို အသားတိုးစီမံချက်နဲ့ ကျွေးမွေးနေတာ.......ကျွေးမွေးပြီးရင် မောင်က ဘာလုပ်မှာလဲ သိလား ....."