2

8.4K 942 46
                                    

ဘယ်သူကမင်းကိုကြည့်မှာလဲ

ဘယ်လောက်ကြာအောင်စီးလာခဲ့သည်မသိ၊ နေဝင်သွားပြီးနောက် ဆည်းဆာချိန်၏ကောင်းကင်က အရောင်တစ်ထပ်ခြယ်ထားသလိုအလွှာပါးနှင့်ရှိနေခဲ့ပေမယ့် ထူထပ်သည့်သစ်ပင်များနှင့်သစ်တောကတော့ အဆုံးမရှိပေ။

နာကျင်မှုကိုခံနိုင်ရည်ရှိသွားပြီဟု နဉ်ယိုးထင်လိုက်သည့်အချိန်မှာပဲ လမ်းပေါ်ကန့်လန့်ဖြတ်လဲကျနေသည့်သစ်ပင်တစ်ပင်က သူ့မြင်ကွင်းထဲဝင်လာခဲ့ပြီး မြင်းနက်ကြီးက ထိုအရာကိုကျော်ရန်ခုန်လိုက်သည့်အခါ သူ့ကမ္ဘာတစ်ခုလုံးက အနှေးပြကွက်နှင့်ဖြစ်သွားသည်။

...မဟုတ်သေးဘူး

နဉ်ယိုးကြောက်လန့်တကြားနှင့် မြေပြင်ကိုငုံ့ကြည့်လိုက်သည့်အခါ ဒီနေ့သူဘယ်လိုတောင်ကံဆိုးနေတာလဲဆိုတာ တွေးမိသွားသည်။

မြင်းရဲ့ခြေထောက်တွေက မြေပြင်ပေါ်ပြန်ကျလာပြီး ခွာသံက တဖန်ထွက်ပေါ်လာသည်။ နဉ်ယိုးကတော့ ကုန်းနှီးနှင့်တင်ပါးဆောင့်မိသည့်နာကျင်မှုကြောင့် ဝိညာဉ်ကခန္ဓာကိုယ်ထဲကထွက်သွားပြီဖြစ်ပြီး ကောင်းကင်ဘုံတစ်ဝက်ကိုပင် ရောက်နေလေပြီ။

ကံကောင်းထောက်မစွာပင်၊ မြင်းကြီးက သူ့ကျောပေါ်ကလူတစ်ယောက် တစ်ပိုင်းသေသွားတာကိုခံစားမိသည့်အလား၊ ခုန်ပေါက်နေတာကိုအရှိန်လျှော့လိုက်ပြီး အမြန်လမ်းလျှောက်နေသည့်အရှိန်နှင့်သာဆက်သွားနေခဲ့သည်။

ခုနလေးတင်ကမှရခဲ့သည့် မဟာ့မဟာနာကျင်မှုနှင့်ယှဉ်လိုက်ပါက ဒီလိုပြေးနေရာမှရသည့်နာကျင်မှုက ခံနိုင်သည့်အနေအထားဖြစ်ပြီး သိပ်ပြီးလည်းယားကျိကျိမခံစားရတော့ပေ။

နဉ်ယိုးလည်း အားတင်းထားသည်ကိုလျှော့ချလိုက်ပြီး သစ်တောကြီးကတဖြည်းဖြည်း သစ်ပင်တွေခပ်ကျဲကျဲဖြစ်လာသည်ကို ကြည့်နေခဲ့သည်။ မကြာလိုက်ခင်မှာပဲ မြင့်မားသည့်သစ်ပင်တွေရဲ့ ပင်စည်တွေနဲ့အရွက်တွေက မြင်ကွင်းထဲကပျောက်သွားပြီး ကျယ်ပြောသည့်လွင်ပြင်တစ်ခုက ပေါ်လာခဲ့သည်။

ခြံစည်းရိုးကာရံထားသည့်နေရာတစ်ခုလည်း ရှိလေပြီး ခြံစည်းရိုးအတွင်းတွင်တော့ နွားတစ်ကောင်နှင့် စိုက်ခင်းတစ်ခုအပြင် ထင်းပုံတစ်ပုံလည်းရှိသည်။ ခြံထောင့်တစ်နေရာတွင်တော့ မဆိုးလှသည့်သစ်လုံးအိမ်လေးရှိပြီး တံခါးရှေ့တွင်လိမ္မော်ရောင်မီးအိမ်လေးကို ထွန်းညှိထားသည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now