ချွေးမတက်
ရှောင်ကျောက်က မီဒီယာအင်တာဗျူးအတွက်ပြင်ဆင်ဖို့ ခေါင်းဆောင်လင်းရဲ့ရုံးခန်းကိုပြန်သွားခဲ့ပြီး၊ နဉ်ယိုးနဲ့လီမုကတော့ တစ်ယောက်လက်တစ်ယောက်တွဲကာ ရွာထဲမှာ အေးဆေးလျှောက်ပတ်ကြည့်နေကြသည်။
သူတို့နှစ်ယောက်က အလုပ်မလုပ်ချင်၍လျှောက်သွားနေတာမျိုးမဟုတ်ပါပေ၊ နဂိုကတည်းက သူဌေးတွေရဲ့အလုပ်က အစည်းအဝေးလေးလုပ်ပြီး ဆုံးဖြတ်ချက်ချပေးရတာမျိုးပဲမဟုတ်ပါလား။ ဆုံးဖြတ်ချက်ချပေးပြီးလျှင် အောက်ကဝန်ထမ်းတွေက သူတို့ဘာသာဆက်လုပ်ကြပါလိမ့်မည်။ သူတို့ကိုယ်တိုင်လုပ်ဖို့မလုပ်မျိုးဆိုတာ သိပ်လည်းမရှိပါချေ။
လမ်းလျှောက်နေရင်း နဉ်ယိုးလက်တွေအေးလာခဲ့တာကြောင့် လီမုရဲ့လက်ကိုကိုင်လိုက်ပြီး၊ လီမုရဲ့အိတ်ထောင်ထဲမှာ ထိုလက်ကိုသွားထည့်ထားလိုက်သည်။
လမ်းဆုံတစ်ခုကိုရောက်သည့်အခါ နဉ်ယိုးက ဘာမှမစဉ်းစားဘဲ ဘယ်ဘက်ကိုကွေ့လိုက်သည်။ လီမုက သူ့ကိုပြန်ဆွဲထားပြီးပြောလိုက်ပါ၏။
"ဘယ်သွားမလို့လဲ"
နဉ်ယိုးက သူ့ကိုကြည့်ပြီး ပြန်ပြောသည်။
"မူလတန်းကျောင်းကိုလေ၊ သွားကြည့်ကြည့်မလို့"
"အဲ့တာ ညာဘက်ကွေ့ရမှာ"
လီမုက လမ်းဘက်ကိုမေးငေါ့ပြသည်။
"ဟုတ်လို့လား"
နဉ်ယိုးက မယုံသင်္ကာဟန်လေးနှင့်မေးပြီး ညာဘက်ကွေ့တဲ့ လီမုနောက်ကိုလိုက်လာသည်။
"နှင်းတွေဖွေးနေအောင်ကျတော့ လမ်းတိုင်းကအတူတူပဲဖြစ်နေတယ်"
"နှင်းကြောင့်ဟုတ်လို့လား"
လီမုက နဉ်ယိုးရဲ့ခြေလှမ်းနဲ့ညီအောင် အရှိန်လျှော့ လျှောက်နေရင်း စနောက်လာသည်။
"မင်းက လမ်းမသိတဲ့ငတုံးဖြစ်နေလို့မဟုတ်ဘူးလား"
"ငါလမ်းမသိတဲ့ငတုံးမဟုတ်ပါဘူး"
နဉ်ယိုးကပြန်ငြင်းသည်။
"ဒီတိုင်း လမ်းတွေနဲ့ပတ်သက်ပြီးခွဲခြားနိုင်စွမ်းလေးလျော့နေရုံတင်"
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...