32

190 6 0
                                    

လင်း မနိုးလာသေးခင် ကျွန်တော် အရင်ထသွားလိုက်သည်။ အသိလည်း မပေးချင်။ အရက်မသောက်ထားသော်လည်း ခေါင်းတစ်ခုလုံး နောက်ကျိကာ ထိုးကိုက်နေသည်။ ကိုက်နေသည့် ခေါင်းကို သာ ဖိထားရင်း

ကျွန်တော်မနေ့က ဆိုင်ကယ်နဲ့ လာခဲ့တာ၊ သို့သော် လင်းနဲ့ ပြန်ခဲ့သည်မို့ ဆိုင်ကယ်က လှိုင့် ဆီမှာသာ...သို့အတွက် ဆိုင်ကယ် အရင်ယူပြီးမှ ပြန်လိုက်မိသည်။

အိမ်ပြန်ရောက်တော့ ၇နာရီခွဲ...မေမေ ရှိမနေပါစေနဲ့လို့ မျှော်လင့်နေမိသည်။ သို့သော် ဆုတောင်း မပြည့်ခဲ့။ ကျွန်တော် ပြန်မရောက်မလာချင်း အလုပ်မသွားဟု သန္နိဌာန် ချထားသည်ထင်။ ဧည့်ခန်း အတွင်းတွင် စိတ်ပူပန်မှုများနှင့် အတူ ဒေါသပါ ရောယှက်နေသည့် အသွင်ဖြင့် ထိုင်နေသည်။

"ပြန်ရောက်ပါပြီမေမေ...."

"ညက ဘယ်သွားတာလဲ "

"အော်.....လှိုင်ရဲ့ ဆိုင်ဖွင့်ပွဲပါ မေမေ...."

"​မပြန်မအိပ်ဖြစ်တာရော ဘာကြောင့် မ​ပြောတာလဲ"

စက်သေနတ်ပစ်သကဲ့သို့ တရစတ်ပြောနေသည့် မေမေ။ ​ပြောသည့် စကားများအရ လင်းရော၊ ဖေဖေပါ ခွင့်မတောင်း ထားသည်ကို သိနေသည်။ ခွင့်မတောင်း ခဲ့တာလည်း ကောင်းပါသည်။ မဟုတ်လျှင် ဖေဖေနှင့် အကြောင်းမဲ့ စကားများကြဦးမယ်သာ...။

"ဟိုလူ့ ဆီမှာ အလုပ်လုပ်ဖို့တော့ စိတ်ကူး မရှိဘူး မဟုတ်လား "

ဟိုလူတဲ့....မေမေ့၏ အငြိုးအတေးကတော့ ဒီတစ်သက် ပြေပျောက်နိုင်မည် မထင်ပါ။

"မေမေ...အချိန်တွေလည်း ကြာပါပြီ အခုထိ ခွင့်မလွတ်နိုင်သေးဘူးလား"

ကျွန်တော် မေမေနှင့်အတူ ဝင်ထိုင်ဖို့ရန် စိတ်ကူးမပေါ်လာသေးဘဲ ဝင်လာသည့် အတိုင်း မတ်တပ်ရပ်မြဲသာ။

"သား ကြုံတွေ့ခဲ့ရတာမှ မဟုတ်တာ မေမေ့ကို နားလည် မပေးနိုင်ပါဘူး"

"သား ဘယ်မှာအလုပ်လုပ်မယ် ဆိုတာက သားကိစ္စပါ...မေမေ အဲ့သည်လောက်အထိ တားမြစ်ဖို့တော့ မသင့်တော်ဘူး"

"မေမေ မကြိုက်ဘူးလေ"

"မေမေတို့ ပြဿနာဟာ မေမေတို့ အတွက်တော့ ယောက်ျား မိန်းမ ပြဿနာဖြစ်နေပေမဲ့၊ ကျွန်တော့် အတွက်တော့ မိဘနှစ်ဦးရဲ့ ပြဿနာပဲ၊ ကျွန်တော် မပြောဖြစ်ပေမဲ့လည်း တစ်ခါတစ်လေတော့လည်း အရမ်း စိတ်ဆင်းရဲတာပဲ"

He is my ExWhere stories live. Discover now