💛Sweet Like Honey 💛
အပိုင်း 62
ညစာစားပြီးချိန် အဖွားရဲ့ အိမ်မှာ လူစုံတက်စုံရှိနေတုန်း ကလေး၂ယောက်ကို မူကြိုတက်ရမယ့်အကြောင်း ချိုရီ ပြောပြလိုက်တော့ သားက ပျော်သွားသလောက် ရောင်နီလေးကတော့ တဖြည်းဖြည်းနဲ့ ငိုမဲ့မဲ့လေး ဖြစ်လာလေသည်။
ကလေး ၂ယောက်ရဲ့ တုံ့ပြန်မှုကြောင့်လူကြီးတွေအကုန်လုံး အံ့သြသွားကြသည်။
နေရီ မှာလဲ မူကြိုထားဖို့အကြံကို သူမက ရခဲ့တာဆိုပေမယ့် အခု သူမရဲ့ သားလေးက ပျော်ပုံမရဘဲ ငိုတော့မလို ဖြစ်နေတာကြောင့် စိုးရိမ်သွားရသည်။
"ဘာလို့လဲ သား ...... ဘာဖြစ်လို့လဲ မာမီ့ကို ပြော...... "
နေရီ သားရဲ့ ကျောပြင်လေးကို ပွတ်သပ်ပြီး မေးလိုက်တော့ သားရဲ့ မျက်လုံးထဲမှ မျက်ရည်ဥလေးတွေက ပါးပြင်ပေါ်သို့ တစ်ဥချင်းစီ လိမ့်ဆင်းလာလေသည်။
"သားသား မူကြို တက်ချင်ဘူး ..... အိမ်မှာပဲ နေချင်တယ် မာမီ ......"
"မူကြိုကို မြူခိုးလေးနဲ့ သွားရမှာလေ သားရဲ့ ....... ပြီးတော့ တီတီချိုရီ ခုဏကပြောသလိုပဲ မူကြိုကျရင် သားမှာ သူငယ်ချင်းတွေ အများကြီး ရှိလာမှာလေ......."
"အီး....ဟီး....သားသား သူငယ်ချင်းတွေ အများကြီး မရှိချင်ဘူး......."
သားက ရုတ်တရက် ဘာကို ၀မ်းနည်းသွားမှန်းမသိဘဲ ရှိုက်ကြီးတငင် ထငိုတာကြောင့် နေရီ လန့်သွားရသည်။
"ဘာလို့လဲ ရောင်နီရဲ့ ...... မငိုရဘူးလေ...... ဘာဖြစ်လို့လဲ ငါ့ကို ပြောပြ......"
"မြူခိုး ..... မင်းလဲ မူကြိုမတက်ပါနဲ့နော်..... အီး ......"
ရောင်နီလေးက ငိုနေရင်းနဲ့ သားကိုပါ မူကြို မတက်ပါနဲ့လို့ ပြောလာတော့ သုတနဲ့ ချိုရီတို့ အကြည့်ချင်းဆုံသွားရသည်။
"ဖွားဖွားကြီး သားသားကို အဲ့က တစ်ရှူးလေး ပေးပါလားဟင်......."
သားက အဖွားရဲ့ ရှေ့မှာရှိနေသည့် တစ်ရှူးလေးကို လှမ်းတောင်းသည်။
"မြေးလေး ..... ရော့ "
သားက အဖွားပေးတဲ့ တစ်ရှူးလေးဖြင့် အစ်ကိုဖြစ်သူကို စိတ်ရှည်လက်ရှည်နဲ့ မျက်ရည်လေးတွေ သုတ်ပေးနေရှာသည်။