မဟုတ်တာမလုပ်နဲ့
တူဗာရွာရဲ့အရှေ့ကလမ်းကို တည့်တည့်ဖြတ်လာခဲ့တော့ ဟန်းနက်စ်ရေကန်ရဲ့ ကမ်းစပ်နားရောက်လာသည်။
ဟန်းနက်စ်ရေကန်ရဲ့အလှကိုခံစားဖို့ အကောင်းဆုံးနေရာကတော့ တောင်ပေါ်မှာရှိသည့် မျှော်စင်မှဖြစ်သည်။ ဒါပေမယ့် အမြဲတမ်းလူစည်ကားနေတတ်သည့်မျှော်စင်အစား၊ လူသူအရောက်အပေါက်နည်းသည့် တောလမ်းလေးကနေလည်း ကမ်းစပ်ထိသွားကြည့်လို့ရပေသည်။ တချို့သောခရီးသွားတွေကသာ ဒီတောလမ်းကနေလာပြီး သဘာဝရဲ့သဘာဝအဆန်ဆုံးရှူခင်းတွေကိုလာကြည့်တတ်ကြသည်။
အခုက view point ဧရိယာတစ်ခုလုံးပိတ်ထားတာကြောင့် မျှော်စင်နားမှာ ဘယ်ခရီးသွားမှမရှိပေမယ့် မျှော်စင်ပေါ်တက်ဖို့ကအတော်မြင့်တာကြောင့် လီမု တောလမ်းကနေသာ နဉ်ယိုးကိုခေါ်လာခဲ့၏။ ဒီကရှုခင်းကလည်း မျှော်စင်ပေါ်ကကြည့်ရတာထက်တော့ အလှတရားမလျော့ပေ။
"ပင်လယ်ကမ်းခြေကျနေတာပဲ"
နဉ်ယိုးက အသက်ရှူသွင်းလိုက်ရင်းပြောသည်။
ဟန်းနက်စ်ရေကန်က တောနက်တွင်းကရေကန်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး ပတ်ဝန်းကျင်နှင့်လိုက်ကာအရောင်ပြောင်းတတ်သည်။ ယခုလက်ရှိမှာတော့ နီလာပြာရောင်ဖြစ်ကာ၊ ဘေးက ရွှေဝါရောင်တောအုပ်ကြီးနှင့် ယှဉ်တွဲရှိနေသည်။ လေပြင်းများတိုက်ခတ်လိုက်တိုင်းမှာ ရေမျက်နှာပြင်၌လှိုင်းတွေပေါ်လာတတ်ပြီး ထိုလှိုင်းတွေက ကမ်းစပ်နားထိပြေးလာကြသည်။ ရေလှိုင်းတွေရဲ့အသံနဲ့ လေရဲ့အသံရောနေပုံက ပင်လယ်နဲ့တူကာ၊ တနည်းနည်းဖြင့်ပြောရပါက ပင်လယ်ထက်ပင်ပိုလှနေသေးသည်။
ထိုရှုခင်းက နဉ်ယိုးအတွက်ပုံပြင်ဆန်နေပေမယ့် ဒီကိုမကြာခဏလာတတ်သည့်လီမုအတွက်တော့ ထိုမျှမဟုတ်ပေ။
နှစ်ယောက်သားက ရေကန်ဘေးမှတောလမ်းလေးထဲလမ်းလျှောက်နေကြပြီး၊ ရွှေဝါရောင်သစ်ပင်များကြားထဲမှ နေရောင်ဖြာကျနေခဲ့သည်မှာလည်း အချိန်တွေကုန်ဆုံးတာက ပြင်ပကမ္ဘာထက်နှေးနေသည့်အလား။
"လီမု"
နဉ်ယိုးက လက်တွေကိုလည်ပင်းနောက်မှာယှက်ထားလိုက်ပြီး လီမုကိုကြည့်ကာခေါ်လိုက်သည်။ ဘာစကားမှမစခင် လီမုနာမည်ကိုခေါ်ရသည်မှာ သူ့အကျင့်ပင်ဖြစ်နေလေပြီ။
YOU ARE READING
လူမယဉ်ကျေးအားစွဲလမ်းခြင်း ❲Complete❳
Fanfictionအထက်တန်းဆန်တဲ့သိမ်မွေ့မှုဆိုတာက နဉ်ယိုးရဲ့ ပင်ကိုယ်ဗီဇပင်။ သူက မယဉ်ကျေးတဲ့သူတွေကိုလည်း သဘောမကျပါသလို၊ သူအမုန်းဆုံးကတော့ ရိုင်းစိုင်းတဲ့အပြုအမူတွေဖြစ်၏။ ဒါပေမယ့်လည်း မတော်တဆဖြစ်ရပ်တစ်ခုကြုံခဲ့ရပြီး တောထဲမှာလမ်းပျောက်သွားသည့်အခါမှာတော့ နယ်စပ်က လူမယ...