3

6.1K 881 34
                                    

သစ်ခုတ်သမား

သစ်လုံးအိမ်ကို သစ်သားဝရန်တာလေးက ပတ်ပတ်လည်ဝန်းရံထားသည်။ ချွတ်လိုက်သည့်အဝတ်တွေကို ဝရန်တာလက်ရန်းပေါ် နဉ်ယိုးတင်လိုက်လေပြီး ဘေးရှိကွန်ကရစ်ကျောက်ပြားပေါ်တွင် ခြေဗလာနှင့်ရပ်လိုက်‌၏။

ကွန်ကရစ်ကျောက်ပြားမှာက ရေလျှောဆင်းသွားစရာ ဆင်ခြေလျှောပါလေပြီး ထောင့်ဘက်နားတွင်လည်းရေဆင်းပေါက်ရှိသည်။ ဒါက လီမုပြောသည့် ပြုပြင်လို့မပြီးသေးသည့် "ရေချိုးခန်း" နှင့်ပင်တူနေတော့သည်။

ရေချိုးခန်းသုံးပစ္စည်းများကိုလည်း ကျောက်ပြား၏ဘေး မြေပြင်ပေါ်တွင်ချထားလေပြီး၊ ယင်းက ရေချိုးခန်းသုံးပစ္စည်းများဟု နာမည်တပ်ထားသော်ငြား ခေါင်းလျှော်ရည်တစ်ဘူးနှင့် ဆပ်ပြာတစ်ခဲသာဖြစ်လေ၏။

နဉ်ယိုး ဆပ်ပြာခဲကိုကောက်ယူပြီးအသာနမ်းကြည့်လိုက်တော့ တရုတ်တိုင်းရင်းဆေး၏ ဆေးဖက်ဝင်အပင်နံ့ခပ်ဖျော့ဖျော့ကိုရသည်။ လီမုဆီကရသည့် အနံ့မျိုးနှင့်အတူတူပင်။

ရနံ့ဆိုတာမျိုးက လူတစ်ယောက်ရဲ့ကိုယ်ပိုင်အရာမျိုးဖြစ်တာကြောင့် နဉ်ယိုး သူ့ကိုယ်သူတခြားသူရဲ့အနံ့စွဲသွားမှာကိုမလိုလားပေ။ သူကဆပ်ပြာခဲကိုမြေပေါ်ပြန်ချလိုက်သည်။

ထိုအခိုက်တွင် ဆောင်းဦးရာသီရဲ့ လေပြင်းကတိုက်ခတ်လာခဲ့သည်ကြောင့် နဉ်ယိုးတစ်ကိုယ်လုံးတုန်သွားသည်။

အအေးဒဏ်နှင့်ညစ်ပတ်မှုအကြားတွင် သူကတော့ အအေးဒဏ်ကိုသာခံလိုက်မည်ဖြစ်သည်။ ဆိုပေမယ့်လည်း ပထမဆုံးအကြိမ်အဖြစ်နဲ့ လေဟာပြင်ထဲရေချိုးရသည်က ထင်သလောက်တော့လွယ်ကူမနေပေ။ လေအေးတွေတိုက်လာတိုင်း နဉ်ယိုးရဲ့ အပေါ်မေးရိုးနဲ့အောက်မေးရိုးက သွားရိုက်မိလေပြီး ဂျစ်တစ်တစ်အသံများထွက်လာတတ်သည်။

ကံကောင်းထောက်မစွာနှင့်၊ ရေနွေးရဲ့အပူချိန်ကမြင့်‌တာကြောင့် နှစ်မိနစ် သုံးမိနစ်အကြာမှာပဲ သူ့ခန္ဓာကိုယ်ကအသားကျသွားလေပြီး ဘဝမှာရေချိုးခဲ့ဖူးသမျှထဲ အမြန်ဆုံးနှုန်းနှင့်ချိုးလိုက်လေတော့သည်။

လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳Where stories live. Discover now