34

218 5 0
                                    

ကျွန်တော် မရှိခဲ့တဲ့ ၉လမှာ ဒီမြို့လေးဟာ အရင်အတိုင်း မပြောင်းလဲဘဲ ရှိနေဆဲ။ သို့သော် တစ်ခုတည်းသော ပြောင်းလဲသွားချက်ကြောင့် အရူးတစ်ယောက်လို ဖြစ်ခဲ့ရပြန်သည်။

ပြန်ရောက်လာသည့် အချိန် ဖေဖေ လာကြိုပါသည်။ လင်းကတော့ မအားလို့ ဖြစ်မည် ထင်သည်။ သက်တံ့၏ message တစ်စောင်လည်း ရောက်လာသည်။ မေမေ့၏ နွေးထွေးသော ရင်ခွင်ထဲသို့လည်း ခိုလှုံခွင့် ရခဲ့သည်။ သို့သော် လင်းက အရိပ်အယောင် မပေါ်လာသေး။

"ဖေဖေ...လင်းရော..."

ဖေဖေ မကြိုက်ဘူး ဆိုတာ သိရင်တောင် လင်းအကြောင်း မေးစရာက ဖေဖေသာ ရှိပါသည်။ ကျွန်တော် အထုပ်အပိုးတွေ ကို ခဏချပြီး နားရန်ပင် စဉ်းစား၍ မအား။

ဖေဖေက မဖြေ....ဟုတ်ပါတယ် ဘယ်ဖြေလိမ့်မလဲ....လင်းကို အရမ်း မုန်းနေတာ နေမှာပါ။

အနားယူဖို့ ဆိုတာ စိတ်ကူးမရှိ၊ လင်းအခု ဘယ်ရောက်နေတာလဲ။ ကားဂိတ်သို့ ကျွန်တော် ဆိုင်ကယ်စီးပြီး ထွက်လာလိုက်သည်။

"ဟဲလို လင်း...."

၃ကြိမ်မြောက် ဆက်တိုက် ခေါ်ပြီး သွားမှ လင်းက ကိုင်လာသည်။ ဘာပဲဖြစ်ဖြစ် ဖုန်းတော့ ကိုင်သေးလို့ တော်ပါသေးသည်။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့သည့် နေ့မှလွဲ၍ ဖုန်းပင် မပြောဖြစ်ခဲ့ကြ...

"ဘယ်မှာလဲ...ကျွန်တော့်ကို လာမကြိုဘူး...တောင်ကြီး ရောက်နေတာလား...."

လင်းက ချက်ချင်းမဖြေပါ.....

"ကိုယ် အိမ်ပြန်သွားတာ...."

"အော်....လင်း ခွင့်ရက်ရတဲ့ အချိန်နဲ့ ကိုက်သွားတာလား...."

"ကိုယ့် ဖေဖေနေမကောင်းလို့ပါ...."

ကျွန်တော် လင်းကို မတွေ့ရသော်လည်း အားရစရာ မကောင်းသည့် လေသံကြောင့် စိတ်ပူနေမိသည်။ ခံစားချက်သိပ်မကောင်းဘဲ တစ်ခုခု ဖြစ်လာတော့ မလိုမျိုးပဲ....

"ဟုတ်လား....ဦးက ဘာဖြစ်တာလဲ"

"အင်း....ဆီးချိုတက်တာ လို့ ပြောတာပဲ ဖေဖေ့မှာ ဆီးချိုရှိတာ ကိုယ်တို့လည်း အခုမှ သိတာ..."

He is my ExWhere stories live. Discover now