အပိုင်း (၁၂)

2.3K 251 1
                                    

အပိုင်း (၁၂)

သေချာပါသည်။ ဒုစစ်သူကြီးကျောက်က ခဏလောက်ရပ်လိုက်ပြီးနောက် ကျန်းယွင်ကျူး၏ ဆိုင်ဘက်သို့ လျှောက်သွားလိုက်သည်။

အမျိုးသမီးချန်၏မျက်ခုံးများသည် ပျော်ရွှင်မှုများ လင်းဖြာနေတော့သည်။ သည်အချိန်တွင် သူမသည် ဒုစစ်သူကြီးကျောက်၏ ကြောက်စရာကောင်းသည့်အသွင်ပြင်ကို လုံးဝမကြောက်တော့ဘဲ ချက်ချင်း ရှေ့သို့ ထွက်သွားလိုက်၏။ သူမက အားတက်သရော မေးလိုက်တော့သည်။

“ ထိုင်ပါရှင်၊ ကျွန်မ ရှင်တို့အတွက် စွပ်ပြုတ်ယူလာပေးပါ့မယ်၊ ဘယ်နှစ်ပွဲလောက် ချပေးရမလဲ”

“ သုံးပွဲ”

မနေ့က ဟူလထန်း မသောက်လိုက်ရသည့် စစ်သားက ချက်ချင်း ပြန်ဖြေလိုက်၏။ သူသည် သည်နေ့တော့ စွပ်ပြုတ်ကို အရသာခံရတော့မည်။

အမျိုးသမီးချန်သည် အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်သုံးပွဲကို မြန်မြန်ယူလာပေးလိုက်သည်။

သည်ဖက်တွင် ကျန်းယွင်ကျူးက အသားပန်ကိတ်များကို လုပ်လိုက်ပြီး သူတို့ရှေ့ ချပေးလိုက်လေသည်။

ဒုစစ်သူကြီးကျောက်သည် သည်နေ့ စောစောရောက်လာခဲ့သည်။ စွပ်ပြုတ်နှင့်ပန်ကိတ်တို့သည် မနေ့ကထက် ပိုပူနေပြီး သူတို့ကို အရသာပိုရှိအောင် လုပ်ပေးနေလေသည်။

တစ်လုတ်စာအပြည့် စွပ်ပြုတ်တစ်ဇွန်းက ပူလောင်ကာ ချဥ်ဖြုန်းဖြုန်းနှင့် လူကို လန်းဆန်းသွားစေတော့သည်။ ထို့နောက် အသားပန်ကိတ် ပါးစပ်တစ်လုတ်စာအပြည့်က ကြွတ်ရွကာ နူးညံ့နေသည်။ သူတို့သည် သည်နေ့ရောက်လာသည်မှာ အချည်းနှီးမဖြစ်ဟု  ခံစားလိုက်ရတော့သည်။

စစ်သားနှစ်ယောက်ကလည်း မနားတမ်း စားသောက်နေ၏။

ဒုစစ်သူကြီးကျောက်က သည်နေ့တွင် တစ်ယောက်ထဲ အသားပန်ကိတ် ရှစ်ခုနှင့် စွပ်ပြုတ် ၂ပွဲ စားခဲ့သည်။ စစ်သားနှစ်ယောက်က အသားပန်ကိတ် လေးခုနှင့် စွပ်ပြုတ်တစ်ပွဲစီ စားလိုက်ကြသည်။ ကျန်းယွင်ကျူးသည် သက်ပြင်းချမိလေသည်။ ထင်ထားတဲ့အတိုင်းပဲ။ သူတို့တွေက တကယ့်အကြီးစား စားသောက်တဲ့သူတွေပဲ။

ကြမ္မာဖလှယ်ပြီးလေသော် (ဘာသာပြန်)Where stories live. Discover now