27

170 5 0
                                    

မွှေးပျံ့နေသည့် ထမင်းကြော်အနံ့က အခန်းအတွင်း ပျံ့လွင့်လာသည်။ ငှက်ကလေးများ၏ အသံကြောင့် နိုးထလာမိသည် မဟုတ်သော်လည်း မေမေ့လက်ရာဆိုသည့် အသိနှင့်တင် ပြုံးစေနိုင်သည်။ ကျွန်တော် အမြဲတမ်းလွမ်းနေသည့် အရာလေးများထဲက တစ်ခု။

မျက်နှာ အမြန်ဆုံးသစ်ကာ မီးဖိုချောင်ထဲသို့ ပြေးသွားမိသည်။ မီးဖိုတွင် ချက်ပြုတ်နေသည့် မေမေ့ကို မြင်တော့ ပြေးပြီး ဖက်ထားလိုက်မိသည်။ သနပ်ခါးနံ့လေးကို ရနေသဖြင့် ကျွန်တော့် မေမေအစစ်။ ကျွန်တော် မယုံကြည်နိုင်သော်လည်း အိမ်ပြန်ရောက်နေပြီ။

"အဲ့သည်လို ဖက်ထားတော့ မေမေက ဘယ်လိုချက်ရတော့မှာလဲ "

"လွမ်းတယ်မေမေ"

အမေးနှင့် အဖြေသည် ဆက်စပ်မှု မရှိပေ။ သို့သော် မေမေက ရယ်သည်။

"ပိတ်ရက်တွေတောင် ပြန်မလာဘဲနဲ့ အခုမှ လွမ်းနေသေးတယ်"

ပြန်သာ မလာတာ စိတ်ထဲတွင်တော့ အမြတမ်း သတိရနေမိသည်။ ကျွန်တော် ဘာမှဆက်မပြောဘဲ မေမေ့ကျောပြင်ကိုသာ ခေါင်းနှင့် တိုးခွေ့နေမိသည်။

"လွတ်တော့ ထမင်းစားရအောင်"

အလွတ်ပေးလိုက်ရာ ထမင်းပွဲတွင် ပြင်ဆင်စရာများ ပြင်လိုက်သည်။ သို့သော် ဘာမှမရှိ။ ချဥ်ပေါင်ရွက် ဟင်းရည်တစ်ခုသာ ရှိသည်။

မေမေပြင်ထားသည့် ထမင်းကို စားရတော့ ပြုံးမိပြန်သည်။ အချိန်များသာ ပြောင်းလဲသွားသော်လည်း မေမေ့လက်ရာသည် ထူးခြားစွာ ပြောင်းလဲသွားခြင်းမရှိ။ ယခင်ကဲ့သို့ လက်စမမှန်စမြဲ။ ဤအချင်းအရာလေးက အစ ကျွန်တော် ချစ်မိပါသည်။

"စားလို့ကောင်းလား"

အမှန်တိုင်းဖြေရလျှင်တော့ စား၍ သိပ်မကောင်း၊ သို့သော် စားလို့ မရတာလည်း မဟုတ်ပါ။

"ကောင်းပါတယ် မေမေ"

မေမေစိတ်ချမ်းသာရန် အတွက် တစ်ခါတစ်ရံတွင် မုသားလေးများလည်း သုံးရသေးသည်။

"ကျွန်တော့် သူငယ်ချင်းတွေ သတင်းကြားသေးလား"

ထမင်းတစ်လုတ်လောက် ထပ်စားပြီး မေးဖြစ်သည်။ တကယ်တမ်းသိချင်သည်က သူငယ်ချင်း အကြောင်းတစ်ခုတည်းသာ မဟုတ်။ ကိုသက်အကြောင်းကိုသာ ပိုသိချင်သည်။

He is my ExWhere stories live. Discover now