ပထမနှစ်ဝက်သည် ပျင်းစရာကောင်းစွာ ပြီးဆုံးသွားသည်။ ကျွန်တော် မပျော်၍လား မသိ စိတ်ဝင်စားစရာကိစ္စများလည်း မရှိခဲ့။
သီဟက သူ့ရွာကို လိုက်လာရန်ပြောသော်လည်း ငြင်းလိုက်မိသည်။ ကျွန်တော် အရမ်းပျင်းနေပြီလား မသိတတ်။စာမေးပွဲနောက်ဆုံးရက်တွင် လင်း လာကြိုပါသည်။ လင်းသည် ငြီးငွေ့ခြင်းမရှိဘဲ အကြိုအပို့ လုပ်ငန်းကို နေ့စဉ်ဆောင်ရွက်လေ့သည်။
"စာမေးပွဲ ဖြေနိုင်လား "
"ဟုတ်ကဲ့ "
"ရောင်စဉ် စာမေးပွဲက ဒီနေ့ပြီးသွားလို့ တော်သေးတယ်"
ကျွန်တော် ခါးပတ်ပတ်ထားကာ လင်းအမူအယာကို ကြည့်ရင်း မေးမိသည်။
"ဘာလို့လဲ လင်း"
"နောက်၂ရက်နေရင် ကိုယ်လာကြိုပေးနိုင်မှာ မဟုတ်တော့ဘူးလေ ကိုယ်အိမ်ပြန်မလို့"
"လင်း ခွင့်ရက် ရလို့လား "
လင်း၏ ကားက တက္ကသိုလ်ဝင်းထဲကနေ တရွေ့ရွေ့ ထွက်ခွာသွားသည်။ အပြင်ဘက်တွင် ရေပက်နေကြသူ များလည်း ရှိသကဲ့သို့၊ မခွဲနိုင်၍ အလွမ်းသည်နေကြသည့် ချစ်သူများလည်း ရှိလေသည်။ ထိုမြင်ကွင်းများကို ကြည့်ကာ ပြုံးမိသေးသည်။
"အွန်း....ကိုယ့်မွေးနေ့ ရှိတာကြောင့်လည်း ပြန်ရမယ်"
လင်း မွေးနေ့....
ကျွန်တော် အပြင်ဘက်ကို ကြည့်နေသည့် အကြည့်များကို လင်းဆီကို ပို့လိုက်မိသည်။
"ဘာလို့ကိုယ့်ကို အဲ့သည်လို ကြည့်နေတာလဲ၊ မျက်လုံးတွေကလည်း အရောင်လက်လို့"
ကားစတီယာတိုင်ကို ကိုင်ထားသည့် လင်းလက်ကို ဖက်တွယ်မိတော့သည်။
"ကျွန်တော်လိုက်ခဲ့ချင်တယ်"
"ဟမ်...."
လင်း အံ့ဩသွားသည့်အတွက် ကားကိုပင် မထိန်းနိုင်ပင် ဖြစ်သွားသည်။ လင်းက ဘာတွေအဲ့လောက်ဖြစ်နေမှန်း မသိတော့ မျက်မှောင်ကြုတ်ထားလိုက်မိသည်။
"လင်း အရှေ့ကိုကြည့်...ပါးစပ်လေးကိုလည်း ပိတ်ဦး"
"ရောင်စဉ်က ဘာလို့လိုက်ချင်တာလဲ"
YOU ARE READING
He is my Ex
Romance"ကျွန်တော်တို့ လမ်းခွဲခဲ့တာဟာ ကျွန်တော့် ဘဝရဲ့ အဆုံးသတ်လို့ ထင်မှတ်ခဲ့ပေမယ့် မှားတယ် ဒါဟာ အရာအားလုံးရဲ့ အစပဲ"