28

173 6 0
                                    

အပန်းရောင် နှင်းဆီပန်းလေးများက လှပစွာ ပွင့်လန်းနေကြသည်။ လိပ်ပြာလေးအချို့က ပန်းပွင့်လေးများ အပေါ်တွင် ဝဲနေကာ ပန်းကလေးများ၏ အလှကို အားဖြည့်ပေးနေသည်။ လေတိုက်လိုက်တိုင်း မွှေးပျံ့လာသည့် ရနံ့က ပန်းမကြိုက်သော ကျွန်တော်ကို စိတ်ကြည်လင်အောင် လုပ်ပေးနေသည်။

ပန်းကလေးများ၏ အလှတရားကို ခံစားပြီးမှသာ ရေလောင်းမိသည်။ အပွင့်များ မကြွေကျစေရန်အတွက် ပို၍ ဂရုစိုက်မိသေးသည်။

အမှန်တကယ်တော့ ကျွန်တော် အလုပ်အကိုင်မရှိဘဲ မတရားအားနေခြင်း။ အပင်များက ရေမလောင်းလျှင်လည်း ကောင်းကောင်းရှင်သန်နိုင်ဆဲဖြစ်သည်။ အိမ်ကို အရမ်းလွမ်းသောလည်း အမှန်တကယ် အိမ်တွင် နေရတာ ကြာလာသည့် အခါ ငြီးငွေ့လာသည်တော့ အမှန်ပင်။

ထိုစဉ် ဦးထံမှ ဖုန်းဝင်လာသည့် အတွက် ပြုံးမိသွားသည်။ အနည်းဆုံးတော့ ၁လ ခန့်အကြာတွင် ဖုန်းခေါ်ရန် သတိရလာသေးသည် ထင်ပါသည်။ ကျွန်တော်တို့တွင် ဘာအကန့်မှ မရှိသောလည်း ဒီအတိုင်း ကျေနပ်နေပါသည်။

"ဟဲလို ဦး"

"ရောင်စဉ် သား ဒီနေ့ အားသလား"

"ဟုတ်ကဲ့ အားတယ်ဗျ"

"ဒါဆို လင်းနဲ့ အတူတူ အလုပ်တစ်ခုခုလုပ်ပေးလို့ရမလား"

ကျွန်တော် ဦးဆီတွင် အလုပ်လုပ်မည်ဟု သဘောမတူရသေး။ ဦးနှင့် ပတ်သတ်၍လည်း မေမေ့ကို မေးရန် အနည်းငယ်ပင် အစမပျိုးရသေး။ ဦး၏ ပဟေဠိကို အဖြေမရှာရသေးသည့် အတွက် တွေဝေနေမိသည်။

"သားရယ် ဦးက မကွေးကို မလာနိုင်သေးလို့၊ လင်းနဲ့ အတူတူ ဆိုင်တစ်ဆိုင်ကို သွားကြည့်ပေးလို့ ရမလား"

"ကျွန်တော် ဦး နဲ့ သဘောမတူရသေးဘူးလေ"

"သားရယ် ဒီတစ်ခုလေးပါပဲ၊ ပြီးတော့ မကွေးမြို့ဆိုတာက သားရဲ့မြို့ဆိုတော့ အဆင်ပြေမှာပါ"

"ဒါပေမဲ့ ဦး"

"လုပ်ပါ သားရယ်...."

ဦးက တောင်းဆိုနေပြန်တော့ မနေတတ်။ ဦးအပေါ်တွင် ကျေးဇူး ကလည်း များစွာ တင်ထားနေသည့် အတွက် ငြင်းဆန်ရန်လည်း မသင့်တော်ပေ။ အခု အလုပ်လက်မဲ့လည်း ဖြစ်နေသည့် အတွက် ဘာပဲဖြစ်ဖြစ် လုပ်လိုက်ချင်သည်။

He is my ExWhere stories live. Discover now