29

173 6 0
                                    

ကျွန်တော် အိမ်ထဲသို့ ထော့နဲ့စွာဖြင့် ဝင်လာချိန်တွင် မေမေက အိမ်ရှေ့ခန်းတွင် စောင့်မျှော်နေပါပြီ။ မေမေ့မျက်နှာကို မမြင်ရခင်တည်းမှပင် မုန်တိုင်း၏ အရိပ်အယောင်ကို ကျွန်တော် ခံစားလိုက်ရပြီး ဖြစ်သည်။ ရှောင်လွဲဖို့ မစဉ်းစားဘဲ မေမေနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်လိုက်မိသည်။

"ဘာဖြစ်လို့ စကားနားမထောင်တာလဲ"

"မေမေကရော ဘာကြောင့် ဦးကို မကျေမနပ်ဖြစ်နေရတာလဲ"

ကျွန်တော် ရန်စချင်၍တော့ မဟုတ်။ ကျွန်တော်ဆိုသူက မေမေ သဘောမကျတာ ဘာတစ်ခုမှ လုပ်ခဲ့ဖူးသူမဟုတ်။ အကျိုးအကြောင်းမသိဘဲ ပြောသမျှ နားထောင်နေရအောင်လည်း ကလေးတစ်ယောက် မဟုတ်တော့။ ဘွဲ့ရပြီး အရာရာကို သေချာစဉ်းစားတွေးတောတတ်နေပြီ။

"သား...."

မေမေ့အသံက သိသိသာသာ ကျယ်လာပါသည်။ မေမေက အမြဲတမ်း လေပြေအေးသာ ဖြစ်သာ လေသံမာမာနဲ့ ပြောခဲ့ဖူးသည်မှာ ကိုသက်နှင့် တွဲခဲ့စဉ်အချိန်နှင့် ယခုသာ ရှိသည်။ သို့အတွက် မေမေနှင့် ဦး၏ ဆက်ဆံရေးသည် များစွာ ရှုပ်ထွေးနေမည်မှာ ခန့်မှန်းစရာပင် မလိုပေ။

ဘယ်လိုပဲဖြစ်ဖြစ် မေမေပြောပြတာကို သိမှ ဖြစ်မည်။

"ဦးက ဘယ်သူဖြစ်နေလို့လဲ"

"သူက လူကောင်းတစ်ယောက်မဟုတ်ဘူး၊ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတတ်တဲ့ ကိုယ်ချင်းစာနာစိတ် တစ်စက်မှ မရှိတဲ့ လူကြီးပဲ၊ သားတော့ ဘာတွေရထားလို့ တွယ်ကပ်နေလဲ မသိဘူး"

မေမေက ၇အိမ်လောက်ကြားအောင် အားကုန် အော်ဟစ်နေသည်။

ဦးက ငွေနှင့် ဖြေရှင်းတတ်တာကိုတော့ သတိထားမိခဲ့သားပဲ။ ဒါပေမဲ့ ကျွန်တော် တစ်ခုခုကို မျှော်လင့်မိတယ်၊ ရချင်တာ ရှိလို့ ဆိုတဲ့ စကားကတော့ နားထဲမှာ သံရည်ပူလောင်းချလိုက်သလို ဖြစ်သွားသည်။ ဤကဲ့သို့ စကားမျိုး ပြောဖူးသူက ကိုသက်ဖေဖေအပြင် တစ်ခြားသူ မရှိလောက်ဟု ထင်သော်လည်း ယခုက မေမေကိုယ်တိုင်က ပြောနေတော့ အလွန်ပင် နေရခက်လာသည်။

"မေမေ အဲ့သည်လိုတော့ မပြောသင့်ဘူး"

ကျွန်တော့် အသံတုန်ယင်လာသည်။ ပုန်ကန်နေသည်ဟုလည်း မမြင်စေချင်။ အခြေအနေထပ် မဆိုးလာခင် သည်နေရာက အမြန်ဆုံး ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ထိုင်ခုံမှ ထလာစဉ် မေမေက လှမ်းအော်လိုက်သည်။

He is my ExWhere stories live. Discover now