1

611 17 0
                                    

အုံ့မှိုင်းနေသည့် မိုးကောင်းကင်

တလိတ်လိတ်တက်လာသည့် မိုးတိမ်များ..

ယနေ့ မိုးတကယ်ရွာမည်ထင်ပါသည်။

ကျွန်တော် ကောင်းကင်ကို တစ်ချက် မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ပါသည်။
အတန်းပြီသွားသည့် အတွက် ကျောင်းသား ကျောင်းသူများကလည်း မိုးရွာမှာ ကြောက်သည့် အတွက် အမြန်ဆုံး ပြန်နေကြပါသည်။
ကျွန်တော်သာလျှင် ခြေလှမ်းမှန်မှန်ဖြင့် လမ်းမကြီးပေါ်တွင် လျှောက်သွားနေဆဲ။

မနေ့က ကျွန်တော့် ဆိုင်ကယ် ပျက်သွားသည့် အတွက် ပြင်ထားရပါသည်။ ၂ရက်လောက် ​ကြာမည် ဆိုသောကြောင့် ယနေ့ လိုင်းကားနဲ့သာ ပြန်ရဖို့များပါသည်။ သို့သော် ကျွန်တော် စိုးရိမ်ပူပန်ခြင်း မရှိ....

ကားဟွန်းတီးသံ ကြားရသည့် အတွက် ကျွန်တော် လှည့်ကြည့်မိပါသည်။

"ရောင်စဥ် နင့် ဆိုင်ကယ်ပျက်နေတာ မဟုတ်ဘူးလား "

ကျွန်တော်တို့ မကွေးနည်းပညာတက္ကသိုလ် ၏ အလှဆုံးလေးထဲက တစ်ယောက်။

ရေတံခွန်ကဲ့သို့ လှပသည့် ဆံနွယ်ပိုင်ရှင်၊ လူတိုင်းကို ပြုံးပြနိုင်သည့် အပြုံးပန်း သခင်မလေး၊ ထို့အပြင် ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသော သူဌေးသမီးတစ်ယောက်....

"ဟုတ်တယ် လှိုင်"

"ငါ နဲ့ အတူတူလိုက်ခဲ့..."

"တော်ပါပြီ ငါ လိုင်းကားပဲ စီးလိုက်မယ်"

ကျွန်တော် ငြင်းလိုက်တော့ လှိုင်က စိတ်ဆိုးကာ နှုတ်ခမ်းလေး ဆူနေပါသည်။

"ငါ့ကို ငြင်းတာလား..."

"တကယ်ပါ လှိုင်ရယ် ငါ အဆင်ပြေတယ်"

"ဒါဆိုလည်း ပြီးတာပါပဲလေ"

လှိုင်၏ ကားအဖြူရောင်လေးသည် ကျွန်တော့် ရှေ့မှ ဖြည်းဖြည်းကလေး ထွက်ခွာသွားပါသည်။

တစက်တစက်နဲ့ ကျဆင်းလာသည့် မိုးပေါက်များ....

ကျွန်တော် ခြေလှမ်းလေးကို ခပ်သွက်သွက် လျှောက်လိုက်မိသည်။

ကျွန်တော့် ဘေးနားသို့  ဆိုင်ကယ်တစ်စင်း ရောက်လာသည့် အတွက် ကျွန်တော့် ခြေလှမ်းများ တန့်သွားသည်။ ဤဆိုင်ကယ်သံသည် ကျွန်တော် မကြားလည်း မှတ်မိနေသည့် အသံတစ်ခု....

He is my ExWhere stories live. Discover now