💛 Sweet Like Honey 💛
အပိုင်း 65
"ကိုကို....... ဒီတစ်ပတ် ပိတ်ရက်ကျရင် ကိုကို အချိန်ရတယ်မလားဟင်........"
အဂ္ဂရေချိုးပြီး ပြန်ထွက်လာတုန်းမှာပဲ ရေချိုးခန်းရှေ့မှာ ရပ်စောင့်နေသည့် သူမကြောင့် မျက်ခုံးတွေ တွန့်ချိုးသွားရသည်။
အဲ့တစ်ယောက်လဲ တစ်နေ့တစ်နေ့ သူ အချိန်အားလား မအားလားကိုပဲ လိုက်မေးနေတာ မမောသေးဘူးလား မသိချေ။
မေးတဲ့ သူမက ဘယ်လိုနေလဲ မသိပေမယ့် ပြန်ဖြေရတဲ့ သူ့အတွက်တော့ ငြီးငွေ့စရာကောင်းလွန်းပြီး စိတ်လဲရှုပ်ရသည်။
ထို့ကြောင့် အဂ္ဂ ဘာမှပြန်မပြောဘဲ ကျော်ထွက်လာတော့လဲ နောက်ကနေ တကောက်ကောက် လိုက်လာသည်။
"ကျစ်...... မင်း ဘာလို့ ငါ့နောက်ကို တကောက်ကောက်လိုက်နေတာလဲ ဒဏ္ဍာရီ......."
"ကိုကိုမှ နာရီ မေးတာကို ပြန်မဖြေတာ......ဒီအပတ်ပိတ်ရက်က ကိုကို့ရဲ့ နားရက် မဟုတ်လားလို့......"
"မင်း ငါ့အကြောင်းတွေကို လိုက်စုံစမ်းနေတာလား ဒဏ္ဍာရီ ......"
"နာရီက ကိုကို့မိန်းမပါ ကိုကိုရဲ့ ...... ကိုကို့အမြင်မှာ နာရီက ကိုယ့်ယောကျာ်းအကြောင်းကိုယ် သိရဖို့အတွက် အဲ့လိုမျိုး တကူးတကလိုက်စုံစမ်းနေရတဲ့ ပုံစံ ဖြစ်နေပြီလား........"
"ဒါဆို ငါ့နားရက်ကို မင်းဘယ်လိုလုပ်ပြီး သိနေတာလဲ ......"
"ကိုမင်းခန့် ပြောပြတာ......"
"ကျစ် မင်းခန့်တစ်ယောက်နဲ့တော့ကွာ......"
နေရာတကာမှာ လျှာရှည်တတ်လွန်းသည့် သူငယ်ချင်းကို အဂ္ဂ စိတ်ထဲမှ မေတ္တာလှမ်းပို့ရင်း စုတ်သပ်လိုက်မိသည်။
"ကိုကို့နားရက်ကို နာရီသိတာ ကိုကို့အတွက် အဲ့လောက်ထိ စိတ်အနှောင့်အယှက်ဖြစ်သွားစေတာလား........."
"အပိုတွေ မပြောနဲ့ ဒဏ္ဍာရီ ...... လိုရင်းကိုပြော......"
"လိုရင်းကတော့ ကိုကို့နားရက်ကျရင် နာရီ့အတွက် အချိန်ပေးပါ......."
"ဘာ......."
"ပြီးခဲ့တဲ့လကရတဲ့ နားရက်တုန်းကလဲ ပရဟိတကိစ္စတွေနဲ့ ကိုကို အိမ်မှာ မရှိခဲ့ဘူး မဟုတ်လား ..... ဒီတစ်ခေါက်တော့ ရှားရှားပါးပါး နားရက်ရတုန်းလေးမှာ ကိုကို နာရီ့ကို အချိန်ပေးပါ...... "